လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြောင့် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အစိုးရ ရပ်တည် နေနိုင်ခြင်းကို မမေ့ရန်လိုကြောင်း တပ်မတော်သား ကိုယ်စားလှယ်တဦးက သတိပေး ပြောဆိုလိုက်သည်။
ယနေ့ ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထား မှတ်ချက် အစီရင်ခံစာကို ဆွေးနွေးစဉ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးသူဇာရွှေက ပြောသည်။
ဗိုလ်မှူး သူဇာရွှေက“လက်ရှိ ဖွဲ့စည်းပုံကြောင့် သမ္မတ ဦးထင်ကျော်၊ ဦးဝင်းမြင့် အစိုးရ၊ ယခု လွှတ်တော်နှင့် လွှတ် တော် ဥက္ကဋ္ဌများ၊ လစာ ၁၀ သိန်း လစဉ်ရနေတဲ့ လွှတ်တော် အမတ်များ တည်ရှိနေတာကို မမေ့ကြဖို့ လိုပါတယ်”ဟု လွှတ်တော် တွင် ပြောဆိုသည်။
ထို့ကြောင့် ၂၀၀၈ အခြေခံ ဥပဒေ အပါအဝင် တည်ဆဲဥပဒေများကို တိကျစွာ လိုက်နာပြီး ထမ်းဆောင်ရမည့် တာဝန် ဝတ္တရားများကိုလည်း ဖြောင့်မတ် မှန်ကန်စွာ ဆောင်ရွက်သွားရမည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ပြင်ဆင်ရေးလမ်းကြောင်း အခန်း ၁၂ အတိုင်း မဆောင်ရွက်ဘဲ ပူးပေါင်းကော်မတီဖွဲ့၍ ဆောင်ရွက်ခြင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP) က သီးခြား တင်ပြလာသည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး အချက်များကိုလည်း ယင်းပူးပေါင်း ကော်မတီအောက်သို့ ထည့်သွင်း နေခြင်း များကို တပ်မတော်က ကျေနပ်မှု မရှိကြောင်း သိရသည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာ ရပြီး ၃ နှစ် အကြာတွင် ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းရင်း မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထိုနေ့က ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို အဆုံးအဖြတ်ရယူရာ USDP နှင့် တပ်မတော်တို့က သဘောမတူသဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက်သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦးဖြင့် အတည် ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် NLD ပါတီမှ ပြည်သူ့ လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ယင်းပူးပေါင်း ကော်မတီကို ဦးဆောင်ပြီး ပါတီ အစုအဖွဲ့ အသီးသီးမှ လူပုဂ္ဂိုလ် ၄၅ ဦးဖြင့် ကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့သည်။
NLD က ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံပြီး၂၀၁၅ ရွေးကောက်ပွဲကို ဝင်ခဲ့ခြင်းသည် အခြေအနေအရ ဖြစ်ကြောင်း၊ ၂၀၀၈ ဖွဲ့ စည်းပုံသည် ဖြစ်စဉ်တခုသာ ဖြစ်ပြီး အနှစ်သာရ မဟုတ်ကြောင်း၊ ရွေးကောက်ပွဲဝင်ပါက ၂၀၀၈ အခြေခံ ဥပဒေကို ထောက်ခံရမည်ဟု မည်သူက သတ်မှတ်ထားပါသလဲဟု NLD ပါတီမှ ဗဟို ပြန်ကြားရေး တာဝန်ခံ မုံရွာအောင်ရှင်က ဧရာဝတီသို့ ပြောသည်။
မုံရွာအောင်ရှင်က“ကျနော်တို့က အစကတည်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို သဘောမတူပါဘူး။ ဆန့်ကျင်ပါ တယ် ဆိုပြီးတော့ ပြောလာခဲ့တာ။ ဒါပေမယ့် အခြေအနေ အချိန်အခါ အရ ဝင်တယ်ဗျာ။ ထောက်ခံတယ်လို့ ဝင်တယ် လို့များ ထင်နေလို့လား မသိဘူး။ ဘယ်အရာပဲဖြစ်ဖြစ် လိုအပ်ချက်နဲ့ ရွေးချယ်မှု ဆိုတာ ရှိတာပဲ”ဟု ဆိုသည်။
၎င်းက ဆက်၍“ကျနော်တို့ရဲ့ လိုအပ်ချက်နဲ့ ရွေးချယ်မှုက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးပဲလေ။ လိုအပ် ချက်အရ အခြေအနေတခု အရ ဝင်ပြီးတော့ အလုပ်လုပ်တာပဲ။ အဲဒါကို ကျနော်တို့က တသက်လုံး စောင့်ထိန်းနေရမှာ လား။ လုပ်ဖို့ရှိတာ ဆက်လုပ်ရမှာ။ ပါတီရဲ့ မူဝါဒ၊ တမျိုးသားလုံးရဲ့ မူလို့ပဲ ပြောချင်တယ်”ဟုလည်း ပြောဆိုသည်။
