ဟောင်ကောင်လွတ်လပ်ရေး လှုံ့ဆော် တောင်းဆိုခဲ့ကြသည့် နိုင်ငံရေးအုပ်စုများမှ ခေါင်းဆောင်နှစ်ဦး ဖြစ်သည့် ဂျိုရှူဝေါင်းနှင့် ချန်ဟိုတင်ကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ယနေ့ အတည်ပြု ပြောကြောင်း သိရသည်။
တရုတ်တပ် မြို့စောင့်တပ်များ အပြောင်းအရွေ့လုပ်ပြီးနောက် ထိုသို့ ဖမ်းဆီးမှုများ ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
ဂျိုရှူဝေါင်း ကို သောကြာနေ့ ဒေသစံတော်ချိန် နံနက် ၇ နာရီခွဲတွင် South Horizons MTR သို့ သွား နေစဉ် ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ၎င်းအုပ်စု Demosisto လူမှုကွန်ရက်၏အဆိုအရ သိရပြီး၊ သူ့ကို စွဲချက် ၃ ခုဖြင့် အမှုဖွင့်ဖမ်းဆီးကာ Wan Chai ဒေသရှိ ရဲဌာနချုပ်သို့ အစောင့်အရှောက်များဖြင့် ပို့ဆောင်ထိန်း သိမ်းထား သည် သိရသည်။
ချန်ဟိုတင်ကိုမူ ဟောင်ကောင် ပြင်ပထွက်ခွာရန် ကြိုးစားစဉ် ကြာသပတေးည၊ ဟောင်ကောင်လေဆိပ် အနီး ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်ကြောင်း သူ၏လူမှုကွန်ရက်တွင် ရေးသားထားသည်။
ချန်ဟိုတင် သည် နိုင်ငံရေးအုပ်စုတစုဖြစ်သည့် ဟောင်ကောင်အမျိုးသားပါတီ၏ခေါင်းဆောင်ဖြစ်ပြီး ၎င်း၏အုပ်စုကို ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသအစိုးရက တရားမဝင်ကြေညာထားသည်။
အဆိုပါ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ နှစ်ဦးကို ဖမ်းဆီးကြောင်း ဟောင်ကောင်ရဲတပ်ဖွဲ့က ဆင်ဟွာ သတင်းဌာနသို့ အတည်ပြုပြောကြားခဲ့သည်။
ဟောင်ကောင် ရာဇဝတ်မှုနှင့်ဒုစရိုက်နှိမ်နင်းရေးပူးပေါင်းရဲတပ်ဖွဲ့က အသက် ၂၉နှစ်ရှိ ချန်ဟိုတင်ကို ဟောင်ကောင် လေဆိပ်တွင် ကြာသာပတေးနေ့က ဖမ်းဆီးခဲ့ကြောင်း၊ ဇူလိုင်လ ၁၃ရက်နေ့က Sheung Shui ဆန္ဒပြမှုအတွင်း ရဲအရာရှိ များအပေါ် ရုန်းရင်းဆန်ခတ်၊ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများနှင့် စပ်လျဉ်း၍ ၎င်းကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။