ထိုင်းနိုင်ငံ တောင်ပိုင်း လိပ်ကျွန်း (Koh Tao) လူသတ်မှုနှင့် ပတ်သက်၍ မြန်မာ နိုင်ငံသား နှစ်ဦးဘက်မှ တင်ပြထားသော နောက်ဆုံး အယူခံမှာ ရှူံးနိမ့်သွားကြောင်း သိရသည်။
ထိုအမှုနှင့် ပတ်သက်ပြီး ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး (High Court) က ယနေ့ အမိန့် ချလိုက်ခြင်း ဖြစ်ကြောင်း ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့တည်ထောင်သူ ဦးထူးချစ် က ပြောသည်။
ဦးထူးချစ် က “ကော့စမွေမှာ အယူခံအမိန့်ချခဲ့တဲ့အတိုင်းပဲ သေဒဏ်ကိုပဲ ပြန်အတည်ပြုတာပေ့ါ။ ကလေးတွေ (ဇော်လင်းနဲ့ ဝင်းဇော်ထွန်း) လည်း တွေ့ပါတယ်။ ကလေးတွေက ပြောတာကတော့ ကျနော်တို့မသတ်ဘူး။ မြန်မာအစိုးရ တတ်နိုင်တဲ့ဘက်က ကူညီပေးပါ ဆိုတဲ့စကားတော့ သူတို့ ထောင်ထဲမသွားခင်မှာ ကိုယ်ကနေ တဆင့် ပြောသွားတယ်” ဟု ဧရာဝတီသို့ပြောသည်။
လိပ်ကျွန်း လူသတ်မှုနှင့် ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား နှစ်ဦး၏ ရှေ့နေများက စာမျက်နှာ ၃၁၉ မျက်နှာ ပါရှိသော နောက်ဆုံး အယူခံလျှောက်ထားမှုအား ထိုင်းနိုင်ငံ၏ အမြင့်ဆုံး ဗဟိုတရားရုံး က ၂၀၁၇ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့တွင် လက်ခံ စစ်ဆေးခဲ့သည်။
ထိုအယူခံတွင် မြန်မာ ၂ ဦး သေဒဏ်ချမှတ်ခံရသည့် အမှုသည် မူလကတည်းက ပီပြင်ခိုင်လုံသော အထောက်အထားများ မရှိခြင်း၊ လူသတ်လက်နက်တွင် မျိုးဗီဇ (DNA) မတွေ့ရှိ ခြင်း၊ အဓမ္မပြုကျင့် ခံထားရသော အမျိုးသမီး၏ အဝတ်အစားများကို DNA စစ်ဆေးထားမှု မရှိခြင်း စသည့် အချက်များ ပါဝင်ကြောင်း သိရသည်။
သေဒဏ်ချမှတ်ခံထားရသော မြန်မာနိုင်ငံသား ၂ ဦးဖြစ်သည့် ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်း တို့နှစ်ဦးလုံး ကျန်းမာရေးကောင်းမွန်လျှက်ရှိကြောင်းသိရသည်။
အယူခံ ရှူံးနိမ့်သွားသဖြင့် မြန်မာနိုင်ငံသား ၂ ဦးလွတ်မြောက်ရေး နောက်ဆုံး မျှော်လင့်ချက် အဖြစ် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်ပြခြင်းကိုသာ ဆက်လုပ်ဆောင်သွားမည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး ဥပဒေအကြံပေး ရှေ့နေ ဦးအောင်မျိုးသန့်က ပြောသည်။
ဦးအောင်မျိုးသန့် က “အန်ကယ်တို့ဘက်ကတော့ ထိုင်းဘုရင်မင်းမြတ်ထံကို အသနားခံစာတင်ဖို့ လုပ်ရမှာပါ။ ထိုင်းရှေ့နေများကောင်စီနဲ့လည်း ခုနပဲ ပြောလိုက်ပါပြီ” ဟု ဧရာဝတီသို့ ပြောသည်။
