တိုင်းပြည်တခုကို မည်သည့်စနစ်ဖြင့် အုပ်ချုပ်သည်ဖြစ်စေ အဓိက လိုအပ်ချက်မှာ ပြည်သူ့ စားဝတ် နေရေးနှင့် ဘဝလုံခြုံရေးဖြစ်ကြောင်း၊ ၎င်းတို့ နဝတ၊ နအဖ အစိုးရများလက်ထက်က လူထုကို ထမင်းဝဝ ကျွေးနိုင်အောင် ကြိုးစားခဲ့သည်ဟု စက်မှုဝန်ကြီးဟောင်း ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က ယနေ့ လွှတ်တော်တွင် ပြောသည်။
မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ စက်မှုဝန်ကြီးဟောင်း ဦးမောင်မြင့် က “အစိုးရ တရပ်ဟာ ဆိုရှယ်လစ်နဲ့ ပဲ အုပ်ချုပ် အုပ်ချုပ်၊ ဒီမိုကရေစီနဲ့ပဲ အုပ်ချုပ် အုပ်ချုပ် ၊ စစ် အစိုးရနဲ့ပဲ အုပ်ချုပ် အုပ်ချုပ်၊ အဓိက လိုတာကတော့ ပြည်သူရဲ့ စားဝတ်နေရေး ၊ လူမှုရေးကို လူတန်း စေ့အောင် ဖြည့်ဆီးပေးနိုင်ဖို့နဲ့ ပြည်သူ့ဘဝ လုံခြုံဖို့ပါဘဲ” ဟုလွှတ်တော် အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးခဲ့သည်။
ဆက်လက်ပြီး ၎င်းက “နဝတ၊ နအဖ အစိုးရလက်ထက်မှာလည်း အဲဒီအခြေခံမူအရပဲ လူထုကို ထမင်းဝဝကျွေးနိုင်အောင် ကြိုးစားခဲ့တာ ဖြစ်တယ်။ ပြည်တွင်း အတိုက်အခံတွေ၊ ပြည်ပရောက် အတိုက်အခံတွေ၊ နိုင်ငံတကာ ဖိအားနဲ့ ဆန်ရှင်တွေ ကို ကြံ့ကြံ့ခံရင်း လုပ်ခဲ့ရလို့ အခုအစိုးရအတွက် ပိုပြီး ခက်ခဲမယ်ဆိုတာ စဉ်းစားစရာတောင် မလိုပါဘူး”ဟု ပြောသည်။
ဆိုရှယ်လစ် စီးပွားရေး စနစ်တွင် စီးပွားရေး လုပ်ငန်းအားလုံးကို နိုင်ငံတော်က ကမကထ လုပ်ပြီး Subsidize (အ ထောက်အပံ့) လုပ်ရင်း ပြည်သူများ ထမင်းဝဝ စားနိုင်ရန် ရုန်းကန်ကြိုးစားခဲ့ ကြောင်း၊ စေတနာထားပြီး လုပ်ခဲ့ခြင်းမှာ ငြင်း၍ မရကြောင်း ဦးမောင်မြင့်က ဆက်ပြောသည်။
ယမန်နေ့က ကျင်းပသည့် ပြည်သူ့လွှတ်တော်တွင် ချောက် မဲဆန္ဒနယ်မှ ဦးဘိုကြည် တင်သွင်းသည့် စက်မှု ဝန်ကြီးဌာန၏ နိုင်ငံတော်ပိုင် စက်ရုံများမှ နိုင်ငံပိုင် စက်ရုံ၊ ပုဂ္ဂလိကပိုင် ပြုလုပ်လိုသည့် စက်ရုံ၊ စက်မှု နယ်မြေနှင့် လတ်တလော ရပ်ဆိုင်း ထားသော စက်ရုံများအား ပြည်သူ့ဘဏ္ဍာများ ဆုံးရှုံးမှု မရှိစေရန် နှင့် နိုင်ငံတော်အတွက် အမြန်ဆုံး အကျိုးရှိအောင် ဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း အဆိုကို ဆွေးနွေးစဉ် ဦးမောင်မြင့်က အထက်ပါ အတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်ထွန်းကမူ ထိုအချိန်က ကျွေးခဲ့သည့် ထမင်းမှာ သမာအာဇီဝ ကျကျ နှင့် ဂုဏ်သိက္ခာ မရှိ သည့်အတွက် မှားယွင်းသည့် စနစ်ဖြင့် ကျွေးခဲ့ခြင်း ဖြစ်ကြောင်း၊ NLD အစိုးရကမူ မှန်ကန်သည့် စနစ်ဖြင့် ဂုဏ်သိက္ခာရှိရှိ ထမင်းဝဝ ကိုယ်တိုင်ရှာစား နိုင်ရန်အတွက် နည်းလမ်း ဖော်ဆောင် ပေးနေ ကြောင်း ပြောပြီး “ကျနော်တို့က မှန်ကန်တဲ့ စနစ်နဲ့ ဂုဏ်သိက္ခာ ရှိရှိထမင်း ဝဝ စားနိုင်အောင် ဖန်တီးပေးမှာပါ” ဟု ဆိုသည်။
အာဏာရ NLD ပါတီမှ ပြောရေးဆိုခွင့် ရှိသူ ဒေါက်တာ မျိုးညွှန့်ကလည်း “တနိုင်ငံလုံးနဲ့ ခြုံပြီး ကြည့်တဲ့ အခါမှာ တခါ တရံမှာ တချို့လူ အုပ်စု တခုက မကျေနပ်တာတွေလည်း ရှိကောင်းရှိမယ်။ နိုင်ငံနဲ့ လူမျိုးအတွက် အရေးတကြီး လိုအပ်တဲ့ ကိစ္စမျိုး ဖြစ်ရင်တော့ ပုဂ္ဂိုလ် တဦးတယောက် အကျိုးထက် အများ အကျိုးကို ရည်ရွယ်ပြီး လုပ်ရတာတွေ ရှိတယ်” ဟု ပြောသည်။
၂၀၀၇ ခုနှစ် မတိုင်မီတွင် စက်သုံးဆီ ဈေးနှုန်းမှာ အခမဲ့ ရရှိသည့် ဈေးနှုန်းကဲ့သို့ ရောင်းချပေးနိုင် ခဲ့ကြောင်း ၊ ၂၀၀၇ ခုနှစ်တွင် စက်သုံးဆီ ဈေးနှုန်း မြင့်တက် ရောင်းချမှုကြောင့် အရေးအခင်း ဖြစ်ခဲ့ကြောင်း၊ ယခုခေတ် ဈေးနှုန်း တက်တိုင်း အရေးအခင်း ထဖြစ်မည် ဆိုပါက တရက်မှ နားရမည် မဟုတ်ကြောင်း ဦးမောင်မြင့်က ယခုခေတ် လျှပ်စစ်မီတာခများကို ဈေးနှုန်းတက်မှုများကို ဥပမာပေး၍ ထောက်ပြ ဆွေးနွေးခဲ့သည်။
“အရင်တုန်းက ပြည်သူလူထု မဆင်းရဲဘူး ဆိုတာက ဆင်းရဲကြောင်းကိုတောင်မှ မပြရဲခဲ့ကြတာ။ ဒီနေ့မှာ ပြည်သူလူထုက လွတ်လွတ်လပ်လပ် ပြောဆိုနိုင်ပြီ။ သူတို့ရဲ့ နာကျင်မှုတွေ၊ လိုအပ်မှုတွေ ထုတ်ပြောလာကြပြီ။ အဲဒီတော့ အစိုးရက ပြင်ဖို့ကြိုးစားလာတယ်။ ယခင်အစိုးရထက် အခွင့်အရေး ပိုရလာတယ်လို့ ယူဆတယ်” ဟု ပျဉ်းမနားမြို့မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က မှတ်ချက်ပြု သည်။
ဦးမောင်မြင့်သည် လက်ရှိ NLD အစိုးရကို လွှတ်တော်တွင် ဝေဖန်လေ့ ရှိသူတဦးဖြစ်ပြီး လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနက စွမ်းအင် စီမံကိန်းကြီး ၄ ခုကို တင်ဒါ ခေါ်ယူမှု မရှိသည့် အပေါ်ကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ဖူးသည်။
သူသည် တပ်မတော်မှ ဗိုလ်မှူးချုပ် အဆင့်ဖြင့် အငြိမ်းစား ယူခဲ့သူဖြစ်ပြီး ယခင် အစိုးရလက်ထက်တွင် နိုင်ငံခြားရေး ဒု ဝန်ကြီး၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန စက်မှုဝန်ကြီးဌာန ဝန်ကြီးတာဝန်များ ထမ်းဆောင်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲ၌ ကြံ့ခိုင်ရေး ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ပြီး စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင် ရရှိခဲ့သူ ဖြစ်သည်။
You may also like these stories:
အမှားကို အမှန်လုပ်သည့် လွှတ်တော်အဖြစ် “သမိုင်းတွင် ချင်သလား” ဟု တပ်မတော် မေး
၂၀၂၀ ရွေးကောက်ပွဲ ဟန်ပြမလုပ် စံပြလုပ်မည်ဟု ကော်မရှင် ဥက္ကဌ ကတိပေး
USDP ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်း ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်၌ ထည့်သွင်းမှု ဥပဒေနှင့် မညီဟု ဆို
၂၀၂၀ အလွန် ပါတီတခုတည်း အစိုးရ မဖွဲ့နိုင်ဟု သူရဦးရွှေမန်း ခန့်မှန်း