ဧရာဝတီတိုင်း ပုသိမ်မြို့ မြကျွန်းသာအိမ်ရာအတွင်း ဖြတ်သန်း သွားလာနေသူများကို အရက်သေစာ သောက်စား မူးယစ် ရမ်းကားပြီး တုတ်ဓားများဖြင့် ဝိုင်းဝန်းရိုက်နှက်သည့် ပုသိမ်မြို့ခံ လူငယ် ၁၀ ဦးကို ရဲတပ်ဖွဲ့က သြဂုတ် ၂၆ ရက်တွင် ဖမ်းဆီးခဲ့ကြောင်း သတင်း ရရှိသည်။
“လတ်တလော ကျနော်တို့ စစ်ဆေး ပေါ်ပေါက်ချက်အရ မြကျွန်းသာ အိမ်ရာထဲမှာ ဖြတ်သန်းသွားလာသူတွေကို ဒီ လူငယ် တွေက မူးယစ်ရမ်းကားပြီး ရိုက်နှက်ခဲ့တာဖြစ်တယ်။ လက်ရှိတော့ ပြစ်မှုကျူးလွန်ရာမှာ ပါဝင်သူ လူငယ် ၁၀ ဦး လုံးကို ဖမ်းမိထားပြီး ဖြစ်ပါတယ်”ဟု ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က ဧရာဝတီကို ပြောသည်။
သြဂုတ်လ ၂၅ ရက်နေ့ ည ၆ နာရီခန့်က မြကျွန်းသာ အိမ်ရာအတွင်း ဆိုင်ကယ် ၃ စီးဖြင့် ဖြတ်သန်း သွားလာသူ ၆ ဦး နှင့် ဆိုင်ကယ်စီး သင်နေသူ လူ ၄ ဦးကို အသက် ၂၂ အရွယ် မင်းသူ ဆိုသူ အပါအဝင် လူငယ် ၁၀ ဦးက မူးယစ် ရမ်းကား ကာ တုတ်ဓားများဖြင့် အကြောင်းမဲ့ ဝိုင်းဝန်း ရိုက်နှက်ကြသည့် အတွက် လူ ၁၀ ဦး ဒဏ်ရာများ ရရှိခဲ့ပြီး ပုသိမ်မြို့ ပြည်သူ့ဆေးရုံ၌ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရသည်ဟု ဆိုသည်။
ရိုက်နှက်ခံရသဖြင့် ပုသိမ်ဆေးရုံ၌ တက်ရောက် ကုသနေသူ ၁၀ ဦးတွင် ဦးခေါင်းပေါက်ပြဲ ပြတ်ရှဒဏ်ရာ၊ ဘယ်ညာ လက်များ နာကျင် ပေါက်ပြဲဒဏ်ရာတို့ ရရှိထားပြီး လူနာ ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေ ရှိကြောင်း၊ ၎င်းတို့ စီးနင်း လာသည့် ဆိုင်ကယ် ၃ စီးကိုလည်း ဆိုးသွမ်းလူငယ်များက ရိုက်နှက် ဖျက်ဆီးခဲ့သဖြင့် ပျက်စီးခဲ့ကြောင်း ဧရာဝတီ တိုင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
ပုသိမ်မြို ကရုဏာ လူမှုကူညီရေး အသင်း ဥက္ကဋ္ဌ ဦးစိုးမြင့်က“လူငယ်တွေ ငယ်ငယ်ရွယ်ရွယ်နဲ့ ရာဇဝတ်မှု ကျူးလွန်ဖို့ မကြောက်တော့တာ အရမ်းစိုးရိမ်စရာ ကောင်းတယ်။ ပတ်ဝန်းကျင်မှာက အရက်နဲ့ မူးယစ်ဆေးဝါး ပေါများလာခြင်းက လူငယ်တွေ ပျက်စီးဖို့လမ်းစတွေ ဖြစ်လာတယ်။ အဲဒါတွေ သုံးပြီးရင် ဘာကိုမှ လုပ်ဖို့ဝန်မလေးတဲ့ အနေအထားတွေ ဖြစ် နေတာ။ ဒါကို အုပ်ချုပ်ရေး တာဝန်ရှိသူတွေ ရော၊ အရပ်ဘက် အဖွဲ့အစည်းတွေနဲ့ မိဘတွေ ပူးပေါင်းပြီး ဖြေရှင်း ဆောင်ရွက် ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်”ဟု ပြောသည်။
