သတင်း

ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်

Want create site? Find Free WordPress Themes and plugins.

ရန်ကုန်တိုင်း လှိုင်သာယာ၊ ရွှေပြည်သာနှင့် ကျောက်တန်း မြို့နယ်တို့တွင် အလုပ်ရှင်၊ အလုပ်သမား ပြဿနာများ ညှိနှိုင်း ဖြန်ဖြေရေး ဥပဒေ အားနည်းချက်များကြောင့် အလုပ်သမားများ ထိခိုက်နစ်နာမှု၊ ရသင့်ရထိုက်သည့် အခွင့်အရေး အပြည့် အဝ မရရှိမှုများကြောင့် ဆန္ဒထုတ်ဖော်မှုများ ပြုလုပ်ကြကြောင်း သိရသည်။

ယနေ့ နံနက်ပိုင်းက အလုပ်သမား ၂၀၀၀ နီးပါးသည် လှိုင်သာယာမြို့နယ် ပန်းလှိုင် အိမ်ရာဝင်းထိပ်မှ စတင်ပြီး ရန်ကုန်-ညောင်တုန်း လမ်းမရှိ ရုံးရှေ့ မှတ်တိုင်အထိ လမ်းလျှောက် ဆန္ဒပြခြင်း ဖြစ်သည်။

ဆန္ဒ ထုတ်ဖော်မှုတွင် လှိုင်သာယာ၊ မှော်ဘီ၊ ကျောက်တန်း၊ ဒဂုံမြို့သစ် (တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ဆိပ်ကမ်း) မြို့နယ် တို့မှ အလုပ်သမားများ စုပေါင်း ပါဝင်ကြောင်း သိရသည်။

လက်ရှိ ပြန်လည် ပြင်ဆင် အတည်ပြုလိုက်သည့် အလုပ်ရှင်၊ အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး ဥပဒေတွင် အခွင့်အရေး ဆိုင်ရာ အငြင်းပွားမှု ဆိုသည့် စကားရပ်ကို တိတိကျကျ ပြဋ္ဌာန်းထားသော်လည်း အကောင်အထည် ဖော်နေသည့် သက် ဆိုင်ရာ အစိုးရဌာနများ အနေဖြင့် ဥပဒေပါ လုပ်ထုံးလုပ်နည်း အတိုင်း အကောင်အထည် ဖော်ပေးရန် တောင်းဆိုမှုများ ပြု လုပ်နေခြင်းဖြစ်သည်ဟု ဆန္ဒပြပွဲကို ဦးဆောင်ခဲ့သည့် မြန်မာနိုင်ငံ ကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM) မှ မခိုင်ဇာအောင်က ပြောသည်။

ကျောက်တန်းမြို့နယ် Prosperity သိုးမွေးစက်ရုံမှ အလုပ်သမား အခွင့်အရေးများ ဆုံးရှုံးနစ်နာနေမှုကို စက်ရုံရှိ အလုပ် သမား သမဂ္ဂ အဖွဲ့မှ အလုပ်ရှင်ဘက်သို့ တောင်းဆိုခဲ့သော်လည်း မရရှိသည့်အတွက် ကျောက်တန်းမြို့နယ်ရှိ အလုပ် သမား အငြင်းပွားမှု ဖြေရှင်းရေး အဖွဲ့သို့ ထပ်မံတိုင်ကြားရာ ဇွန်လ ၄ ရက်တွင် အလုပ်ရှင်နှင့် အလုပ်သမားများ သဘော တူညီချက် စာချုပ်များ ချုပ်ဆိုအပြီး နောက်၂ ရက်တွင် အဆိုပါ စက်ရုံ၏ အလုပ်သမား သမဂ္ဂ ခေါင်းဆောင်၂ ဦးကို အလုပ် ထုတ် ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

