နေပြည်တော်ကောင်စီ နယ်မြေ စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှူးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအရ မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က စစ်ဆေးနေသည့် အမှုကို သြဂုတ်လ ၂၈ ရက်က အပြီး အပြတ် လွှတ်မိန့် ချမှတ်လိုက်သည်။
အဂတိမှုဖြင့် တရားစွဲဆို စစ်ဆေးခံရသည့် နေပြည်တော် ဈေးများ ဌာနမှုးမှာ ဦးမင်းလွင်စိုး ဆိုသူ ဖြစ်သည်။
ဦးမင်းလွင်စိုး၏ ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက“ဘာကြောင့်လွှတ်တာလဲဆိုတော့ ပထမ အမှုက ဗီဒီယိုဖိုင်နဲ့ ဓာတ်ပုံ တွေကို လုပ်ကြံပြီး တင်တယ်။ ဗီဒီယိုမှာ ဖြတ်၊ ညှပ်၊ ကပ် လုပ်ပြီးတော့ တင်တာကို စစ်ဆေးပေါ်ပေါက်ခဲ့ တယ်။ ပေါ်အောင်လို့လည်း ကျနော်တို့ မှုခင်းဌာနကို ၂ ကြိမ်တိုင် ပြန်စစ်ဆေးခိုင်းရပါတယ်။ အဲဒီမှာ တရားရုံးက ဒုတိယ သက်သေခံအဖြစ် သံသယဖြစ်စရာ ပေါ်ပေါက်တယ်။ သက်သေ မထင်ရှားတဲ့အတွက် အပြီးအပြတ် လွှတ်ပေး လိုက်တာပါ”ဟု ပြောပြသည်။
ယခုကဲ့သို့ တရားသေ အပြီးအပြတ် လွှတ်မိန့်ချခဲ့သည့် အပေါ် ၎င်း အနေဖြင့် မည်သို့မျှ ပြောစရာ မရှိကြောင်း ဦးမင်းလွင်စိုး က ပြောသည်။
ဦးမင်းလွင်စိုးက“ကျနော့် နစ်နာမှုတွေ အတွက် ဘာဆက်လုပ်ရမယ် ဆိုတာကို ကျနော့် ရှေ့နေနဲ့ တိုင်ပင်ပြီး လုပ်စရာ ရှိတာကို ဆက်လုပ် သွားမယ်”ဟုလည်း ပြောဆိုသည်။
နေပြည်တော် စည်ပင်သာယာရေး ကော်မတီ ဈေးများဌာနမှ ဌာနမှူး ဦးမင်းလွင်စိုးကို သားသတ်လိုင်စင် ရရှိသူများဖြစ် သည့် ဦးမျိုးခက်နှင့် ဦးဘိုဘိုဟန်တို့ထံမှ ငွေကြေးရယူခဲ့ကြောင်း လုပ်ငန်းရှင်နှစ်ဦးက၂၀၁၇ ခုနှစ် သြဂုတ်လ အတွင်း အဂတိ တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားခဲ့ရာ ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ် ၍ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ ဖြင့် အမှု ၂ မှု ဖွင့်လှစ်ခဲ့သည်။
ထိုဌာနမှူး ဦးမင်းလွင်စိုး အမှုကို မန္တလေးတိုင်း ဒေသကြီး တရားလွှတ်တော်က လက်ခံ၍ စစ်ဆေးခဲ့ခြင်း ဖြစ်သည်။
ဦးမင်းလွင်စိုးသည် ဦးမျိုးခက်ထံမှ ၂၀၁၇ ခုနှစ် သြဂုတ် ၁၉ ရက်က ငွေကျပ် ၁၀ သိန်း၊ ဦးဘိုဘိုဟန်ထံမှ ၂၀၁၇ ခုနှစ် မတ်လပိုင်းက ငွေကျပ် သိန်း၂၀ တို့ကို နိုင်ငံ့ ဝန်ထမ်း လုပ်ပိုင်ခွင့်ရှိသူများ လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုကာ ငွေကြေး ရယူခဲ့ကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့သည်ဟု ဆိုကာ ပုဒ်မ ၅၆ အရ ၂၀၁၇ ခုနှစ် အောက်တိုဘာ ၃၀ ရက်က အမှုဖွင့် ဖမ်းဆီးခဲ့သည်။
အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၆ တွင် နိုင်ငံရေး ရာထူး လက်ရှိ ရှိသူမှအပ အခြား လုပ်ပိုင်ခွင့် အာဏာ ရှိသူ (သို့) လုပ်ပိုင်ခွင့် အာဏာရှိစဉ်က မည်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်း ခံရလျှင် ထိုသူကို ဆယ်နှစ်ထက် မပိုသော ထောင်ဒဏ် ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။
