နေပြည်တော် Wisdom Hill မူကြိုကျောင်းသူ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ခံခဲ့ရသော အမှုတွင် ပြစ်မှုကျူးလွန်သူမှာ ကျောင်းကြီးကြပ်ရေးမှူး၏ သားများဖြစ်သည့် ကိုကို၊ ညီညီ ဖြစ်ကြောင်း ဗစ်တိုးရီးယား ကိုယ်တိုင် ထွက်ဆိုထားသည့် ဗီဒီယို ဖိုင်ကို ယနေ့ ဒက္ခိဏ ခရိုင် တရားရုံး ရုံးချိန်းတွင် အစိုးရ ရှေ့နေ ဖြစ်သူ ခရိုင် ဥပဒေအရာရှိက ကန့်ကွက်သည်။
ခရိုင် ဥပဒေအရာရှိ ဦးကျော်မင်းအောင်က“အမှုစွဲတင်ပြီး နောက်ပိုင်းမှာ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ဖြစ်လို့ အမှု ရှုပ်ထွေး သွားနိုင်တဲ့အတွက် ကန့်ကွက်တာပါ”ဟု တရားခွင် အပြီး မီဒီယာများကို ပြောသည်။
ယခုအမှု၌ သံသယ တရားခံ အောင်ကြီး၏ တရားလွှတ်တော် ရှေ့နေ ဒေါ်စုဒါလီအောင်က တရားခွင်အတွင်း သက်သေခံ အဖြစ် တင်သွင်းထားသည့် အဆိုပါ ဗီဒီယိုဖိုင်ကို ပြသပြီး ကလေးငယ်၏ အဘွားဖြစ်သူကို စစ်ဆေးနေစဉ် အထက်ပါ ဥပဒေ အရာရှိက ဗီဒီယိုဖိုင်သည် ရုံးတော်က လက်ခံထားခြင်း မရှိဟု ဆိုကာ ကန့်ကွက်ခြင်း ဖြစ်သည်။
ထိုသို့ ရုံးတော်မှ လက်ခံထားခြင်း မရှိသည့်အတွက် သက်သေခံ မဝင်ဟုလည်း ယင်းဥပဒေ အရာရှိက ဆိုသည်။
အောင်ကြီးဘက်မှ ရှေ့နေဖြစ်သူ ဒေါ်စုဒါလီအောင်က ပြီးခဲ့သည့် ရုံးချိန်းတွင် တရားသူကြီးကို ကိုယ်တိုင် လက်ခံခဲ့ပြီး ဖြစ်ကြောင်း ရုံးတော်သို့ ပြန်လည် လျှောက်ထားခဲ့သည်။
တရားလို ဗစ်တိုးရီးယားဘက်မှ လိုက်ပါ ဆောင်ရွက်သူ ဒေါ်ရွက်နုအောင်ကလည်း“သက်သေခံ(ဂ)က အရေးကြီးတယ်။ ဗီဒီယိုဖိုင် ၃ ဖိုင်ပါတယ်။ သမီးလေးကနေပြီးတော့မှ သူရဲ့အလိုဆန္ဒအရ သူ့ရဲ့ဖင်ဖုကိုဆိတ်တဲ့ သူတွေက ဘယ်သူတွေပါ ဆိုတာကို ဓာတ်ပုံဆွဲထုတ်ပြီး ပြထားတာ ဗီဒီယိုဖိုင် နှစ်ဖိုင်ပါတယ်။ အဲဒီ အထဲမှာတိတိကျကျ ပြောထားတဲ့ အခြေအနေ တွေ ရှိတယ်။ ပြီးခဲ့တဲ့ ရုံးချိန်းတုန်းက သက်သေခံ လက်ခံထားပြီးသားကို ဒီနေ့ ဥပဒေအရာရှိက သက်သေခံ လက်ခံထား တာမရှိဘူး ဆိုပြီး ငြင်းဆိုထားတာ ရှိတယ်။ ဒီနေ့ ထူးခြားချက် ဖြစ်တယ်”ဟု တရားခွင် အပြီး မီဒီယာများကို ပြောသည်။
ထိုသို့ တရားလိုနှင့် သံသယ တရားခံ ရှေ့နေများက အဆိုပါ ဗီဒီယိုဖိုင်ကို တရားရုံးသို့ သက်သေခံ (ဂ) အဖြစ် လက်ခံ၍ ပြသပြီး မေးခွန်း မေးမြန်းနိုင်ရန် လျှောက်ထားမှုကို တရားသူကြီး က လက်ခံလိုက်သည်။
ဒက္ခိဏ ခရိုင်တရားသူကြီး ဦးတင့်လွင်က“ခွင့်ပြုပါတယ်။ ရုံးတော်မှ ခွင့်ပြုပါတယ်”ဟု တရားခွင်အတွင်း ပြောဆိုသည်။
အောင်ကြီး၏ ရှေ့နေ တဦးဖြစ်သူ ဦးခင်မောင်ဇော်က“မေးခွင့်ပြုလိုက်တဲ့ ဒီဖိုင်တွေကလည်း ဝိုးတိုးဝါးတာ မဟုတ်ဘဲ သက်သေခံ အဖြစ်နဲ့ သေချာပေါက် လက်ခံပြီးသား ဖြစ်သွားတယ်။ အမိန့်တခုကို အတိအလင်း ချပေးလိုက်တော့ ပိုကောင်းသွား တာပေါ့”ဟု ပြောသည်။
ယနေ့ ရုံးချိန်းတွင် သက်သေခံ ဗီဒီယိုဖိုင်ဖြင့် ကလေး၏ အဘွားဖြစ်သူအား စစ်မေးခွင့်ရသည့် အတွက် ဗီဒီယိုဖိုင် အတွင်း ပါဝင်သည့် အခြေအနေများ၊ စကားလုံးများအား အတိအကျ ရသောကြောင့် ပိုမိုကောင်းမွန်ကြောင်း အောင်ကြီး၏ ရှေ့နေ တဦး ဖြစ်သူ ဒေါ်စုဒါလီအောင်ကလည်း ပြောဆိုသည်။
ယနေ့ ၅ ကြိမ်မြောက် ရုံးချိန်တွင် ကလေး၏ အဘွားဖြစ်သူကို နှစ်ဖက် စစ်မေးမှု အပြီး ကျောင်းမှ CCTV တာဝန်ခံအား စစ် ဆေးမည့် အချိန်တွင် တရားခွင်အတွင်းသို့ ယူဆောင်လာသည့် ကွန်ပျူတာမှာ စစ်ဆေးရန် အခက်အခဲရှိ၍ ၎င်းအား စစ်ဆေး ခြင်း မပြုတော့ဘဲ နောက်ရုံးချိန်း အနေဖြင့်ပြန်လည် ချိန်းဆိုခဲ့ကြောင်း ဒေါ်ရွက်နုအောင်က ရှင်းပြသည်။
လာမည့် ၆ ကြိမ်မြောက် ရုံးချိန်းကို စက်တင်ဘာ ၁၁ ရက်သို့ ချိန်းဆိုထားပြီး ဗစ်တိုးရီးယား တဦးတည်းကို မည်သူတဦး တယောက်နှင့်မှ ထိတွေ့ခြင်း မရှိဘဲ Video ကွန်ဖရင့် ဖြင့်သာ စစ်ဆေး မေးမြန်းသွားမည်ဟု သံသယ တရားခံအောင်ကြီး၏ ရှေ့နေဖြစ်သူ ဦးခင်မောင်ဇော်က ယနေ့ ရုံးချိန်း အပြီး မီဒီယာများကို ပြောဆိုခဲ့သည်။
နေပြည်တော် သပြေကုန်းတွင် ဖွင့်လှစ်ထားသည့် Wisdom Hill အမည်ရှိ ပုဂ္ဂလိက မူကြိုကျောင်းတွင် တက်နေသည့် အဆိုပါကျောင်းသူမှာ မေလ ၁၇ ရက်က လိင်အကြမ်းဖက်ခံရမှုဖြင့် ကလေးငယ်၏ မိခင် ကိုယ်တိုင် အမှုဖွင့်ခဲ့ခြင်း ဖြစ် သည်။
ယင်းသို့ ကလေးငယ် မဖွယ်မရာ ပြုလုပ်ခံရသဖြင့် မိခင် အများစုသည် စိုးရိမ်မှုများနှင့် ထိုဖြစ်ရပ်ကို ကျေနပ်မှုမရှိကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားဖော်ပြမှုများနှင့် နာမည်ကြီး အနုပညာရှင်များပါ ဝန်းရံပြီး တရားခံ အစစ် ပေါ်ပေါက် ရန် အလိုရှိကြောင်း ရေးသား ဖော်ပြမှုများ အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် အစရှိသည့် မြို့ကြီးအပါအဝင် နိုင်ငံ အနှံ့ အပြားတွင် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြသည်။