ကယားပြည်နယ်(ကရင်နီပြည်နယ်) တွင် ပြီးခဲ့သည့် ဇူလိုင်လ အတွင်းက တပ်မတော်မှ သိမ်းယူထား သည့် မြေများကို ပြန်လည်ရယူရန် ကြိုးစားမှုဖြင့် တရားစွဲ ခံထားရသည့် ဒေသခံ တောင်သူ ၂၁ ဦး ထဲမှ ၉ ဦးကို ဖမ်းဆီးထားကြောင်း ကရင်နီပြည်နယ် တောင်သူလယ်သမားသမဂ္ဂ ထံမှ သိရသည်။
ကရင်နီပြည်နယ် တောင်သူလယ်သမား သမဂ္ဂ ခူးတူရယ်က “ဒီမနက် ဖမ်းလိုက်တာက ဦးဦးရယ်ကို လွိုင်ကော်မြို့ ထဲမှာ တင် ဖမ်းလိုက်တာ။ သူတို့က ဖမ်းဝရမ်း ထုတ်ခံထားရသူတွေ ဆိုတော့ ရဲတွေမှာ သူတို့ရဲ့ ဓာတ်ပုံနဲ့ မှတ်တမ်းတွေ အဆင် သင့် ရှိနေတဲ့သဘောပဲ။ သူတို့ကို တွေ့တာနဲ့ ဖမ်းမယ့် သဘောပေါ့” ဟု ဆိုသည်။
တရားစွဲခံထားရသူ ၂၁ ဦး အနက် ယခုလအတွင်း ဖမ်းဆီးခံထားရသူများမှာ လွိုင်ကော်မြို့နယ်၊ ဒေါမူကလားရွာမှ ၁ ဦး၊ ၃ မိုင်မကြဲရွာမှ ၁ ဦး၊ မြေနီကုန်းရွာမှ ၁ ဦးနှင့် ဒီးမောဆိုမြို့နယ်၊ ဒေါဆို ရှေ့ရွာမှ ၆ ဦးတို့ ဖြစ်ပြီး ၁၂ ဦးမှာ လွတ်မြောက် နေသေးကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇူလိုင်လ အတွင်းက အဆိုပါ တောင်သူ ၂၁ ဦးသည် လွိုင်ကော်မြို့နယ်ရှိ ခလရ (၂၆၁)၊ အမတ (၃၅၆)၊ ခမရ (၂၅ဝ) တပ်များနှင့် စစ်မြေပြင် အင်ဂျင်နီယာတပ် (BE) တို့မှ သိမ်းယူထားသည့် ကျေးရွာ ၁ဝ ရွာနှင့် ဒီးမောဆိုမြို့နယ်မှ တပ်မတော် အမြှောက်တပ်တို့မှ သိမ်းယူထားသည့် ကျေးရွာ ၁ ရွာမှ မြေများကို သွားရောက် ဖျက်ဆီးခဲ့သည်ဟု ဆိုကာ ပြည်သူပိုင် ပစ္စည်း ဖျက်ဆီးမှု ပုဒ်မ ၆(၁)၊ ပိုင်နက် ကျူးလွန်မှု ပုဒ်မ ၄၄၇ တို့ဖြင့် တပ်မတော်မှ တရားစွဲဆိုထားခြင်း ဖြစ်သည်။
ထိုသူများကို ဖမ်းဝရမ်း ထုတ်ထားခံရသည့် အတွက် ယမန်နေ့မနက်ပိုင်း တွင် လွိုင်ကော်မြို့ရှိ စာသင်ကျောင်းသို့ သားသမီးများကို ကျောင်းသွားပို့နေသည့် မြေနီကုန်းကျေးရွာမှ ဦးဦးရယ်ကို မြို့ထဲတွင် ဖမ်းဆီးသွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ကယားပြည်နယ်အတွင်း တပ်မတော်မှ ဒေသခံ တောင်သူများ၏ မြေများကို သိမ်းခဲ့သည့် အပြင် တရားစွဲသည်အထိ ပြုလုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို ပြသနေခြင်း ဖြစ်သည်ဟု ယူဆကြောင်း၊ လက်ရှိ အစိုးရ အနေဖြင့်လည်း တပ်မတော် ၏ လုပ်ဆောင်မှုများ အပေါ် မည်ကဲ့သို့မှ ဝင်ရောက် တားဆီးနိုင်ခြင်း မရှိသည်ကို ပြသရာ ရောက်နေကြောင်း ကယားပြည် နယ် လူ့အခွင့်အရေးနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားမှု ကွန်ရက်( Kayah Earth rights Action Network) မှ တာဝန်ခံဖြစ်သူ စောအယ်စေးက သုံးသပ်သည်။
စောအယ်စေးက “စစ်တပ်မပါပဲ ကျနော်တို့ ကယားပြည်နယ်မှာ ဘာမှ လုပ်လို့မရတဲ့ သဘောမျိုး ဖြစ် နေတယ်။ စစ်တပ်က သူလုပ်ချင်တာကို လုပ်နိုင်နေတယ်။ အခုဆိုရင် တောင်သူတွေကို တရားစွဲတယ် ဆိုတာ ပိုပြီး အတင့်ရဲလာတဲ့ သဘောမျိုး ပဲ။ လက်ရှိ အစိုးရ အခြေအနေက တော်တော်လေး စိတ်ပျက် စရာပဲ။ စစ်တပ် ဘာလုပ်လုပ် တားဆီးနိုင်တဲ့ အခြေအနေမှာ မရှိဘူး” ဟု ဆိုသည်။