ရှေ့နေ တော်ဝင် ဦးခင်မောင်သန်းက“အခုလိုမျိုး နည်းလမ်းပေါင်းစုံနဲ့ မသမာမှုတွေ ပြုလုပ်ပြီး နိုင်ငံ့ဝန်ထမ်းတွေကို လုပ်ကြံတရားစွဲဆို အရေးယူသွားမယ်ဆိုရင် နစ်နာတယ်။ အခု အမှုမှာ အီလက်ထရွန်နစ် နည်းပညာကို အသုံးချပြီး လာဘ်ပေး လာဘ်ယူမှု အတု ဖန်တီးတာ။ ကြောက်စရာ တော်တော်ကောင်းပါတယ်။ ဦးမင်းလွင်စိုးဆိုတာက ဆုတွေရ ထားတဲ့ နိုင်ငံ့ ဝန်ထမ်းကောင်း တယောက်ပါ။ အဲဒါကို ၂ နှစ်နီးပါး ဒုက္ခရောက်အောင် လုပ်ခဲ့ကြတာ”ဟု ပြောသည်။
၎င်းက ဆက်လက်၍ “ဒါကြောင့် အခုအမှုကို အဂတိပြန်တင်ပေးသွားမယ်။ မမှန်မကန်တိုင်ကြားတဲ့သူ အတွက် အဂတိ ဥပဒေအရ ပြစ်ဒဏ်တွေ သတ်မှတ်ထားပြီးသားပါ၊ နောက်ပြီး ၂ နှစ်နီးပါးလောက် အချုပ်နဲ့အမှုကို ရင်ဆိုင်ခဲ့ရတဲ့ နစ်နာ မှု အတွက် တရားမကြောင်း အရ ဖော်ထုတ်ပြီး တရားစွဲဆိုသွားမယ်”ဟုလည်း ပြောဆိုသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၉ အရ မမှန်မကန် တိုင်ကြားခြင်း စစ်ဆေးပေါ်ပေါက်လျှင် မမှန်မကန် တိုင်ကြားသူအား အဂတိတိုက်ဖျက်ရေး ကော်မရှင်က ပြန်လည် တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ပြဋ္ဌာန်းထားပြီး ထောင် ဒဏ် ၂ နှစ် ချမှတ်ရမည်ဟု သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းရှင် ၂ ဦးက ဦးမင်းလွင်စိုး နည်းတူ နေပြည်တော် စည်ပင် တိရစ္ဆာန်ကုသရေးနှင့် သားသတ်ရုံ များဌာန ဌာနမှူး ဒေါက်တာ ခိုင်စိုးလှ ကိုလည်း ငွေကြေးယူခဲ့သည်ဟုဆိုကာ တိုင်ကြားခဲ့သဖြင့် ဒေါက်တာ ခိုင်စိုးလှသည် ဦးမျိုးခက် ထံ မှ ငွေကျပ် ၅ သိန်း တကြိမ်၊ ငွေကျပ် ၁၀ သိန်းနှင့် လက်ဆောင်ပန်းခြင်း လက်ခံရယူခဲ့သည့် ဗီဒီယို သက်သေ များ အရ ပေါ်ပေါက်ရာ အလုပ်နှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့ပြီး ဖြစ်သည်။
မြန်မာနိုင်ငံ အဂတိတိုက်ဖျက်ရေး ကော်မရှင်မှ ညွှန်ကြားရေးမှူး ဦးကျော်စိုးက“တိုင်ကြားစာတိုင်းကို အဂတိမြောက် လား၊ မမြောက်လား ဆိုတာ ဥပဒေနဲ့အညီ ဆုံးဖြတ်ရပါတယ်။ ဆုံးဖြတ်ပြီးတော့မှ ကော်မရှင်တဦး ဦးဆောင်တဲ့ စုံစမ်း စစ်ဆေး အဖွဲ့ကို ဖွဲ့တယ်။ သေသေချာချာ စုံစမ်း စစ်ဆေးတာမျိုးတွေကို လုပ်ပြီးတော့မှ ခိုင်မာမှုရှိမှ အဂတိဥပဒေနဲ့ အမှုဖွင့် အရေးယူတာမျိုးပါ၊ စုံစမ်းစစ်ဆေးတယ် ဆိုတာကလည်း အဖြစ်မှန် ပေါ်ဖို့အတွက်ပါပဲ။ အထောက်အထား ခိုင်လုံမှုမရှိဘဲ တရားစွဲမယ်ဆိုရင် နစ်နာမှုက အားလုံးအတွက် မကောင်းနိုင်ပါဘူး”ဟု ပြောသည်။
မြန်မာနိုင်ငံ အဂတိ တိုက်ဖျက်ရေး ကော်မရှင်သို့ တိုင်ကြားမှုတိုင်းသည် အဂတိဥပဒေဖြင့် ငြိစွန်းမှု မရှိဘဲ အခြား ဥပဒေ များနှင့် ငြိစွန်းနေလျှင် ကော်မရှင်အနေဖြင့် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန၊ အဖွဲ့အစည်းများသို့ လွှဲပြောင်း ပေးရကြောင်း သိရသည်။
You may also like these stories:
အဂတိ တိုက်ဖျက်ရေး ကော်မရှင် တနှစ်ပြည့်ပြီ
အဂတိမှုများ တိုက်ဖျက်သော်လည်း သိသိသာသာ မကျဟု ကော်မရှင် ဥက္ကဋ္ဌ ပြော
ပဲခူးတိုင်း မိုးညိုမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် အဂတိမှုဖြင့် အရေးယူခံရ
ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမားသံအရာရှိ လာဘ်စားမှုဖြင့်စစ်ဆေးခံရ