မြန်မာနိုင်ငံတွင် လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း အတွက် ကာကွယ်ရန်၊ ကိုင်တွယ် ဖြေရှင်းရန် ကူညီပေးမည့် တရားဝင် မူဝါဒများနှင့် လုပ်ထုံး လုပ်နည်းများ ရှိသော စီးပွားရေး လုပ်ငန်းရှင်များ လွန်စွာ နည်းပါးနေသည်ဟု သိရသည်။
အလုပ်သမား ပြဿနာများ ကူညီ ဖြေရှင်းပေး နေသည့် အနာဂတ် အလင်းတန်းဆုံမှတ်၏ ဒါရိုက်တာ ဒေါ်သက်သက်အောင် က “အလုပ်ခွင်မှာ အနိုင်အထက် ပြုကျင့်တာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တာတွေကို ကာကွယ်ဖို့ ကူညီ ပေးနိုင်မယ့် တရားဝင် လုပ်ထုံးလုပ်နည်းတွေ ရှိတဲ့ စီးပွားရေး လုပ်ငန်းရှင်ဆိုတာ နည်းပါတယ်။ တချို့ လုပ်ငန်းခွင်ထဲမှာဖြစ်ရင် ဘယ်လို တိုင်ကြား ရမလဲ ဆိုတာမျိုးတောင် မရှိသေးဘူး”ဟု ပြောသည်။
လုပ်ငန်းခွင်အတွင်း နိုင်ထက်စီးနင်း ပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ရှိပါက ထိုအလုပ်တွင် လုပ်ကိုင်နေရသော ဝန်ထမ်းများ၏ ထုတ်လုပ်မှု စွမ်းအား လျော့နည်းနိုင်ကြောင်း ကျား၊ မ တန်းတူညီမျှခြင်း ကွန်ရက်၏ ပဲ့ကိုင်ကော်မတီဝင် မရည်မွန်ကလည်း ထောက်ပြသည်။
အမျိုးသားနှင့် အမျိုးသမီး နှစ်မျိုးစလုံးတွင် လုပ်ငန်းခွင် နိုင်ထက်စီးနင်း ပြုလုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်ခြင်းတို့ကြောင့် ထုတ်လုပ်မှု စွမ်းအား ၁၄ ရာခိုင်နှုန်း ဆုံးရှုံး နစ်နာနေသည်ဟု ကမ္ဘာ့ဘဏ်အုပ်စုဝင် အဖွဲ့အစည်းဖြစ်သည့် အိုင်အက်ဖ်စီ နှင့် ဓနအဖွဲ့အစည်းတို့မှ ယမန်နေ့က ထုတ်ပြန်ထားသည့် “လေးစားမှုရှိသည့် လုပ်ငန်းခွင်များ”သုတေသန အစီရင်ခံစာတွင် ဖော်ပြထားသည်။
စစ်တမ်းဖြေဆိုသူ ဝန်ထမ်း ၄၀ ရာခိုင်နှုန်းသည် နိုင်ထက်စီးနင်း ပြုလုပ်ခြင်း ခံစားခဲ့ရပြီး ၁၅ ရာခိုင်နှုန်းသည် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ခံခဲ့ရဖူးသည်ဟု အစီရင်ခံစာတွင် ဆိုထားသည်။
မရည်မွန်က “စနောက်တယ် ဆိုတာကနေ လာတဲ့ လိင်ပိုင်းဆိုင်ရာ ထိပါး နှောင့်ယှက်မှုမျိုးတွေကိုပါ လုပ်ငန်းခွင်က လက်မခံသင့်ဘူး။ ဒါဟာ လက်သင့်ခံရမယ့် အပြုအမူမျိုး မဟုတ်ဘူး ဆိုတာမျိုးကို လုပ်ငန်းခွင်တွေက တိတိပပနဲ့ နားလည် သဘောပေါက်ပြီးမှ လုပ်ငန်းခွင်အတွင်း မူဝါဒတွေ ချမှတ်ရမယ်လို့ ကျမက အကြံပေးချင်တယ်” ဟု အကြံပြုသည်။
နိုင်ထက်စီးနင်း ပြုလုပ်ခြင်းများတွင် အဖြစ် အများဆုံးက ကြီးကြပ်သူ လူကြီးထံမှ အတင်းအဖျင်း ပြောဆိုခံရခြင်း၊ အဆူခံရခြင်း သို့မဟုတ် အဆဲခံရခြင်းနှင့် အလုပ်နှင့်ပတ်သက်သည့် ကိစ္စရေးရာများ တွင် တမင်တကာ ချန်လှပ်ခံရခြင်းတို့ ဖြစ်သည်။
ရုပ်ပိုင်းဆိုင်ရာ ပုံပန်းသဏ္ဍာန်ကို လှောင်ပြောင်ကဲ့ရဲ့ခြင်း၊ ရိသဲ့သဲ့ နောက်ပြောင်ခြင်း နှင့် ကာယကံရှင် မလိုလားဘဲ ပွေ့ဖက်ခြင်း စသည်တို့သည် အဖြစ်အများဆုံး လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း ပုံစံများ ဖြစ်သည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ရွှေတောင် အင်ဂျီနီယာနှင့် ဆောက်လုပ်ရေး ကုမ္ပဏီမှ CEO ဖြစ်သူ ဦးဟန်သိန်းလွင်က“မြန်မာနိုင်ငံမှာ CEO တယောက်ဖြစ်ပြီး လေးစားမှုရှိတဲ့ လုပ်ငန်းခွင်တွေကို ထောက်ခံတယ်လို့ ပြောရုံနဲ့ မရပါ။ မူဝါဒ ၁ ခု၊ ထိရောက်သော မကျေနပ်ချက်ဖြေရှင်းတဲ့ ယန္တရားနဲ့ သင်တန်းစတာတွေ အသင့်ရှိရမယ်။ ဒီအစီရင်ခံစာက မြန်မာကုမ္ပဏီတွေအတွက် လုပ်ဆောင်ဖို့ လွယ်ကူစေမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ် ၂၁ ရက်နေ့က ကျား ၊ မရေးရာ တန်းတူညီမျှရေး ကွန်ရက် (Gender Equality Network – GEN) မှ တနှစ်ခန့် အချိန်ယူ ရေးဆွဲ ထားသော လုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ အလွဲသုံးစားမှု တားဆီး ကာကွယ်ရေးဆိုင်ရာ မူဝါဒ (Prevention of Sexual Harassment, Exploitation and Abuse Policy – PSHEA)ကို ထုတ်ပြန်ထားသေးသည်။
ထိုမူဝါဒ အရ လုပ်ငန်းခွင်အတွင်း လိင်ထိပါးနှောင့်ယှက်မှု၊ အမြတ်ထုတ်မှု၊ နိုင်ထက်စီးနင်း ပြုကျင့်မှုများအတွက် တိုင်ကြားနိုင်တော့မည် ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုများ တိုင်ကြားနိုင်ပြီ