မခိုင်ဇာအောင်က“ကျမတို့ တောင်းဆိုနေတာက ဒီအမှုတခုတည်း အတွက် မဟုတ်ဘူး။ ဒီအမှုက အငြင်းပွားမှု ဥပဒေ ပြင် ဆင်အပြီး ပထမဆုံး ဖြစ်လာတဲ့အမှု ဖြစ်တယ်။ ဒီအမှုကို နမူနာယူပြီးတော့ အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အနေနဲ့ ဥပဒေပါ အချက်များ အတိုင်း တိတိကျကျ အကောင်အထည်ဖော်ပေးဖို့ပါ။ အခုဆို အဲဒီစက်ရုံက အလုပ်သမားတွေဟာ အလုပ် လည်း ပြန်မရဘူး။ နစ်နာကြေးလည်း မရဘူး။ ဒါကို ကျမတို့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဆီ စာတင်ပြထားတာ ၁ လ ကျော် ပြီ။ အခုထိ ဘာမှလည်း အကြောင်းပြန်ကြားတာ မရှိသေးဘူး။ ဖြေရှင်းပေးတာ မရှိသေးဘူး”ဟုလည်း ပြောဆိုသည်။

လှိုင်သာယာ မြို့နယ် အလုပ်သမား ဆန္ဒပြပွဲ၌ အလုပ်သမားများက အငြင်းပွားမှု ဥပဒေပါ အချက်များကို တိကျစွာလိုက်နာ အကောင်အထည် ဖော်ပေးရန်၊ အလုပ်ပြန်ရလိုသည့် အတွက် တိုင်ကြားသည့် အငြင်းပွားမှုအား အသိအမှတ်ပြု ဖြေရှင်း ပေးရန်၊ မြို့နယ် ညှိနှိုင်းဖြန်ဖြေရေးအဖွဲ့၊ အလုပ်သမား ဦးစီးဌာနများမှ ဆောင်ရွက်မှုများသည် ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့် မကိုက်ညီပါက အစိုးရ တာဝန်ရှိသူများ၊ ဝန်ကြီးဌာန တာဝန်ရှိသူများက လျှင်မြန်စွာ စည်းကြပ် တည့်မတ်ပေးရန် တို့ကို တောင်းဆို ခဲ့ကြသည်။

ကျောက်တန်းမြို့နယ်တွင်လည်း Prosperity သိုးမွေးစက်ရုံမှ အလုပ်သမဂ္ဂ ခေါင်းဆောင် ၂ ဦး အလုပ်ထုတ်ခဲ့မှုနှင့် ပတ် သက်ပြီး အဆိုပါ စက်ရုံအလုပ်သမား ၅၀၀ ခန့်ကလည်း ယနေ့နံနက်ပိုင်းတွင် မြို့နယ် အလုပ်သမား ညှိနှိုင်းဖြန်ဖြေရေး အဖွဲ့ ကို ဆန္ဒပြခဲ့ကြသည်။

ထို့အတူ ရွှေပြည်သာ မြို့နယ်တွင်လည်း Young Clothing 2 အထည်ချုပ်စက်ရုံတွင် လုပ်ငန်းတူ ပိုင်ရှင်တူဖြစ်သော်လည်း စက်ရုံ ၁ ရုံနှင့် ၁ ရုံကြား ခံစားခွင့်များ ကွာခြားနေမှုကြောင့် အလုပ်သမား ဆန္ဒပြမှုများ ဖြစ်ပွားနေသည်။

အဆိုပါ စက်ရုံသည် လှိုင်သာယာတွင် ၁ ရုံ၊ ရွှေပြည်သာမြို့နယ်တွင် ၁ ရုံရှိနေပြီး ထို ၂ ရုံကြားတွင် လစာ၊ အချိန်ပိုကြေး၊ ကျွမ်းကျင်ကြေးများ အပြင် ခွင့်ရက်ရရှိမှု ပုံစံများ ကွဲပြားနေသည့် အတွက် ရွှေပြည်သာမြို့နယ်ရှိ စက်ရုံအလုပ်သမားများ ခံစားခွင့် နည်းပါးနေသဖြင့် ယနေ့အချိန်အထိ လုပ်ငန်းခွင့်မဝင်ဘဲ ဆန္ဒပြနေသည်မှာ ၆ ရက်ရှိပြီဟု အဆိုပါ စက်ရုံ အလုပ် သမား တဦးဖြစ်သူ မလှလှဝင်းက ပြောသည်။

