သတင်း

လင်းမြွေတောင် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များကျ ဟု တပ်မတော်ပြော

Want create site? Find Free WordPress Themes and plugins.

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ မြောက်ဦးမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းမကြီးအနီး လင်းမြွေတောင်တွင် တပ်စွဲထားသည့် တပ်မတော်၏ လှုပ်ရှား စခန်းတခုကို သြဂုတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ရက္ခိုင့် တပ်တော် (AA) က အင်အားသုံး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါတိုက်ပွဲတွင် AA တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ရှင်းပြသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က“ယာယီစခန်းရဲ့ အပြင်ဘက်ကို လိုက်ရှင်းတဲ့အခါ သူတို့ဆီက အလောင်း ၆ လောင်း၊ လက်နက်ငယ် ၅ လက် ရလိုက်တယ်။ လက်နက်ငယ် ၅ လက်ထဲမှာ စက်သေနတ် ၁ လက်ပါတယ်။ လက်ပစ်ဗုံး ၈ လုံး ရလိုက်တာ ရှိတယ်။ ကျနော်တို့ဘက်က အကျ အဆုံး မရှိဘူး”ဟု ပြောသည်။

တိုက်ခိုက်မှုမှာ နေ့လယ် ၂ နာရီခန့်တွင် အားလုံး ပြီးဆုံးသွားပြီး AA တို့ ဆုတ်ခွာရာ လမ်းကြောင်းနောက်သို့ တပ်မတော်က လိုက်လံ ရှင်းလင်းနေကြောင်း၊ လူမှုကွန်ရက်တွင် ဝါဒဖြန့်နေသည့် တပ်မတော်၏ စခန်း ကျသွားသည် ဆိုသည်မှာ မဟုတ်ကြောင်း ဆိုသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “စခန်းကျသွားတယ်ဆိုတာ မဟုတ်ဘူး။ စခန်း လုံးဝ မကျတဲ့အပြင် သူတို့ အင်အား ၁၅၀ လည်း ပြန်ဆုတ်သွားတယ်” ဟု ပြောသည်။

ထိုတိုက်ပွဲနှင့် တရက်တည်းတွင်ပင် ဖုန်ညိုလိပ်နှင့် ဘူးသီးတောင်ဘက်တွင် နှစ်ဘက်အကြား တိုက်ပွဲ ဖြစ်ပွားခဲ့သေးပြီး နှစ်ဘက်လုံး အကျအဆုံး မရှိကြောင်း တပ်မတော်ဘက်က ပြောသည်။

လင်းမြွေတောင် တိုက်ပွဲမှာ မနက် ၄ နာရီမှ ၇ နာရီအထိ အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲတွင် တပ်မတော်ဘက်က ၃၀ ဦးခန့် ကျဆုံးပြီး ဒဏ်ရာရသူများလည်းရှိကြောင်း၊ ၎င်းတို့ဘက်တွင်လည်း ၂ ဦးကျဆုံးပြီး ၄ ဦးဒဏ်ရာရကြောင်း AA ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခက ပြောသည်။

ဦးခိုင်သုခ က “ဝင်သိမ်းတယ်ဆိုတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ လင်းမြွေတောင်စခန်းက ရန်သူ အထိ နာအောင်လို့တော့ ကျနော်တို့က တက်ရောက် တိုက်ခိုက်နိုင်ခဲ့တာပေါ့။ အပြတ်အသတ် သိမ်းပြီးတော့ စခန်းထိုင်ဖို့ သွားတာ မဟုတ်ပါဘူး။ ရန်သူရဲ့ အမြောက် စခန်းကို ကျနော်တို့ ဘက်က တက်ရောက်ပြီး ချေမှုန်းတဲ့သဘောပဲ”ဟု ရှင်းပြသည်။