ရိုက်နှက်ခံရသူများက အမှုဖွင့် တိုင်တန်းသည့် အတွက် ပုသိမ်ခရိုင် ရဲတပ်ဖွဲ့မှူး ကြီးကြပ်မှုဖြင့် ပုသိမ်မြို့မ ရဲစခန်းနှင့် နယ်မြေ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ဒုစရိုက်နှိမ်နင်းရေး တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် လိုက်လံ ဖမ်းဆီးခဲ့ရာ မင်းသူ အပါအဝင် လူငယ် ၇ ဦးကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၁ နာရီခန့်တွင် ပုသိမ်မြို့ မဉ္ဇူလမ်း ရှိ KTV တခုတွင် ဖမ်းဆီးရမိခဲ့ပြီး ကျန်လူငယ် ၃ ဦးကို နံနက် ၁၁ နာရီတွင် ဖမ်းဆီး ရမိခဲ့ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံး က သိရသည်။
ရိုက်နှက်မှုဖြင့် ဖမ်းဆီး ခံထားရသူများမှာ ဉာဏ်လင်းဦး (၁၆ နှစ်)၊ ကောင်းခန့်ကျော် (၁၇ နှစ်)၊ မိုးကြီး (ခ) ရှိန်းကို (၁၇ နှစ်)၊ သက်ဝေအောင် (၁၈ နှစ်)၊ ကျော်လင်းထွန်း (၁၈ နှစ်)၊ ထွေးကို (ခ) ထွေးကြီး (၁၈ နှစ်)၊ ဝိုင်းချစ် (၁၈ နှစ်)၊ ဝေလင်းနိုင် (၁၉ နှစ်)၊ မင်းသူ (၂၂ နှစ်)နှင့် မင်းမင်းလတ် (၂၂ နှစ်) တို့ဖြစ်ပြီး အဆိုပါ လူငယ်များမှာ ပန်းရံ၊ သံပန်း လုပ်သား၊ စက်ရုံ လုပ်သားနှင့် ကျပန်း အလုပ်လုပ်ကိုင်သူများ ဖြစ်ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများတွင် ပါရှိသည်။
လမ်းသွားလမ်းလာများကို တုတ်ဓားများဖြင့် ရိုက်နှက်ခဲ့သူ အဆိုပါ လူငယ် ၁၀ ဦးအား ပုသိမ်မြို့မ ရဲစခန်းမှ (ပ)၅၅၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃၊ ၃၂၅၊ ၄၂၇၊ ၂၉၄၊ ၁၁၄ တို့ဖြင့်လည်းကောင်း၊ (ပ)၅၆၇/၂၀၁၉၊ ရာဇသတ် ကြီး ပုဒ်မ ၃၂၆၊ ၃၃၆၊ ၃၅၄၊ ၃၂၃၊ ၅၀၆၊ ၁၁၄ တို့ဖြင့်လည်းကောင်း အမှုဖွင့် ဖမ်းဆီးထားသည်။
ဒုရဲမှူးကြီး ထွန်းရွှေက “ဒီဖြစ်စဉ်မှာဆိုရင် အသက် ၁၆ နှစ်၊ ၁၇ နှစ် အရွယ်လေးတွေတောင် ပါနေတယ်။ ငယ်ငယ် ရွယ်ရွယ်နဲ့ ရာဇဝတ်မှု ကျူးလွန် တာတွေ မဖြစ်အောင် မိဘတွေအနေနဲ့ ကိုယ့်သားသမီးတွေကို ဂရုတစိုက် စောင့်ရှောက် ဖို့ လိုအပ်တယ်။ ကိုယ့်သားသမီး ဘယ်တွေသွားပြီး ဘာတွေလုပ်နေသလဲ၊ ဘယ်သူတွေနဲ့ ပေါင်းနေသလဲ၊ ဘယ်လို အမူ အကျင့်ဆိုးတွေ ရှိနေပြီလဲဆိုတာ ဂရုစိုက်ဖို့လိုတယ်။ သွန်သင်ဆုံးမ ပဲ့ပြင်ပေးမှုတွေ လုပ်ဆောင်ဖို့ လိုပါ တယ်”ဟု ပြောဆို သည်။
လတ်တလောတွင် ရဲတပ်ဖွဲ့က အသက်ပြည့်ပြီး ဖြစ်သည့် လူငယ် ၇ ဦးကို ပုသိမ်မြို့မ ရဲစခန်းတွင် ချုပ်ရမန်ယူ၍ ဖမ်းဆီး ထားပြီး အသက်မပြည့်သေးသူ လူငယ် ၃ ဦးကို တရားရုံးအမိန့်ဖြင့် အချုပ်ခန်း မဟုတ်သည့် သီးခြား နေရာ တွင် ထိန်းသိမ်းထားကာ ပုသိမ်မြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေး ဆောင်ရွက်နေကြောင်း သိရသည်။