ရှမ်းပြည်နယ် အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် အစိုးရနှင့် မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့တို့ တွေ့ဆုံညှိနှိုင်းမှု ပြုလုပ်ရန် သဘောတူလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။
အစိုးရဘက်မှ ကိုယ်စားလှယ် အဖွဲ့နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA)၊ ရက္ခိုင်စစ်တပ် (AA) တို့ တွေ့ဆုံကြမည်ဖြစ်သည်။
ငြိမ်းချမ်းရေး အကျိုးတော်ဆောင် အဖွဲ့ (PCG) ဦးလမိုင်ဂွန်ဂျာ က “အခုတော့ ပြန်ပြေလည်သွားပြီ သြဂုတ်လ ၃၁ ရက်နေ့ တွေ့ဖို့ သေချာသွားပြီ။ Comfirm ဖြစ်တယ်၊ ကျိုင်းတုံမှာ တွေ့ကြမယ်ဗျ။ ဘာတွေ ဆွေးနွေးမယ် ဆိုတာတော့ ကျနော်တို့မသိဘူး Bilateral ကိစ္စနဲ့ တောက်လျောက်တွေ့လာတာဆိုတော့ အဲကိစ္စပဲ နေမှာပါ”ဟု ဧရာဝတီသို့ ပြောသည်။
အဆိုပါ တွေ့ဆုံ ဆွေးနွေးပွဲသည် ယခုနှစ် ဧပြီလ ၃၀ ရက်နေ့က ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့တွင် တွေ့ဆုံပြီးနောက်ပိုင်း ၃ လကျော်အကြာတွင် တရားဝင် ပြန်လည် တွေ့ဆုံကြမည့် ဆွေးနွေးပွဲ ဖြစ်သည်။
အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် နီးစပ်သည့် သတင်းရင်းမြစ်တဦးကလည်း မြောက်ပိုင်း မဟာမိတ် ၄ ဖွဲ့နှင့် ကျိုင်းတုံတွင် တွေ့ဆုံမည့် အစီအစဉ်ကို အတည်ပြုချက်ပေးခဲ့ပြီး ထိုတွေ့ဆုံမှုဖြစ်မြောက်ရန်အတွက် တရုတ် အစိုးရက မဟာမိတ် ၄ ဖွဲ့အား ဖိအားပေးခဲ့ပုံရကြောင်းလည်း သုံးသပ်ပြောဆိုသည်။
AA သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုခိုင်သုခကတော့ “တရုတ်ရဲ့ပါဝင်စေ့စပ်မှုအရ ကျိုင်းတုံမှာ တွေ့မလားဆိုတာ ပြောဖို့ နည်းနည်း စောသေးတယ်၊ အခု တွေ့မယ့် အခြေအနေကို ခေါင်းဆောင်တွေ ဆွေးနွေးနေတယ်၊ တရုတ်က အာမခံတယ်ဆိုရင် ပုံစံ တမျိုးဖြစ်လာမှာပေါ့။ အခု လောလောဆယ်ကတော့ ပြောဖို့က စောသေးတာပေါ့” ဟု ပြောသည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရ Bilateral စာချုပ် ချုုပ်ဆိုနိုင်ရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးအတွက် ကြားဝင် စေ့စပ်ညှိနှိုင်းပေးသည့် PCG မှ ဦးလမိုင်ဂွန်ဂျာကတော့ မိုင်းလားမှာ အစိုးရက တွေ့ဆုံရန်အဆိုပြု စဉ်က KIA ကလွဲပြီး ကျန် ၃ ဖွဲ့က လုံခြုံရေးစိုးရိမ်မှုကြောင့် မတွေ့နိုင်ကြောင်း ဆိုခြင်းကြောင့် အထမမြောက်ပဲ ဖြစ်နေခြင်း ဖြစ်ကြောင်းဆိုသည်။
“အစိုးရဘက်က မိုင်းလားမှာလို့ ပြောတုန်းက ဟိုအဖွဲ့က မြောက်ပိုင်းအဖွဲ့တွေက လက်မခံဘူး၊ လက်မခံဘူး ဖြစ်တဲ့နေရာမှာ နောက်ပိုင်းကျတော့ မြောက်ပိုင်းအဖွဲ့တွေက ပြန်လက်ခံတယ်၊ မိုင်းလားမှာ အဆင်ပြေတယ်လို့ ပြန်လက်ခံတဲ့အပေါ်မှာ အစိုးရဘက်က မိုင်းလားဆိုမဟုတ်တော့ဘူးတဲ့ ကျိုင်းတုံလို့ ပြန် ပြောလာတယ်”ဟု ပြောသည်။
တပ်မတော်က အပစ်ရပ် တိုးပေးထားသည့် ကာလသည်လည်း ယခုလကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး နောက်ထပ် အပစ်ရပ် ကာလ ထပ်တိုးမတိုးမှာလည်း ကျိုင်းတုံ ဆွေးနွေးပွဲပေါ်တွင် မူတည်နေလျှက်ရှိသည်။