မန္တလေးမြို့တော် အနေဖြင့် Asian-Oceanian Computing Industry Organization (ASOCIO) က ပေးအပ်သည့် Smart City Award 2019 ဆုကို ထပ်မံ ရရှိခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင် သာယာရေးကော်မတီက သိရသည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီဝင် Chief smart city officer ဦးရဲမြတ်သူက “ဘာကြောင့် အဲဒီဆုပေးတာ လဲဆိုရင် အာဆီယံမှာ မန္တလေးမြို့က စီးပွားရေး တိုးတက်မှုက အချိန်တိုအတွင်း အမြန်ဆုံးတိုးတက်မှု အပေါ်မှာ ပေးတာ ပေါ့။ အဓိကကတော့ Smart City အဖြစ်ဆုံး ဆိုတာထက် Smart City ခြေလှမ်းကို အမြန်ဆုံး လှမ်းနိုင်ခဲ့တာမို့ ရခဲ့တာပါ။ ဒီဆုရတာနဲ့ အညီ ကျနော်တို့ ဆက်လက်ကြိုးစားသွားရမှာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါဆုကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ၃နှစ်တာ ကာလအတွင်း လုပ်ဆောင်ချက်များ အပေါ် တိုးတက် ပြောင်းလဲလာမှုများကို အခြေခံ၍ ရွေးချယ်ခံခဲ့ရခြင်းဟု သိရသည်။
မန္တလေးမြို့ခံ စာရေးဆရာ ဆူးငှက်က “ဘာပဲပြောပြော အခုလို နိုင်ငံတကာဆု တွေ ရတယ်ဆိုတာ မန္တလေးမြို့သူ မြို့သား တွေ အတွက် ဂုဏ်ယူစရာဖြစ်သလို နိုင်ငံတော်အတွက်လည်း ဂုဏ်ယူစရာ ဖြစ်တယ်။ အထူးသဖြင့် ပြည်သူ လူထု ရွေး ချယ်တင်မြှောက်လိုက်တဲ့ အစိုးရလက်ထက်မှာ မြို့ပြ ဆိုင်ရာ အခင်းအကျင်း တွေက ထူးထူးခြားခြား တိုးတက်ပြီးတော့ နိုင်ငံတကာက အသိအမှတ်ပြု တယ်ဆိုတာကို ပထမဆုံးခံစားရတာဟာ မဲ ဆန္ဒရှင်တွေရဲ့ အောင်မြင်မှုလို့လည်း ပြောလို့ ရတယ်” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ဒါကြောင့်မို့ မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီရဲ့ အောက်ခြေ အဆင့် လုပ်သားတွေ ကနေ မြို့တော်ဝန်ကြီး အထိ စီမံခန့်ခွဲမှု ကောင်းခြင်း တခုအောက်မှာ ညီညီ ညွတ်ညွတ် ပူးပေါင်းဆောင်ရွက်ကြခြင်းရဲ့ အကျိုးရလဒ်လို့ မြင်တဲ့အတွက် မြို့သူမြို့သားများ ကိုယ်စား အထူးပဲဝမ်းမြောက် ပီတိဖြစ်ရပါတယ်” ဟု ပြောသည်။
အဆိုပါ ဆုပေးပွဲ အခမ်းအနားကို သြဂုတ်လ၂၈ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့ပြီး သုံးနှစ်တာကာလ အတွင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၏ လုပ်ဆောင်ချက် များကြောင့် တိုးတက်ပြောင်းလဲမှုများကို အခြေခံပြီး ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီး သရက်အစုအဖွဲ့ အသင်း ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကလည်း “မန္တလေးမှာရှိတဲ့ ပြည်သူတွေ တော်တော်များများ ဝင်ပါပြီးတော့ လှုပ်ရှားနေတာကြောင့် ဒီလောက်မြန်မြန်ဆန်ဆန်နဲ့ အောင်မြင်တိုးတက်လာတယ်လို့ပဲ ပြောချင်ပါတယ်။ တကယ်လည်း ကောင်းပါတယ်၊ ဝမ်းသာ ဂုဏ်ယူရမယ့် ကိစ္စလည်း ဖြစ်ပါတယ်” ဟု ပြောသည်။
၂၀၁၈ခုနှစ် အောက်တိုဘာ(၁၉)ရက်ကလည်း အရှေ့တောင်အာရှနိုင်ငံ၏ Smart City အဖြစ် အလားအလာ အကောင်းဆုံး ထိပ်တန်း ၁၀ မြို့ရွေးချယ်ရာတွင် မန္တလေးမြို့တော်သည် အဆင့်(၅)တွင် ရပ်တည်ခဲ့ပြီး Smart City အဖြစ် ရွေးချယ် ခံခဲ့ရသေးသည်။
Smart City၏ အခြေခံရည်မှန်းချက်မှာ ပြည်သူများ၏ နေထိုင်မှုဘဝ မြင့်မားလာခြင်း၊ စီးပွားရေး လုပ်ငန်းများ တိုးတက် လာခြင်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှုများပါဝင်ပြီး မန္တလေးမြို့ တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် Smart City အဖြစ် သတ်မှတ်ခံရပြီးနောက်ပိုင်း မြို့အား စမတ်စီးတီးနှင့်အညီ ဖြစ်စေရန်အတွက် နိုင်ငံတကာအဆင့် အခြေခံ အဆောက်အဦများကို ဦးစားပေး လုပ်ဆောင်လျက် ရှိသည်။
ထို့အပြင် မန္တလေးမြို့သန့်ရှင်းသာယာရေး၊ လမ်းတံတားများ ကောင်းမွန်ရေး၊ လမ်းများမီးလင်းရေး၊ သစ်ပင်ပန်းမန်များ စိမ်းလန်းလှပရေး တို့ကို ခေတ်မီနည်းပညာကိုအသုံးပြုလုပ်ဆောင် ပေးလျက်ရှိ သလို မြို့တော်သူ မြို့တော်သားများ အတွက် သန့်စင်သော သောက်သုံးရေလုံလောက်ရေး၊ ရေဆိုးများ စနစ်တကျ စွန့်ပစ်နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်း ကမ်းများ ကောင်းမွန်၍ ပြည်သူလူထု ဘေး အန္တရာယ်ကင်းရေး၊ အများပြည်သူသုံးယာဉ် (ဘတ်စ်ကား၊ တက္ကစီ၊ ရထား) များ ချောမွေ့လွယ်ကူရေး တို့ကိုလည်း ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
Asian – Oceanian Computing Industry Organization (ASOCIO) သည် ကွန်ပျူတာ စက်မှု လက်မှု အဖွဲ့အစည်း တခု ဖြစ်ကာ ၁၉၈၄ ခုနှစ်ကတည်းက ဂျပန်နိုင်ငံ တိုကျိုမြို့တွင် စတင် ဖွဲ့စည်း ခဲ့သည့်အဖွဲ့အစည်းတခုဖြစ်ပြီး အဖွဲ့ဝင် နိုင်ငံ ပေါင်း ၂၄ နိုင်ငံ ပါဝင်ကာ မြန်မာနိုင်ငံအနေဖြင့်လည်း အဖွဲ့ဝင်ထားကြောင်း သိရသည်။
You may also like these stories:
လူမှုကွန်ရက်မှ တဆင့် ပြည်သူနှင့် ထိတွေ့မှု ရန်ကုန် မြို့တော်ဝန်ထက် မန္တလေး မြို့တော်ဝန်ပိုအားကောင်း
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ ပြည်သူ့ဂုဏ်ရည်ဆု ရရှိ