ပြည်ပရောက် စင်ပြိုင်အစိုးရ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့သူ ဒေါက်တာစိန်းဝင်းနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ သြဂုတ် ၂၉ နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း ဒေါက်တာစိန်ဝင်းက ပြောသည်။
ဒေါက်တာစိန်ဝင်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ အကိုကြီး ဦးဘဝင်း၏ သားဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ အကိုဝမ်းကွဲ တော်စပ်သူဖြစ်သည်။
၁၉၉၀ ခုနှစ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ရွေးကောက်ပွဲ အနိုင်ရရှိခဲ့သော်လည်း အာဏာအပ်နှင်းခြင်း မခံရသဖြင့် ပြည်ပတွင် အမျိုးသားညွှန့်ပေါင်းအစိုးရ အဖွဲ့(NCGUB) ကို ဖွဲ့စည်းကာ ဦးဆောင်မှု တာဝန်ယူခဲ့သူလည်း ဖြစ်သည်။
ယခုလ ၉ ရက်နေ့က မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နောက်ပိုင်း မြန်မာနိုင်ငံ၏ နိုင်ငံရေးကို ဦးဆောင်နေသည့် ညီမဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ သို့သော် တွေ့ဆုံမှုတွင် နိုင်ငံရေး သုံးသပ်မှုများကို ထွေထွေထူးထူး မပြောခဲ့ဘဲ မိသားစုရေးရာ၊ ကျန်းမာရေးရာ ကိစ္စများကိုသာ ပြောဆိုခဲ့သည်ဟု ဒေါက်တာစိန်ဝင်းက ပြောသည်။
ဒေါက်တာစိန်ဝင်း က “နေကောင်းလား၊ ကျန်းမာလား စတဲ့ မိသားစုကိစ္စတွေကိုပဲ ပြောခဲ့တာပါ။ နိုင်ငံရေးရာ ကိစ္စတွေကို သိပ်မပြောဖြစ်ပါဘူး။ ညီမဖြစ်သူကလည်း ကျနော့်ကို နိုင်ငံရေး ပြန်လည်လှုပ်ရှားဖို့ ပြန်ဖိတ်ခေါ်တာမျိုး မလုပ်ခဲ့ပါဘူး။ ကျနော့် အနေနဲ့လည်း အခုမှ ပြန်ရောက်လာသူဖြစ်တော့ အဲ့ဒီ နိုင်ငံရေးပေါ် ပြန်တက်ချင်စိတ် မရှိသေးဘူး။ အေးအေး ချမ်းချမ်း နေချင်သေးတယ်” ဟုဆိုသည်။
NCGUB ကို ကရင်ပြည်နယ်၊ ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်ရာနယ်မြေ မာနယ်ပလောတွင် ၁၉၉၀ ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ အခြေစိုက်ကာ မြန်မာ့နိုင်ငံရေးကို ပြည်ပမှ လှုပ်ရှားခဲ့သည်။ တပ်မတော်အစိုးရကို ပြည်ပမှ ဖိအားပေးနိုင်ခဲ့ပြီး ကုလသမဂ္ဂမှပင် အသိမှတ်ပြုခြင်း ခံခဲ့ရသည့် အဖွဲ့စည်းတခုဖြစ်သည်။
၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေဖြင့် ၂၀၁၂ ခုနှစ်တွင် NLD ပါတီမှ ကြားဖြတ်ရွေးကောက်ပွဲ ဝင်ပြီးနောက် ၂၀၁၂ ခုနှစ် စက်တင်ဘာလတွင် NCGUB ကို ဖျက်သိမ်းခဲ့သည်။ သို့သော် တပ်မတော်အစိုးရလက်ထက်ကစပြီး NCGUB ကို မတရားအသင်းအဖြစ် ကြေညာထားခဲ့ရာ ၂ဝ၁၈ ခုနှစ် ဇွန်လအတွင်းမှသာ ပယ်ဖျက်ခြင်း ခံခဲ့ရသည်။
ဒေါက်တာစိန်ဝင်းသည် ဒီမိုကရက်တစ်မြန်မာ့အသံ (DVB) သတင်းဌာနကို တည်ထောင်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး တပ်မတော်အစိုးရ လက်ထက်တွင် “ပြည်ပြေးစိန်ဝင်း” ဆိုပြီး တိုင်းပြည်၏ အဖျက်လုပ်ငန်းတချို့ကို ဦးဆောင် လုပ်ကိုင်သူဟု စွပ်စွဲခံခဲ့ရသူဖြစ်သည်။
သူသည် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတွင် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီကို တည်ထောင်ခဲ့သည့် ဗိုလ်ချုပ်ကြီးနေဝင်း၏ မွေးရပ်ဇာတိဖြစ်သော ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် အနိုင်ရခဲ့သည့် အမတ်ဟောင်းတဦးဖြစ်သည်။
လက်ရှိ မြန်မာနိုင်ငံ၏ အခြေအနေနှင့် ပက်သက်ပြီး ဒေါက်တာစိန်ဝင်း က “ကျနော်တို့က ဒီမိုကရေစီ ဘက်တော်သားတွေ၊ ဒီမိုကရေစီ ကျင့်သုံးမယ့်သူတွေ အနေနဲ့ ကိုယ်ယုံကြည်ရာကို ပြောလို့ရတယ်၊ ဝေဖန်လို့ရတယ်။ ဒါတွေက ကောင်းတဲ့ အလေ့အကျင့်တွေပါ။ ဒါပေမယ့် ဝေဖန်တယ်ဆိုလည်း စနစ်တော့ ကျမှပေါ့။ တိုင်းပြည်မှာ နှစ်ပေါင်း ၅၀ ကျော် စီးပွားရေး၊ လူမှုရေးတွေမှာ ထိုးကျနေတဲ့အချိန် ၅ နှစ်နဲ့ ပြန်ခေါင်းထောင်ဖို့ တော်တော်ခက်တယ်ဗျ” ဟု ဆိုသည်။
You may also like these stories:
ပညာရေး ကဏ္ဍအတွက် ဘဏ္ဍာငွေ ချွေတာသုံးစွဲနေရမှု နိုင်ငံတော်၏ အတိုင်ပင်ခံ အားမရ
မြန်မာနိုင်ငံသည် မလွယ်ကူသည့် ကာလကို ဖြတ်ကျော်နေရဟု ဒေါ်အောင်ဆန်းစုကြည်ပြော
ဒေါ်အောင်ဆန်းစုကြည် အပေါ် သဘောထား ထုတ်ပြောလိုက်သည့် NDAA ခေါင်းဆောင်၏ ဇနီး
အာဆီယံထိပ်သီးဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်တက်မည်