ထိုင်းမြန်မာနယ်စပ်၊ ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်လျန်းဒေသတွင် စိတ်ကြွမူးယစ်ဆေးပြား ၇ သန်းကျော်နှင့် အတူ လက်နက်များကိုင်ဆောင်ထားသူ ၅၃ ဦးကို ဖမ်းဆီးထားကြောင်း “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က အတည်ပြုသည်။
လွယ်လျန်းဒေသမှ တဆင့် မျက်နှာချင်းဆိုင်ရှိ ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ မဲ့အိုင်ဒေသသို့ ယခုလ ၂၆ ရက်နေ့က တောလမ်းမှ တဆင့် စိတ်ကြွဆေးပြားများ ပို့ဆောင်မည့် သူများကို တားဆီးရာမှ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
လက်နက်များနှင့် အတူ ဖမ်းဆီးထာသည့် အဆိုပါ ၅၃ ဦးထဲတွင် ထိုင်းနိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံသား ၃၉ ဦးပါဝင်ကြောင်း UWSA ၏ လားရှိုးမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းက ပြောသည်။
ဦးညီရန်း က “တချို့လူတွေကတော့ တိုက်ပွဲဖြစ်နေရာကနေ ဟိုဘက် (ထိုင်းနိုင်ငံ) ကို ရောက်သွားတာလည်း ရှိပါတယ်။ ဒီလို တောလမ်းတွေကနေ သူတို့ သွားလာနေတတ်တာကို ကျနော်တို့က သတင်းရထားတယ်။ အဲ့ဒီအတွက် စောင့်ဖမ်းတာ” ဟု ဆိုသည်။
မူးယစ်ဆေးဝါး၊ လက်နက်များနှင့် ဖမ်းဆီးမိခဲ့သည့် ထိုင်းနိုင်ငံသားများအတွက် “ဝ” တပ်ဖွဲ့မှ ထိုင်းနိုင်ငံ အာဏာပိုင်များထံ အကြောင်း ကြားထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် Thaivisa သတင်းဌာနက ရေးသားထားသည်။
ဖမ်းဆီးရမိမှုများတွင် မိုဘိုင်းဖုန်းများ၊ ပစ္စတိုများ၊ AK 47 ရိုင်ဖယ်၊ M16 ရိုင်ဖယ်များ၊ MA ရိုင်ဖယ်များ၊ M79 လောင်ချာများလည်း ပါဝင်ကြောင်း သိရသည်။
ဖမ်းဆီးရမိသူများကို “ဝ” တပ်ဖွဲ့ကပင် ထိန်းသိမ်းထားပြီး ဖမ်းဆီးရမိခဲ့သည့် ထိုင်းနိုင်ငံသားများတွင် ထိုင်းအစိုးရမှ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားသူများကို သတ်ဖြတ်မှုဖြင့် အလိုရှိနေသည့် ဝရမ်းထုတ်ခံထားရသူများလည်း ပါဝင်နေသည်ဟု သိရသည်။
ဦးညီရန်း က “ကျနော်တို့ အခုထိ စိစစ်နေဆဲပါ။ ဖမ်းမိတဲ့ သူတွေထဲက ထိုင်းနိုင်ငံသားတွေကိုလည်း ထိုင်နိုင်ငံဘက်ကို လွှဲပြောင်းပေးမလား၊ မြန်မာနိုင်ငံသားတွေကိုလည်း မြန်မာရဲတပ်ဖွဲ့ဆီကို လွှဲပေးမလားဆိုတာ စိစစ်နေတယ်။ အဲ့ဒီလို လွှဲပြောင်းပေးခဲ့ဖူးတဲ့ အစဉ်အလာတွေလည်း ရှိပါတယ်” ဟု ဆိုသည်။
ယခုနှစ်အတွင်းပင် မှောင်ခိုတောလမ်းမှ မူးယစ်ဆေးဝါးများ နိုင်ငံဖြတ်ကျော် သယ်ဆောင်မှုများကို “ဝ” တပ်ဖွဲ့ဝင်များမှ ဖမ်းဆီးရမိမှုများ ရှိနေကြောင်း၊ စာရင်းအတိအကျကိုတော့ မပြောနိုင်သေးကြောင်း သူက ဆက်ပြောသည်။
ယခုလဆန်းပိုင်းကလည်း တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဒေသသို့ ဆိုင်ကယ်ဖြင့် မြန်မာအစားအသောက်များနှင့် အတူ ဘိန်းစိမ်းများ သယ်ဆောင်လာသည့် မြန်မာအမျိုးသမီး ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။
ယခုလ ၂၆ ရက်နေ့ကလည်း ထိုင်းမြန်မာ နယ်စပ်အနီး ထိုင်းနိုင်ငံဘက်အခြမ်းတွင် မူးယစ်ဆေးဝါး သယ်ဆောင် လာသူများနှင့် ထိုင်းရဲတပ်ဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး မူးယစ်ဆေးဝါး သယ်ဆောင်လာသူများထဲမှ တဦးသေဆုံးကာ နောက်တဦးကို စိတ်ကြွဆေးဝါး ၁၀ သန်းကျော်ဖြင့် ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းတပုဒ်တွင် ဖော်ပြထားသည်ကိုတွေ့ရသည်။
You may also like these stories:
NCA တွင် UWSA ပါလာရေး ဆွေးနွေးနေဟု အစိုးရပြော
မူးယစ်ဆေးဝါး “လုံးဝ” ပပျောက်သည်အထိ လုပ်မည်ဟု မိုင်းလားကြေညာ
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်ရန် UWSA အဖွဲ့ အဆိုပြုချက် ရေးဆွဲနေ
ပြည်ပရန် ကျူးကျော်လာလျှင် တပ်မတော်နှင့်အတူ ပူးပေါင်း ကာကွယ်မည်ဟု UWSA ပြော