ရှမ်းပြည်နယ် မြောက်ပိုင်း သိန္ဒီ-ကွမ်လုံ-ချင်းရွှေဟော် လမ်းကြောင်းပေါ်ရှိ တံတားတစင်း မိုင်းခွဲ ဖျက်ဆီးခံရပြီး လားရှိုး မြို့ နယ်၊ နမ့်ပေါင်ရှိ တပ်ရင်းဌာန ချုပ်တခုလည်း တိုက်ခိုက်ခံရကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောသည်။
မြောက်ပိုင်း မဟာမိတ် အဖွဲ့င် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) က လုပ်ဆောင်ခဲ့ကြောင်း သိရပြီး တံတားမှာ သြဂုတ် ၂၇ ရက်နေ့ည ၁၁ နာရီခန့်က မိုင်းခွဲဖျက်ဆီးခံခဲ့ရခြင်းဖြစ်ပြီး နမ့်ပေါင်မြို့ပေါ်မှ တပ်ရင်းကိုတော့ ယနေ့မနက် ၆ နာရီခန့်က တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “သိန္ဒီ-ကွမ်လုံ-ချင်းရွှေဟော် လမ်းကြောင်းပေါ်မှာရှိတဲ့ နားတီးရွာနားက တံတားတစီးကို TNLA က မိုင်းခွဲ ဖျက်ဆီးလိုက်တယ်။ ပြီးတော့ လာရှိုးမြို့နယ် နမ့်ပေါင်က တပ်ရင်းတရင်းကို လက်နက်ကြီးနဲ့ အဝေးကနေ ဒီမနက် ၆ နာရီ လောက်မှာ အပစ်ခံရတယ်။ တပ်ထဲကို လက်နက်ကြီး ကျည်မကျဘူး။ ထိခိုက်ဒဏ်ရာ ရရှိမှုလည်း မရှိဘူး” ဟု ပြောသည်။
လားရှိုးမြို့အထွက် ၂၅ မိုင်အကွာ နမ့်ပေါင် ကျေးရွာအနီးတွင် တည်ရှိသည့် အမှတ် ၂၉၁ တပ်ရင်းကို ယနေ့ နံနက် ၅ နာရီမှ စတင် ကာ TNLA အဖွဲ့ မှ အင်အား ၂၀၀ ခန့်က ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ လက်နက်ကြီးသံများ ကြားရကြောင်း၊ TNLA ဘက်မှ ထိခိုက် ဒဏ်ရာ ရရှိသူ ၂ ဦး ရှိသည်ဟု သိရကြောင်း နမ့်ပေါင် ဒေသခံ ဦးအိုက်တူးက ပြောသည်။
ဦးအိုက်တူး က “လက်နက်ကြီးက နမ့်ပေါင်၊ လုံဖမ်းမှာ ရှိတဲ့ လယ်ကွက်ထဲတွေကို ကျတာက များတယ်။ တိုက်ပွဲဖြစ်တာက မိုင်းရယ်မြို့နယ် အစပ် မှာ ဖြစ်တာပါ။ မိုင်းရယ်ဘက်သွားမယ့် ကားတွေကိုလည်း မလွှတ်သေးဘူး။ ၂ စီး၊ ၃ စီးကလည်း လမ်းမှာပဲ ရပ်နေရတယ်။ ပြန်ဆုတ် သွားတဲ့ တပ်ပေါင်းစုကို တပ်မတော်က လိုက်တိုက်တာမျိုးတော့ မတွေ့ ရဘူး” ဟု ရှင်းပြသည်။
တိုက်ပွဲကြောင့် ဒေသခံများမှာ မိမိတို့၏ နေအိမ်များတွင် မနေရဲဘဲ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေရကြောင်း၊ နောက်ရက် များတွင်လည်း တိုက်ပွဲများ ဆက်ဖြစ်ဦးမည်ဆိုသည့် သတင်းများ ကြားနေရကြောင်း ဆိုသည်။
ပြည်ထောင်စု လမ်းမကြီး ဖြစ်သည့် မန္တလေး-လားရှိုး မူဆယ် လမ်းကြောင်းတွင် ကားကြီး၊ ကားလေးများ ဖြတ်သန်း သွားလာလျက် ရှိသော်လည်း နောက်တခါ သိန္ဒီ-ကွမ်လုံ-လောက်ကိုင် လမ်းရှိ ၃၁ မိုင်တံတားမှာ ထပ်မံ ဖျက်ဆီးခံရသဖြင့် ယင်းလမ်းကြောင်းမှာ ပြန်ပိတ်သွားပြီ ဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဇော်ခင်အောင်က ပြောသည်။