ကယားပြည်နယ်တွင် ၂ဝ၁ဝ ခုနှစ်မှ လက်ရှိအချိန်အထိ တပ်မတော်၊ အစိုးရဌာနနှင့် စီးပွားရေး လုပ်ငန်းရှင်တချို့မှ သိမ်းယူ ထားသည့်မြေသည် ဧက ၅ သောင်းဝန်းကျင် ရှိနေပြီဖြစ်ကြောင်း၊ မြေသိမ်းမှုများတွင် တပ်မတော်မှ တပ်နယ်မြေ တိုးချဲ့ ခြင်းနှင့် တပ်လုံခြုံရေးအရ သိမ်းယူထားခြင်းက အများဆုံး ဖြစ်ကြောင်း သိရသည်။
ထို့အတွက် ဌာနေတိုင်းရင်းသားများ ရင်ဆိုင်နေရသည့် မြေနှင့် အရင်းအမြစ်ဆိုင်ရာ အခွင့်အရေးများ ချိုးဖောက်ခံရမှု များ ကို ဦးစားပေး ဖြေရှင်းပေးရန်၊ ဌာနေတိုင်းရင်းသားများ၏ မြေနှင့်အရင်း အမြစ်ဆိုင်ရာ အခွင့်အရေးများကို အသိအမှတ်ပြု လေးစားလိုက်နာရန်နှင့် အကာအကွယ်ပေးရန် အကြံပြုတိုက်တွန်းကြောင်း “ဖက်ဒရယ် မြေအုပ်ချုပ် စီမံမှုသို့ အလှမ်း ဝေး နေသေးသည့် နိုင်ငံ၏ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု ဆိုင်ရာ အစီရင်ခံစာ”ကို သြဂုတ်လ ၂၀ ရက်နေ့က ရန်ကုန် မြို့ Orchid ဟိုတယ်တွင် ထုတ်ပြန်ခဲ့သည်။
၎င်းတို့၏ အစီရင်ခံစာတွင် ကရင်နီဒေသရှိ ဌာနေတိုင်းရင်းသားများ၏ မြေများကို သိမ်းယူခြင်း၊ ဒေသခံများကို အဓမ္မ ဖမ်းဆီးခြင်း၊ တရားစွဲခြင်းများကြောင့် ၎င်းတို့၏ ဘဝ လုံခြုံမှုနှင့် ငြိမ်းချမ်းရေးကို ထိခိုက်စေပြီး တရားစွဲ ဖမ်းဆီးမှုများ ရပ်တန့်ပေးရန် ပါဝင်သည်။
ထို့ပြင် ရိုးရာဓလေ့များ ဆွေးနွေးရာတွင် တားဆီး ပိတ်ပင်ကန့်သတ်မှုများ မပြုလုပ်ရန်၊ ဌာနေတိုင်းရင်းသားတို့၏ မြေ၊ အရင်းမြစ်နှင့် နယ်နိမိတ်များ ထိခိုက်စေမည့် ဆုံးဖြတ်ချက်နှင့် လုပ်ပိုင်ခွင့်များ မပြုလုပ်ရန်တို့ကို တောင်းဆိုခဲ့သည်။
ဌာနေ တိုင်းရင်းသားများ၏ မြေ၊ အရင်းအမြစ်နှင့် နယ်နိမိတ်များကို အကာကွယ်ပေးနိုင်မည့် စစ်မှန်သော ဖက်ဒရယ် မြေဥပဒေသစ် သို့မဟုတ် ပြည်ထောင်စု မြေဥပဒေသစ်တရပ် မပေါ်ထွန်းမီ ဌာနေတိုင်းရင်းသားတို့၏ မြေနှင့် အရင်း အမြစ် များကို ထိခိုက်ပျက်စီးစေမည့် ဥပဒေများ ပြဌာန်းခြင်း၊ ရင်းနှီးမြှုပ်နှံခြင်းများ၊ သဘောတူညီမှုများနှင့် မြေလုပ်ပိုင်ခွင့် ချထားခြင်း မပြုရန်လည်း အဆိုပါ အစီရင်ခံံစာတွင် တောင်းဆိုခဲ့သည်။
ထို့ပြင် ဒေသခံ သတင်းထောက် ၂ ဦး အပါအဝင် တောင်သူ ၅၀ ခန့်ကိုလည်း ဝတ္တရား နှောက်ယှက်မှုဖြင့် လွိုင်ကော် မြို့နယ် တရားရုံးသို့ တပ်မတော်က ဦးတိုက်လျှောက်ထားသည့် အမှုလည်း ရှိနေသေးသည်။
You may also like these stories:
ကုလားပဲနှင့် စားတော်ပဲ ပြည်ပမှ တင်သွင်းမည်
ဘိန်းပင်တွေကြား ဘဝတည်ဆောက်ထားသူများ
အစိုးရက သတိပေးသော်လည်း စိုက်ပျိုးစရိတ် ချေးငွေအတွက် စည်းရုံးမှုများ ဆက်ရှိနေ