တရုတ်-မြန်မာနယ်စပ် မူဆယ်ဘက်ရှိ ကုန်စည်ဒိုင်များကို တခြားမြို့များသို့ ပြောင်းရွှေ့ရန် စဉ်းစား နေကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ကုန်သွယ်မှုမြင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သက်လွင်ဦးက “နယ်စပ်ကုန်သွယ်ရေး ကောင်းဖို့ အတွက် ကျနော်တို့ ကော်မတီဖွဲ့ပြီးတော့ လမ်းကြောင်း ထပ်ရှာရမှာ။ ဥပမာ ချင်းရွှေဟော်နဲ့ မူဆယ်ဆိုရင် တလမ်းထဲက ခွဲတာ။ သိန္နီရောက်မှ ခွဲသွားတာ။ ကုန်စည်ဒိုင်တွေကို တရုတ် အနှိမ်မခံရ အောင် နောက်ပိုင်းမှာ တင်ပို့လို့ရတာတွေကို နောက်ကို ဆုတ်ထားရင် လုံခြုံတာပေါ့” ဟု ဧရာဝတီသို့ ပြောသည်။
မြန်မာ့ကုန်ပစ္စည်းများကို ဈေးနှိမ်မှုမှ ကာကွယ်ရန်နှင့် သွားလာရေး ခက်ခဲမှု၊ လမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေရန်နှင့် မြန်မာနိုင်ငံအတွက် အကျိုးအမြတ်ရရှိစေရန် ယင်းသို့ လုပ်ဆောင်မည် ဖြစ် ကြောင်း သိရသည်။
ဆက်လက်၍ ဒေါက်တာ သက်လွင်ဦး က “ကုန်စည်ဒိုင်ရှိတဲ့ နယ်စပ်မှာ မဝယ်ဘဲနဲ့ ဝယ်လက်ကို သိန္နီ အထိ တက်ဝယ်တဲ့ ပုံစံမျိုးပေါ့။ သူတို့လာမဝယ်ရင် အခြားဇုန်ဖြစ်တဲ့ ချင်းရွှေဟော်ကနေ တင်ပို့မယ်။ ကိုယ့်မှာ ရွှေးချယ်စရာ လမ်းရှိသွား အောင်။ အဲဒီလိုပုံစံမျိုး ဖြစ်အောင် နောက်ပိုင်းမှာ နောက်ကို ဆွဲထုတ်ဖို့ စဉ်းစားနေတယ်”ဟု ရှင်းပြသည်။
ယင်းသို့ ပြောင်းရွှေ့ရန်အတွက် အသေးစိတ်ညှိနှိုင်းဆွေးနွေးမှုများ လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကုန်စည်ဒိုင်များတွင် ကုန်စည်ပြပွဲကြီးများ ကျင်းပခြင်းကိုလည်း နောက်ပိုင်းတွင် တရုတ်-မြန်မာ နယ်စပ် မြို့ဖြစ် သော မူဆယ်မြို့တွင် လုပ်ဆောင်တော့မည် မဟုတ်ဘဲ လာရှိုးကဲ့သို့သော အတွင်းပိုင်းမြို့များတွင် ပြောင်းရွှေ့ လုပ်ဆောင် သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။
မြန်မာ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ဗဟိုဌာန တာဝန်ခံလည်း ဖြစ်သူ ဒေါက်တာသက်လွင်ဦးက “နယ်စပ် ကုန်စည်ပြပွဲ တွေကို ကျနော်တို့က အရင် နယ်စပ်မှာ လုပ်တယ်။ နောက်ပိုင်း မလုပ်တော့ ဘူး။ လားရှိုးလောက်မှာ လုပ်မယ်။ ဘာဖြစ် လို့လဲဆိုရင် မူဆယ်မှာ လုပ်တဲ့အခါ မပြည့်စုံတော့ ကျနော် ဘက်က ကုန်သည်တွေ လူတွေကလည်း ယူနန်ဘက်မှာ သွားပြီး ထမင်းသွားစားတယ်။ အိပ်တယ်။ ပြီးမှ မနက်ကုန်စည်ပြပွဲလာတယ်။ ဟိုဘက်က တရုတ်ကလည်း မိုးလင်းမှ ထလာတယ် ဆိုတော့ ပွဲသာလုပ်တာ ကျနော်တို့နိုင်ငံအတွက် ဘာမှ မကျန်ခဲ့ဘူး” ဟု ပြောသည်။
ထို့ကြောင့် လာမည့် နိုဝင်ဘာလတွင် ကျင်းပ ပြုလုပ်မည့် နှစ်နိုင်ငံ နယ်စပ်ကုန်စည်ပြပွဲကို မူဆယ်မြို့ တွင် ပြုလုပ်မည့် အစား လားရှိုးမြို့၌ ပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင် ဒု ဥက္ကဋ္ဌ ဦးအောင်သက်ဦးက “ဒီလိုလုပ်ဖို့တော့ မလွယ်ဘူး။ ကွတ်ခိုင်လောက်ထိက အဆင်မပြေဘူး။ ရွှေ့မယ်ဆိုရင် မန္တလေးထိ ရွှေ့ရမှာပဲ။ ပိုကောင်းလာမလား ဆိုတာတော့ စမ်းသပ်ကြည့်မှပဲ သိရမယ်။ ဒါပေမယ့် တရုတ်ဝယ်လက်က ခေါ်ဖို့ ခက်မယ်။ အခုတောင် မူဆယ် ၁၀၅ မိုင်ကို လာဖို့ မနည်းခေါ်ရတာ” ဟု ဧရာဝတီသို့ ပြောသည်။
လတ်လော၌ သစ်သီးဝလံ ကုန်စည်ဒိုင်၌ ရာသီချိန် မဟုတ်သဖြင့် အရောင်းအဝယ် ပါးနေပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ် ရေးဇုန်၏ ကုန်သွယ်ရေးသည်လည်း ကုန်သွယ်မှု မရှိသလောက် ဖြစ်နေကြောင်း ၎င်းက ဆိုသည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ် တောက်ကာ မူဆယ် နယ် စပ် ကုန်သွယ်ရေးဇုန်၌ ကုန်သွယ်မှု ပမာဏ ၁ ရက်လျှင် အမေရိကန် ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးလျက် ရှိသည့် အပြင် သယ်ယူပို့ဆောင်ရေး ကုန်ကားပိုင်ရှင်များ၊ ကားသမားများ အလုပ်လက်မဲ့ ဖြစ်ခြင်း၊ ခရီးသွားများ သွားလာရေး ရပ်ဆိုင်း ရခြင်း ဖြစ်ကာ စီးပွားရေးနှင့် လူမှုရေး လုပ်ငန်းများ ထိခိုက်နစ်နာလျက် ရှိကြောင်း စီးပွား ကူးသန်းနှင့် လုပ်ငန်းရှင်များ ထံက သိရသည်။
ဆက်စပ်လင်ခ့်
တိုက်ပွဲကြောင့် မူဆယ်နယ်စပ် ကုန်သွယ်ရေး တနေ့ ဒေါ်လာ ၄ သန်းကျော် ဆုံးရှုံးနေဟုဆို