၂၀၀၈ အခြေခံ ဥပဒေသည် ပေါ်ချင်၍ ပေါ်လာသည့် ဥပဒေ မဟုတ်ဘဲ ၁၉၈၈ ခုနှစ်တွင် အာဏာသိမ်းပြီး တရားမဝင် အစိုးရ ဖြစ်နေသည့် စစ်အစိုးရသည် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို တွေ့ကြုံရသည့်အခါ စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ၎င်းဆုတ်ခွာနိုင်ရန် ယခု အခြေခံ ဥပဒေကို ထုတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့မှ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“၂၀၀၈ အခြေခံ ဥပဒေဆိုတာ စစ်တပ်က တို့ကို သနားလို့ သဘောကျလို့ ကြိုက်လို့ ပေါ်လာတာ မဟုတ်ဘူး။ အကြပ် ကိုင်ပြီးတော့ အနိုင်ကျင့်ပြီးတော့ လူဦးရေတွေ မှားပြီးတော့ ၅၁ သန်း ရှိတာကို ၅၇ သန်းလို့ ပြောလို့ပြော။ အခြေခံ ဥပ ဒေကို ဆန့်ကျင်ရင် ထောင် ၅ နှစ်ကနေ နှစ် ၂၀ ကျမယ်လို့ ဥပဒေတွေထုတ်ပြီး စစ်အာဏာရှင် တည်မြဲရေး လုပ်လာ တဲ့ ဥပဒေပဲ။ ဒါကြောင့် ဒီဥပဒေကို ဘာမှ ကျေးဇူးတင်စရာ မရှိဘူး”ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါ တပ်မတော်သား အမျိုးသမီး ကိုယ်စားလှယ်က ယခင်အစိုးရ၊ ယခင် လွှတ်တော် ကိုယ်စားလှယ်များသည် လည်း ယခု ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့်ပင် ကတိသစ္စာပြုကာ တိုင်းပြည်တိုးတက်ရေး ဆောင်ရွက်ခဲ့သည့် အပြင် တရားမျှတသည့် ရွေးကောက်ပွဲများ ကျင်းပပြီး လက်ရှိ အစိုးရအား အာဏာလွှဲပြောင်းပေးခဲ့ကြောင်း လွှတ် တော်တွင် ပြောဆိုခဲ့သည်။
ယခု ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပုဒ်မပေါင်း ၄၅၇ ခု ရှိရာ နိုင်ငံရေးပါတီ ၁၄ ခု၊ တသီး ပုဂ္ဂလများ၊ တပ်မတော်သား ကိုယ်စားလှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီက ပြင်ဆင်ရမည့် အချက်ပေါင်း ၃၇၀၀ ကျော် ပါရှိသည့် အစီရင်ခံစာ တရပ် ပြုလုပ်ပြီး ဇူလိုင်လ တွင် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြထားပြီး ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသားပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ USDP ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
ယခု ဆွေးနွေးလျက် ရှိသည့် အဓိက အကြောင်းအရာမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင် သည့် ဥပဒေ မူကြမ်းနှင့် ပတ်သက်၍ ဆွေးနွေးရမည် ဖြစ်သော်လည်း ဆွေးနွေးသည့် တပ်မတော်သား ကိုယ်စားလှယ် များက ပူးပေါင်း ကော်မတီနှင့် ယင်းကော်မတီ၏ အစီရင်ခံကိုသာ ပြင်းပြင်းထန်ထန် ဝေဖန်ကြသည်ကို တွေ့ရသည်။
လက်ရှိ အချိန်အထိ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဒုတိယ အကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း လေ့လာ စိစစ်ရေး ပူး ပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင် ဆက်လက် ဆွေးနွေးနေဆဲပင် ဖြစ်သည်။
You may also like these stories:
အမှားကို အမှန်လုပ်သည့် လွှတ်တော်အဖြစ် “သမိုင်းတွင် ချင်သလား” ဟု တပ်မတော် မေး
USDP ဖွဲ့စည်းပုံ ပြင်ဆင်ရေးမူကြမ်း ပူးပေါင်းကော်မတီ လုပ်ငန်းစဉ်၌ ထည့်သွင်းမှု ဥပဒေနှင့် မညီဟု ဆို
ဖွဲ့စည်းပုံပြင်ဆင်မှု နိုင်ငံ အချုပ်အခြာ အာဏာ ထိခိုက်မည်ကို စိုးရိမ်ဟု တပ်မတော်ပြော
ဖွဲ့စည်းပုံ ပြင်ဆင်ခြင်းထက် အသစ်ရေးဆွဲလိုခြင်း သဘောသက်ရောက်နေ ဟု ရခိုင်အမတ် ထောက်ပြ