ရဲတပ်ဖွဲ့ မှူး ရဲမှူးချုပ် ဇော်ခင်အောင်က “တိုက်ပွဲတွေကလည်း လားရှိုး-တန့်ယန်း နားမှာ ရှိတဲ့ တပ်စခန်းတခုကို ဝင်ပြီးလာတိုက်တာ ရှိတယ်။ အထိအခိုက်တော့ မရှိပါဘူး။ တိုက်ပွဲ လောလောဆယ်တော့ ရှိနေသေးတယ်။ ကျောက်မဲရဲ့ အနောက်ဖက်ခြမ်းမှာလည်း တိုက်ပွဲ ဖြစ်တာလေးတွေ ရှိတယ်”ဟု ပြောသည်။
၎င်းက ဆက်၍ “လက်ရှိ အခြေအနေမှာတော့ မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စု လမ်းမကြီးကိုတော့ စနစ်တကျ လုံခြုံရေး အပြည့်အဝ ပေးနိုင် အောင် ထိန်းသိမ်းထားပြီးသား ဖြစ်ပါတယ်။ သိန္ဒီ-ကွမ်လုံ-လောက်ကိုင်လမ်းမှာတော့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၃ ဖွဲ့ နဲ့ ပစ်ခတ် တာတွေ ရှိနေသေးတဲ့အတွက် အဲဒီမှာ လောလောဆယ် လုံခြုံရေး အပြည့်အဝ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါဘူး” ဟု ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း သိန္ဒီ-ကွမ်လုံ-လောက်ကိုင် လမ်းကြောင်းပေါ်ရှိ ဖျက်ဆီးခံခဲ့ရသည့် တံတား ၃ စီးကို ပြန် လည် ပြုပြင်ပြီး ဖြစ်သော်လည်း တံတား ဖျက်ဆီးမှုများ ရှိနေခြင်း၊ ယင်းလမ်းကြောင်းတလျှောက် တိုက်ပွဲများ ဆက်ရှိနေခြင်းတို့ ကြောင့် ဒေသလုံခြုံရေးမှာ စိတ်မချရသေးကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
နမ့်ဖတ်ကာ-ကွတ်ခိုင်-လားရှိုးလမ်းကြောင်းမှာ ပြန်ပွင့်သွားပြီး ကားများ သွားလာ၍ ရနေပြီ ဖြစ်ကြောင်း၊ ကွတ်ခိုင်မြို့ ပေါ်သို့ ထွက် ပြေးလာသည့် ဒုက္ခသည်များမှာမူ တိုက်ပွဲတချို့ ရှိနေသေးသဖြင့် နေရပ်မပြန်ရဲသေးကြောင်း ကွတ်ခိုင်မြို့ ခံ ဦးတင်ဝင်းက ဧရာဝတီ သို့ ပြောသည်။
“တိုက်ပွဲတွေက ကျနော်တို့ မြို့ နဲ့တော့ ဝေးတယ်။ အခြေအနေတွေကတော့ တည်ငြိမ်စ ပြုတယ်ပေါ့ဗျာ။ သွားသွားလာလာတော့ ရှိတယ်ပေါ့ဗျာ။ ဒုက္ခသည်တွေကတော့ နေရပ်ဘယ်ပြန်ရဲဦးမလဲ” ဟု ဦးတင်ဝင်းက ပြောသည်။
ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယင်းနေရာများတွင် ပိတ်မိနေသည့် နိုင်ငံခြားသား ၂၈ ဦး ကို သြဂုတ်လ ၂၂ ရက်နေ့က တပ်မတော် ရဟတ်ယာဉ်ဖြင့် လားရှိုး မြို့သို့ ပို့ဆောင်လိုက်ပြီး ယင်းမှ တဆင့် ရန်ကုန်သို့ ပို့ပေးခဲ့ရ သေးသည်။
သြဂုတ်လ ၂၀ ရက်နေ့ကလည်း ရှမ်းပြည်နယ် မြောက်ပိုင်း၊ ကွတ်ခိုင်မြို့ အထွက် နမ့်ဖတ်ကာ၏ တောင်ဘက် မီတာ ၁၀၀ ခန့် အ ကွာတွင် တည်ရှိသည့် တံတား လုံခြုံရေး တပ်စခန်းတခုကို TNLA မှ လာရောက် တိုက်ခိုက်ခဲ့သေးသည်။
မဟာမိတ်ဖွဲ့ ထားကြသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (MNDAA-ကိုးကန့် အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့သည် ရခိုင်ပြည်နယ်တွင် AA အဖွဲ့သည် စစ်ရေးအရ ဖိအား ပေးခံနေရချိန် အရှေ့မြောက်ဘက် ရှမ်းပြည်နယ်တွင် TNLA က တပ်မတော် နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးဖြင့် ဝင်ပစ်ပြီးနောက် စစ်မျက်နှာတခု ထပ်ဖွင့်ပေးခဲ့သည်။
ယင်းနေ့ သြဂုတ်လ ၁၅ ရက်နေ့က ၎င်းတို့ ပူးပေါင်းအဖွဲ့ ဖြစ်သည့် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ၏ တိုက်ခိုက်မှုကြောင့် တပ်မ တော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ် ၂၈၂၁ သိန်းဖိုး ဆုံးရှုံးခဲ့ရကြောင်း သိရသည်။
ပြင်ဦးလွင် စစ်သင်တန်းကျောင်း အပါအဝင် အနည်းဆုံး နေရာ ၅ ခုကို တိုက်ခိုက်ခဲ့သည်မှာ မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က တိုက် ခိုက်ခြင်း ဖြစ်ကြောင်း၊ ယခုလို တိုက်ခိုက်ရခြင်းသည် ၎င်းတို့ နယ်မြေတွင် ထိုးစစ်များ ပြင်းထန်လာသဖြင့် စစ်မျက်နှာ ပြောင်းရန် ကြိုးစားရခြင်း ဖြစ်ကြောင်း TNLA ၏ ပြောရေးဆိုခွင့်ရှိသူ မိုင်းအိုက်ကျော်က ဧရာဝတီသို့ ပြောဆိုထားသည်။
ယင်းတိုက်ခိုက်မှုများ အပြီးတွင် အစိုးရ ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတခုတွင် ယခုလို အကြမ်းဖက် တိုက်ခိုက်ခံရသော် လည်း ငြိမ်းချမ်းရေးတံခါး ဖွင့်ထားဆဲ ဖြစ်ကြောင်း သမ္မတရုံး တာဝန်ရှိသူက ပြောဆိုသော်လည်း တပ်မတော်ကမူ တူညီသည့် တုန့်ပြန်မှုမျိုး ခံရလိမ့်မည်ဟု ပြောဆိုခဲ့သည်။
ရှမ်းပြည်နယ် မြောက်ပိုင်းရှိ ယခု တိုက်ပွဲများကို ရပ်တန့်ပေးရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့ကို တရုတ်နိုင်ငံက ခေါ်ယူ ဖိအားပေးခဲ့ သော်လည်း တိုက်ပွဲများ ရပ်တန့်သွားခြင်း မရှိသေးပါ။
တိုက်ပွဲများ ရပ်ရမည် ဆိုပါက ရခိုင်၊ ကိုးကန့်၊ ပလောင် တိုင်းရင်းသားဒေသများတွင် ပြုလုပ်နေသည့် စစ်ဆင်ရေးများကို ရပ်ရန် လိုကြောင်း၊ တိုင်းရင်းသားဒေသများတွင် ကျူးလွန်နေသည့် စစ်ရာဇဝတ်မှုများကို ရပ်တန့်ရန်နှင့် စစ်မှန်သည့် တွေ့ဆုံ ဆွေးနွေးမှု အပစ်ရပ်ရေး ကိစ္စက အစိုးရက ဆောင်ရွက်ပေးရန် လိုကြောင်း မြောက်ပိုင်း မဟာမိတ်များက တရုတ်ဘက်သို့ ပြန်လည် တင်ပြခဲ့သည်ဟု သိရသည်။
တိုက်ပွဲများ ရပ်တန့်နိုင်ရေး အစိုးရ၊ တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့ များကြား တွေ့ ဆုံ ဆွေးနွေးရန် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် ညှိနှိုင်းလျက် ရှိသော်လည်း ယနေ့ အချိန်အထိ တွေ့ ဆုံနိုင်ခြင်း မရှိသေးပေ။