တရားသူကြီးများသည် နေ့စဉ် တရားခွင်တက်တိုင်းတွင် ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာပြုခြင်း ပြုလုပ်ရ မည်ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် ဦးထွန်းထွန်းဦးက သြဂုတ် ၂၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားချက် ထုတ်ပြန် လိုက်သည်။
ကျမ်းသစ္စာ ကျိန်ဆိုရမည့် ဥပဒေ ပါဝင်သော စတုတ္ထ အကြိမ် ပြင်ဆင်သည့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေကို သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြဋ္ဌာန်း ခဲ့ပြီးနောက် အထက်ပါ အတိုင်း ညွှန်ကြား ချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးမှ ဒုတိယ ခရိုင်တရားသူကြီး ဦးညိုလွင်ဦးက“ဥပဒေက တာဝန်ပေးတဲ့ အတိုင်း ပြည်ထောင် စု တရားလွှတ်တော်ချုပ်ကနေပြီး အဲဒီ ညွှန်ကြားချက်ကို ထုတ်တာ။ မနက် တရားခွင် မစခင် လူစုံတဲ့အချိန်မှာ ကျမ်းကျိန်တာပေါ့။ ကျမ်းသစ္စာထုပ်ကို ကိုင်ပြီးတော့ ကျိန်ရတာပါပဲ။ တရားခွင်မထိုင်ခင် ကျိန်ပြီးတော့မှ တရားခွင် ထိုင်တာ ပေါ့။ လွှတ်တော်ကြီးက ဥပဒေအရ ပြဋ္ဌာန်းထားတော့ လိုက်နာပြီးတော့ ဆောင်ရွက်ရတာပေါ့”ဟု ဧရာဝတီသို့ပြောသည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေတွင် ပြည်သူများ ယုံကြည် ကိုးစားအားထားပြီး ဖြောင့်မတ်မှန်ကန် မျှတသည့် တရား စီရင်ရေး ဖြစ်ထွန်းစေရန် အတွက် အမှုများ စစ်ဆေးစီရင်ရာတွင် အမှန်ကို ဖော်ထုတ် စစ်ဆေး၍ စီရင်ဆုံးဖြတ်ရန် တာဝန် ရှိသူဖြစ်ရာ တရားသူကြီး၊ အမှုသည်နှင့် သက်သေများသည် တရားခွင်တွင် ကျမ်းသစ္စာကို တိကျလေးနက်စွာ ကျိန်ဆိုရန် လိုအပ်သည်ဟု ဆိုကာ ညွှန်ကြားချက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
တရားစီရင်ပေးသည့် တရားရုံးများတွင်ပင် အဂတိလိုက်စားမှုများဖြင့် မမှန်မကန် ဖြစ်ပေါ်နေသည့်အတွက် ယခုကဲ့သို့ ပြုလုပ် ခြင်းသည် မှန်ကန်အောင် တည့်မတ်သည့် နည်းလမ်းတခု ဖြစ်ကြောင်း ပြည်ထောင်စု ရှေ့နေများနှင့် ဥပဒေ အထောက်အကူပြု အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သည့် တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောသည်။
“သိက္ခာရှိအောင် သတိပေးတာပေါ့။ ကျမ်းကျိန်တယ်ဆိုရင် နံပါတ်တစ်က ကိုယ့်သိက္ခာကို ကိုယ်စောင့်ထိန်းရတော့မယ်။ တိုင်းပြည်က လိုလားနေတဲ့ အတိုင်းပဲ ဆုံးဖြတ်ပေးလိုက်တာ။ တရားရုံးတွေက အဂတိတွေ များနေတယ်၊ မမှန်မကန် ဖြစ်နေတယ်ဆိုတာကို မှန်အောင် တနည်းနည်းနဲ့ တည့်ပေးတဲ့ သဘောပေါ့”ဟုလည်း ၎င်းက ပြောဆိုသည်။
ကျမ်းသစ္စာ ကျိန်ဆိုခြင်း သို့မဟုတ် ကတိသစ္စာပြုပြီးကြောင်း တရားခွင် နေ့စဉ် မှတ်တမ်းတင်ရန်ကိုလည်း ဥပဒေတွင် ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများ အသင်း အထွေထွေ အတွင်းရေးမှူး ဦးသိန်းသန်းဦးကမူ“ဘာမှမဟုတ်ဘူး ကြောင် ရေချိုးတာပဲ။ ကျမ်းကျိန်ပြီးတော့ မဟုတ်တာလုပ်လည်း ရတာပဲ။ ကျမ်းမကျိန်ဘဲနဲ့ အမှန်အတိုင်း လုပ်လည်းရတာပဲ။ ကျမ်းကျိန်တာ၊ မကျိန်တာနဲ့ သိပ်မသက်ဆိုင်ပါဘူး။ တရားရုံးမှာ သက်သေတွေကို ကျမ်းကျိန်ခိုင်းတာပဲ၊ သက်သေတွေ လည်း မမှန်တာ ထွက်ချင် ထွက်တာပဲ၊ For show သက်သက်ပါပဲ”ဟု ပြောဆိုသည်။
လက်ရှိတွင်မူ ထိုညွှန်ကြားချက်အရ တရားသူကြီးများသည် တရားခွင်တက်တိုင်း၊ အမှုစစ်တိုင်း ကျမ်းကျိန်ရန် မလိုအပ် သော်လည်း နေ့စဉ် တရားခွင် စတင်သည့်အချိန်တွင် ကျမ်းသစ္စာ သို့မဟုတ် ကတိသစ္စာပြုရတော့မည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
တရားခွင်တွင် တရားသူကြီးများ ကျမ်းသစ္စာ ကျိမ်ဆိုရေး လွှတ်တော်တွင် ဆွေးနွေးမည်
တရားသူကြီးများ ကျမ်းကျိန်ရမည့် ဥပဒေကြမ်း အမျိုးသား လွှတ်တော် အတည်ပြု