မလှလှဝင်းက“အခု စက်ရုံအပြင်ဘက်မှာ ထိုင်ဆန္ဒပြနေတာ အလုပ်သမား ၆၀၀ လောက်ရှိတယ်။ စက်ရုံအတွင်းမှာ ရှိနေ သူတွေကလည်း လုပ်ငန်းခွင် မဝင်ကြဘူး။ ကျွမ်းကျင်မှု အဆင့်တွေ သတ်မှတ်တာ တကယ်ကျွမ်းကျင်သူတွေကိုတောင် အနိမ့်ဆုံး အဆင့်တွေပေးတော့ ရတဲ့နှုန်းတွေက တအားနည်းတယ်။ အချိန်ပိုဆင်းရင်လည်း ည ၈ နာရီအထိပဲ ဆင်းတဲ့သူ ဆို သူတို့က ကျွမ်းကျင်မှု အနိမ့်ဆုံးအဆင့် သတ်မှတ်ရော၊ ည ၁၀ နာရီအထိ ဆင်းတဲ့သူမှ အမြင့်အဆင့်တွေ ပေးတာ။ ရှောင်တခင်ခွင့်၊ လုပ်သက်ခွင့် စတဲ့ဟာတွေလည်း မပေးဘူး။ ဒါတောင်မှ လှိုင်သာယာက စက်ရုံမှာ သူဌေးချင်း အတူတူ ဖြစ်ပေမယ့် အလုပ်သမားတွေရဲ့ လစာက ကျပ် ၁ သိန်းလောက်ထိ ကွာရော”ဟု ပြောဆိုသည်။

အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေ ပြင်ဆင်လိုက်ပြီ ဖြစ်သော်လည်း ဥပဒေကို အကောင်အထည်ဖော်ရမည့် လုပ်ထုံး လုပ်နည်း၊ နည်းဥပဒေက ရေးဆွဲနေဆဲဖြစ်သည်ကို အချိန်ယူရဦးမည်ဟု အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာန အလုပ်ရုံနှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက ပြောသည်။

၎င်းက“နဂိုဥပဒေကို ပြင်လိုက်ပြီ ဆိုပေမယ့် ဒီဟာကို ဘယ်လို ကိုင်တွယ် ကျင့်သုံးရမယ်ဆိုတဲ့ နည်းဥပေဒက လိုသေး တယ်။ ချက်ချင်းကြီးတော့ ဒီဥပဒေပြင်တာနဲ့ ဒီဥပဒေအတိုင်း အခွင့်အာဏာကို လုပ်လို့ မရသေးဘူး။ အဲဒီလို မစောင့်ဘဲနဲ့ ကိုယ့်ဆန္ဒ ကို ရှေ့တန်းတင်ပြီးတော့ လုပ်လို့ မရဘူး။ ညှိနှိုင်း တိုင်ပင်တာတွေ လုပ်နေရဦးမှာပဲ။ တိုးတောင်းသမျှ ဖြေရှင်း နေလို့တော့ မရဘူး။ အဲဒီလို ကိုယ့်ဆန္ဒကို ရှေ့တန်းတင်နေမယ် ဆိုရင်တော့ ခက်ခဲနေဦးမှာပဲ”ဟု ဆိုသည်။

အလုပ်သမား ဆန္ဒပြမှု တချို့ဖြစ်ရပ်များတွင် သဘောရိုးဖြင့် တောင်းဆိုမှုများ ရှိသလို တချို့ဖြစ်ရပ်များတွင် အခွင့်အရေး မပေးရင် မရ ဆိုသည့် အခြေအနေမျိုးသည် ဖြစ်သင့်သည့် အခြေအနေ မဟုတ်ကြောင်းလည်း ဦးညွန့်ဝင်းက ပြောဆို သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading