အိမ်အကူအဖြစ် လုပ်ကိုင်ခဲ့ပြီး သေဆုံးခဲ့သည့် မကရင်မကို လှေကားပေါ်မှ ပြုတ်ကျခဲ့စဉ်က ရသည့် ဒဏ်ရာများကို ဆေးကုသပေးခဲ့ကြောင်း ပါဝင်သည့် ရုပ်သံဖိုင်တခုကို သက်သေခံအဖြစ် သံသယတရားခံ ဒေါ်သိင်္ဂီစုက ယမန်နေ့ သြဂုတ် ၂၇ နေ့ရုံးချိန်းတွင် တင်သွင်းခဲ့ကြောင်း သိရသည်။
သံသယတရားခံ ဒေါ်သိင်္ဂီစု၏ ခင်ပွန်းက “မကရင်မကို ဆေးကုပေးတဲ့ အချိန်မှာ မကရင်မနဲ့ ဒေါ်သိင်္ဂီစုတို့ ဒေါ်ခင်ခင်ဦးတို့ ဆေးကုပေးတဲ့ ဗွီဒီယိုရုပ်သံဖိုင် ၁ ဖိုင်ရှိပါတယ်။ မကရင်မက လှေကားပေါ်က ပြုတ်ကျလို့ ဒဏ်ရာတွေ ရခဲ့တယ်ဆိုတဲ့ အကြောင်း သူကိုယ်တိုင် ဆရာဝန်ကို ရှင်းပြနေတဲ့ ဗွီဒီယို မှတ်တမ်းဖိုင်လေးပါ ဒါကို သက်သေခံတရပ်အဖြစ် တင်ပြလျှောက်ထားပါတယ်” ဟု ပြောသည်။
အဆိုပါ သက်သေခံ တင်သွင်းမှုကို နောက်တပတ်ရုံးချိန်းတွင် လက်ခံမှု ရှိ၊ မရှိ တရားရုံးမှ အမိန့် ချမှတ်မည် ဖြစ်ကြောင်း သိရသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် လေအေးပေးစက်ပုံးကို မခဲ့ရာမှ လှေကားပေါ်က ပြုတ်ကျခဲ့သဖြင့် ဒဏ်ရာ ဒဏ်ချက်များ ရရှိခဲ့ခြင်း ဖြစ်ကြောင်းနှင့် နာတာရှည် ရောဂါများ ရှိကြောင်းကို ဒေါ်သိင်္ဂီစုက ယခင်ရုံးချိန်းများတွင် ထွက်ဆိုခဲ့ဖူးသည်။
ထို့ပြင် ဒေါ်သိင်္ဂီစုက သေဆုံးသူ အိမ်အကူ မကရင်မနှင့် အတူနေထိုင်ခြင်း မရှိသဖြင့် ကိုယ်ထိ လက်ရောက် ရန်ဖြစ်ခြင်း၊ စကားများခြင်းများ၊ ခြေထောက်ဖြင့် ကန်ခြင်း၊ ကျောက်ပျဉ်နှင့် ထုခြင်းများ မရှိကြောင်း သြဂုတ် ၆ ရက်နေ့ ရုံးချိန်းတွင် ထွက်ဆိုထားသည်။
ဒေါ်သိင်္ဂီစုသည် ၎င်း၏ ရှေ့နေများကို ပြီးခဲ့သည့် ရုံးချိန်းတွင် ပါဝါရုပ်သိမ်းလိုက်သည့် အတွက် စစ်ဆေး မေးမြန်းမှုကို မလုပ်နိုင်ခဲ့ဘဲ ယနေ့ရုံးချိန်းတွင်မှ ရှေ့နေ့အသစ် ပါဝါတင်ခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
တရားလိုရှေ့နေ ဒေါ်စန်းစန်းမြင့်က”သူ့ရှေ့နေကို ပါဝါ တင်တယ်။ သူ့ရှေ့နေကလည်း စစ်ပေးတယ်။ နောက်တချိန်းကိုလည်း သူ့ကိုပဲ ဆက်စစ်မှာပေါ့။ တရားရုံးက နောက်တစ်ချိန်း သက်သေခံ လက်ခံမယ် လက်မခံဘူးဆိုတာ အမိန့်ချပေးမယ်လို့ ပြန်ချိန်းတယ်” ဟုပြောသည်။
သေဆုံးသူ အိမ်အကူ မကရင်မသည် ဒေါ်သိင်္ဂီစု နေအိမ်တွင် အိမ်အကူ လုပ်ကိုင်ခဲ့ခြင်း ဖြစ်ပြီး ယမန်နှစ်က တွံတေး မြို့နယ် ခတ္ထိယကျေးရွာ အုပ်စု အုပ္ဖိုလ် ကျေးရွာရှိ ၎င်းနေအိမ်သို့ ဥပဒေ အရာရှိလည်း ဖြစ်သည့် ဒေါ်သိင်္ဂီစု က လာရောက် ပို့ဆောင်ခဲ့ပြီးနောက် ၁ နာရီခန့် အကြာတွင် သေဆုံးခဲ့ခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ဇွန်လတွင် စတင် ဖြစ်ပေါ်ခဲ့သည့် ယခု အမှု၌ တရားလိုပြ သက်သေ ၂၈ ဦးနှင့် ပြန်ခေါ် သက်သေ ၉ ဦး ကို စစ်ဆေးခဲ့ပြီး ဖြစ်သည်။ ထို့ပြင် တရားခံပြ သက်သေအဖြစ် ၁၈ ဦး တင်သွင်းထားကြောင်းလည်း သိရသည်။
ဆက်စပ်ဖတ်ရှုရန် –
မကရင်မ အမှု သံသယ တရားခံကို တသက်တကျွန်း ပုဒ်မနှင့် စွဲချက်တင်
မကရင်မနှင့် အတူမနေသဖြင့် နှိပ်စက်ခဲ့ခြင်း မရှိကြောင်း အိမ်ရှင် ဒေါ်သိင်္ဂီစု ထုချေ
မကရင်မ လှေကားပေါ်က ပြုတ်ကျ ဒဏ်ရာရခြင်း ဖြစ်ကြောင်း သံသယ တရားခံ ထွက်ဆို
အိမ်အကူ မကရင်မ ဆွဲကြိုးခိုးဖူးကြောင်း သက်သေတင်သွင်းမှု တရားရုံး ပယ်ချ