ဦးထူးချစ် ကလည်း “နောက်ဆုံအဆင့်က ထိုင်းဘုရင်မင်းမြတ်ဆီမှာ ရက် ၆၀ အတွင်း ကျနော်တို့ အသနားခံစာ တင်ရပါမယ်။ အဲဒီ အသနားခံစာ ကလည်း ကလေးတွေနဲ့ ကလေးတွေ မိသားစုတွေထက် စာလို့ရှိရင် မြန်မာ အစိုးရအနေနဲ့ သူတို့ကိုယ်စား အသနားခံစာ တင်ပေးလို့ရှိရင် ပိုပြီးတော့ ထိရောက်မယ်လို့ ထိုင်းရှေ့နေများ ကောင်စီက ရှေ့နေတွေက ပြောပါတယ်။ ဒါကြောင့်မို့ ကျနော်တို့အနေနဲ့တော့ မြန်မာအစိုးရကိုတော့ လက်ခံပေးဖို့ မေတာရပ်ခံဖို့ ပြင်ဆင်ထားတယ်” ဟု ပြောသည်။
ကိုဝင်းဇော်ထွန်း နှင့် ကိုဇော်လင်း တို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေ တရားရုံးက လိပ်ကျွန်းကို အလည်လာသည့် ဗြိတိန် နိုင်ငံသား နှစ်ဦး သတ်မှုဖြင့် တရားစွဲဆို၍ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်က သေဒဏ် ချမှတ်ထားခြင်း ဖြစ်သည်။
ယင်းသို့ သေဒဏ် ချမှတ်ထားခြင်း အပေါ် မြန်မာနိုင်ငံသား နှစ်ဦး ဘက်မှ ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ၊ မြန်မာ ရှေ့နေ များ၊ မြန်မာသံရုံး တို့က ပူးပေါင်းပြီး ၂၀၁၆ ခုနှစ် မေလက အယူခံလွှာ တင်သွင်းခဲ့ရာ ထိုင်းအစိုးရ အယူခံ တရားရုံး က ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်တွင် ထပ်မံပယ်ချခြင်း ခံခဲ့ရသည်။
လူသတ်မှုနှင့်ပတ်သက်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့က ဝန်ခံခဲ့သည်ဟု ထိုင်းရဲများက ကနဦးထုတ်ပြန် ကြေညာ ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ထိုင်းရဲများ၏ နှိပ်စက် ဝန်ခံခိုင်းခဲ့ခြင်းကြောင့် ဝန်ခံခဲ့ရခြင်း ဖြစ်ကြောင်း၊ လူသတ်မှု မကျူး လွန်ကြောင်း ထွက်ဆိုထားသည်။
ဗြိတိန် နိုင်ငံသားနှစ်ဦး ဖြစ်သည့် အသက် ၂၄ နှစ်ရှိ ဒေးဗစ်မေလာ နှင့် အသက် ၂၃ နှစ်ရှိ ဟန်နာဝစ်သာရစ်ဂျ် တို့ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၅ ရက်က လိပ်ကျွန်း ကမ်းခြေအနီးတွင် ဒဏ်ရာများနှင့် သေဆုံးခဲ့ခြင်းဖြစ်ပြီး ထိုလူသတ်မှုနှင့် ပတ်သက်၍ ထိုင်းရဲတပ်ဖွဲ့လည်း ဝေဖန်ခံနေရသည်။
ဆက်စပ်ဖတ်ရှုရန်
ထိုင်း လိပ်ကျွန်း လူသတ်မှု တရားမျှတမှုနှင့် အဆုံးသတ်နိုင်မလား
လိပ်ကျွန်း လူသတ်မှု သေဒဏ်ကျသူများ အယူခံ ရလဒ် စောင့်ရင်း ထိတ်လန့်တုန်လှုပ်နေ
နောင်း လူသတ်မှုမှ စွပ်စွဲခံရသူ မြန်မာများ အယူခံနိုင်၍ ပြန်လည်လွတ်မြောက်
လိပ်ကျွန်းလူသတ်မှု သေဒဏ်ကျ ၂ ဦး လွတ်မြောက်ရေး မျှော်လင့်ဆဲ