သြဂုတ်လ ၂၈ ရက်နေ့က ရခိုင်ဒေသတွင် တိုက်ပွဲ ၇ နေရာ ဖြစ်ပွားခဲ့ရာ လင်းမြွေတောင်၊ တပ်မတော်၏ စကခ ၉ ဌာနချုပ်ကို ၁၀၇ မီလီမီတာ ဒုံးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ခမရ ၃၇၄ အခြေစိုက်သည့် ဒေါင်းတောင်ရိုး စခန်းကိုလည်း ပစ်ခတ်ခဲ့ကြောင်း၊ ဘူးသီးတောင် မြို့နယ်ထဲတွင်လည်း တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း AA ဘက်က ပြောသည်။

“၂၇ ရက်နေ့ကလည်း ညဘက်မှာ စစ်တပ်ရဲ့ စစ်သဘောၤတစီးကို ကုလားတန်မြစ်ထဲက ကစ္စပနဒီ တံတားနားမှာ ကျနော်တို့ ဘက်က ကြားဖြတ် တိုက်ခိုက်ခဲ့တာ ရှိတယ်။ စစ်သဘောၤကို ထိတယ်”ဟု ခိုင်သုခက ပြောသည်။

ယခုအကြိမ် တိုက်ပွဲကြောင့် ဒေသခံများမှာ စိုးရိမ်ထိတ်လန့်လျက်ရှိပြီး တိုက်ပွဲ ဖြစ်ပွားရာအနီးရှိ ကျေးရွာတချို့ထံကျည်၊ အမြောက် ဆန်များ ကျသဖြင့် အမျိုးသမီးငယ်တဦး ထိခိုက်မှု ရှိကြောင်း မြောက်ဦးမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းသာစိန် က ပြောသည်။

ဦးထွန်းသာစိန် က“ပြည်သူတွေအနေနဲ့ စစ်ပွဲ အပေါ်မှာ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်တယ်လို့ ပြောရမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မနက် ၄ နာရီကနေ ည ၈ နာရီအထိ အချိန် တော်တော်လေး ကြာတယ်။ ဒီတခေါက် တိုက်ပွဲကတော့ တခြားတိုက်ပွဲတွေနဲ့ စာရင်တော့ ပြည်သူတွေ အထိအခိုက် နည်းတယ်လို့ ပြောရမှာပါပဲ”ဟု ပြောသည်။

ရခိုင်ပြည်နယ် အတွင်း AA နှင့် တပ်မတော်တို့သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှ စတင်ကာ ရသေ့တောင်၊ ဘူးသီးတောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး စသည့် မြို့နယ်များတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ၂ ဖက်စလုံးတွင်လည်း အကျအဆုံးများ ရှိသည်။

AA ပါဝင်သော မြောက်ပိုင်း မဟာမိတ်အဖွဲ့ဝင် ၄ ဖွဲ့ နှင့် အစိုးရ၊ တပ်မတော်တို့ကြား တွေ့ဆုံနိုင်ရေးမှာ တရုတ်နိုင်ငံ၏ ကြားဝင် ညှိနှိုင်းမှုဖြင့် ကျိုင်းတုံမြို့တွင် သြဂုတ်လ ၃၁ ရက်နေ့၌ တွေ့ ဆုံရန် ၂ ဘက် သဘောတူညီမှု ရရှိသွားပြီ ဖြစ်သည်။

တပ်မတော်က AA ကို သောင်းကျန်းသူ အဖွဲ့ အဖြစ်သာ သတ်မှတ်ကြောင်း ထုတ်ဖော် ပြောဆိုထားပြီး AA ကို ရခိုင်ပြည်နယ် အခြေစိုက်ခွင့်ပြုမည် မဟုတ်ကြောင်းလည်း ပြောဆိုထားသည်။

AA ကမူ ၎င်းတို့ကို ရခိုင်ပြည်သူလူထုက ရာခိုင်နှုန်း အပြည့် ထောက်ခံထားပြီး ဖြစ်၍ ရခိုင်ပြည်နယ်တွင် အခြေစိုက်ခွင့် ရရှိရန် ကြိုးပမ်းသွားမည် ဖြစ်ကြောင်း၊ ရခိုင်လူထု နာသည့် စစ်ပွဲများ ရပ်ပြီး နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးသည့် နည်းလမ်းဖြင့် ကြိုးစား မည်ဟု ထုတ်ဖော် ပြောဆိုထားသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading