ရန်ကုန်တိုင်းအတွင်းရှိ မိုက်ခရို အသေးစားနှင့် အလတ်စား (Msme) လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းရှင် ၁၀၀ ကို ရွေးထုတ်ပြီး ချေးငွေထုတ်ပေးရန် စီစဉ်နေကြောင်း တိုင်းအစိုးရအဖွဲ့က သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်း က “ဦးစားပေး လုပ်ငန်းအနေနှင့် မြန်မြန်ချမ်းသာစေ ချင်တဲ့ လုပ်ငန်းတွေကို ရွေးလိုက်ပါလို့ ဝန်ကြီးချုပ်က ပြောတယ်။ အဲဒီတော့ အလားအလာရှိတဲ့ လုပ်ငန်း ရွေးလိုက်တဲ့အခါ အသေးစား စက်မှုလုပ်ငန်းတွေ ရှိတယ်။ လက်မှုလုပ်ငန်းတွေ ရှိတယ်။ တချို့ဆိုလည်း ပန်းပုလုပ်ငန်းတို့ ယွန်းထည်လုပ် ငန်းတို့ ရှိပါတယ်။ အထူးသဖြင့်တော့ ခရီးသွား လုပ်ငန်းတွေ၊ ငါးမွေးမြူရေး လုပ်ငန်းတွေ၊ အိမ်တွင်းလက်မှုလုပ်ငန်းတွေ ပါ တယ်” ဟု ပြောသည်။
အဆိုပါ ချေးငွေကို တိုင်းအစိုးရမှ Msme လုပ်ငန်းများ ချေးငွေရရန် ထောက်ခံပေးပြီး ပြည်တွင်းဘဏ်များက ထုတ်ချေး ပေးမည် ဖြစ်ကာ ထုတ်ချေးရာတွင်လည်း ခရီးသွား လုပ်ငန်းများကို ဦးစားပေး ထုတ်ချေးရန်သွားမည် ဖြစ်ကြောင်း သိရ သည်။
ယင်းကို သြဂုတ်လ၂၉ ရက်က ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နံှမှု ကော်မတီရုံးတွင် ပြုလုပ်သော မီဒီယာ တွေ့ဆုံပွဲ၌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောခြင်းဖြစ်ပြီး ထုတ်ချေးမည့် ချေးငွေပမာဏကို မသတ်မှတ်ရသေးကြောင်း ပြောဆိုသည်။
အကြမ်းဖျင်းအားဖြင့် Msme လုပ်ငန်းရှင် တဦးက အပေါင်ပစ္စည်းမဲ့ ချေးမည်ဆိုလျှင် ကျပ်သိန်း၂၀၀ မှ ကျပ်သိန်း ၅၀၀ ထိ ချေးပေးရန် လျာထားပြီး အပေါင်ပစ္စည်းရှိ (CGI) စနစ်ဖြင့် ချေးမည်ဆိုလျှင် ပိုရနိုင်ကြောင်း စီမံ/ဘဏ္ဍ ဝန်ကြီး ဦးမြင့်သောင်းက ပြောသည်။
“အာမခံမရှိရင် ရတဲ့ငွေ နည်းပါတယ်။ တကယ်လို့ Sme က လုပ်ငန်းကြီးကြီးကို မျှော်လင့်ထားမယ် ဆိုရင် အပေါင်ခံပစ္စည်း ပေးပြီးတော့ ကျပ်သိန်းထောင်နဲ့ ချီပြီး ရနိုင်ပါတယ်။ သူ့လုပ်ငန်းရဲ့စာရင်းဇယားပေါ်မှာ မူတည်ပါတယ်။ ဘဏ်ကနေ လုပ် ငန်းရင်းနှီးမတည်ငွေ၊ business plan တောင်းတယ်။ ဒါတွေပေါ်မူတည်ပြီးတော့မှ ဘဏ်က ချေးတာ”ဟု ၎င်းက ဆိုသည်။
ပြည်တွင်းရှိ ဘဏ်များ၏ မူဝါဒအရ ချေးငွေများ ထုတ်ချေးရာတွင် ငွေချေးသူ၏ ပြန်ဆပ်နိုင်မည့် အင်အားပြသော စာရင်း ဇယားများ၊ အထောက်အထားများ၊ ယင်းလုပ်ငန်း၏ အောင်မြင်နိုင်မှု အခြေအနေအပေါ် မူတည်၍ ထုတ်ချေးခြင်း ဖြစ် သည်။
ယင်းသို့ ချေးငွေများ ထုတ်ချေးမှုအပြင် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်း လုပ်ကိုင်သူများကို စာရင်းဇယား နှင့် သေချာစွာ လုပ်ကိုင်နိုင်ရန် အတွက် အသိပညာပေးမှုများကိုလည်း လုပ်ဆောင်သွားမည် ဖြစ်သည်ဟု တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။
“ဘာကြောင့်လဲ ဆိုတော့ ကျနော်တို့က မိသားစု စီးပွားရေးပုံစံမျိုး လုပ်တာဖြစ်တဲ့အတွက် စာရင်းဇယားတွေပြုစု ဆောင် ရွက်တဲ့ နေရာမှာ ချေးငွေတောင်းခံဖို့ စာရင်းမျိုး အထိ မဖြစ်လာတဲ့ ပုံစံမျိုး ရှိတယ်။ ဒါမျိုးတွေ စနစ်တကျ ဖြစ်ဖို့ ကျနော် ဆက်လက် ဆောင်ရွက်မှာ ဖြစ်တယ်”ဟု ၎င်းက ပြောဆိုသည်။
MSME ချေးငွေဆိုသည်မှာ အသေးစားနှင့် အလတ်စား လုပ်ငန်းရပ်များ ဖွံ့ဖြိုးတိုးတက်စေရန် ထည့်ဝင် ရင်းနှီးမြှုပ်နှံမှုများ အတွက် အစိုးရက ထုတ်ချေးပေးခြင်း ဖြစ်သောကြောင့် ချေးငွေထုတ်ယူမည့် လုပ်ငန်းရှင်၏ ကိုယ်ကျင့်တရားမှစ၍ ၎င်း လုပ်ဆောင်ရသော SME လုပ်ငန်း အတွက် လိုအပ်သော နည်းပညာပံ့ပိုးပေးမှု၊ လုပ်ငန်းတွင် ငွေကြေးလည်ပတ် သုံးစွဲနေ သော အခြေအနေများ၊ စာရင်းအင်းများမှ အစအသေးစိတ် စနစ်တကျ ဖြစ်စေရန် တိုင်းအစိုးရက ထောက်ခံကူညီ ဆောင် ရွက်ပေးခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ အမှတ်တရ ပစ္စည်း ထုတ်လုပ်ရောင်းချသူများ အသင်းဥက္ကဋ္ဌ ဦးသန်းဝင်းက “ကျနော်တို့က ချေးငွေလိုလို့ စောင့်နေတာ။ ချေးမယ်ဆို တံခါးပွင့်ထားပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ချေးငွေထုတ်ချေးမည်ဆိုပါက ဘဏ်အတိုးနှုန်းအနေဖြင့် အပေါင်ပစ္စည်းမဲ့ ချေးငွေမှာ ၁၃ ရာခိုင်နှုန်းဖြစ်ပြီး၊ အပေါင် ပစ္စည်းဖြင့် ချေးပါက ၈ ဒသမ ၅ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။
ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်ရှိ ငါးမွေးမြူရေးလုပ်ငန်းရှင် ဦးနေစိုး က “လုပ်ငန်းတွေကတော့ ငွေရေးကြေးရေး အခက်အခဲက ရှိကြတယ်။ အဆင်မပြေဘဲ ငါးမွေးမြူရေးလုပ်နေကြတဲ့သူတွေလည်း ရှိတယ်။ ဘဏ်တွေ ကလည်း သူ့စည်းကမ်းရှိတော့ ချေးငွေချေးတဲ့အခါ စာရင်းဇယားနဲ့ သေချာလုပ်တဲ့သူတွေ အခက်အခဲ မရှိပေမယ့် မိရိုး ဖလာ လုပ်တဲ့သူတွေကတော့ ခက်တယ်။ ဒါလေးတွေတော့ လွယ်ကူအောင် အသင်းအဖွဲ့နဲ့ရော ဌာနဆိုင်ရာတွေနဲ့ရော ပူး ပေါင်း လုပ်သင့်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ငါးမွေးမြူရေး လုပ်ငန်းတွင် အဓိက လိုအပ်နေသော အခက်အခဲများမှာ ငွေရေးကြေးရေး အပြင် မြေယာနှင့် ပတ်သက် သော ပိုင်ဆိုင်မှု အထောက်အထား ထုတ်ပေးခြင်းများ လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“ငါးကန်တွေက အခုချိန်ထိ ပိုင်ဆိုင်မှု စာရွက်အထောက်အထားက လိုသေးတယ်။ လိုင်စင်ပဲရှိတယ်။ ဒါကြောင့် ကျနော်တို့ အသင်းအနေနဲ့က ဌာနဆိုင်ရာရော၊ လွှတ်တော်ရော ပူးပေါင်းပြီး တော့ ဥပဒေထွက်အောင် ကြိုစားနေတယ်”ဟု ရှင်းပြ သည်။
လက်ရှိ ရန်ကုန်တိုင်း ဒေသကြီးတွင် အစိုးရ အဖွဲ့မှ စာရင်း ကောက်ယူထားသည့် MSME လုပ်ငန်းစုစုပေါင်း ၄ သောင်း ကျော် ရှိသည်။
ယခုအချိန်ထိ မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော စီးပွားရေး လုပ်ငန်းစုစုပေါင်း ၁ သိန်း ၂ သောင်းကျော်ထဲမှ ၉၈ ရာခိုင် နှုန်းက MSME လုပ်ငန်းများ ဖြစ်ကြောင်း စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန (SME) ဖွံ့ဖြိုးရေးဌာန စာရင်းများ အရ သိရသည်။
You may also like these stories:
ထိပ်သီး လုပ်ငန်းရှင်များ ပါဝင်သော မြန်မာ့စီးပွားရေး အသင်းသစ် ဖွဲ့စည်း
မြန်မာလုပ်ငန်းရှင်များအတွက် ဒေါ်လာ သန်း ၁၀၀ ယူလာသော စင်ကာပူ ရံပုံငွေ
မြန်မာ့ဈေးကွက်ကို ကယ်တင်မည့် ပုဂ္ဂလိက အစုရှယ်ယာ ရင်းနှီးမြှုပ်နှံသူများ