တိုင်းလွှတ်တော်၌ အသုံးပြုမည့် ကား ၅ စီးဝယ်ယူရာတွင် ငွေကျပ် ၁၉ သိန်းကျော်ကို ကိုယ်ကျိုးအတွက် အသုံးပြုခြင်း ကြောင့် ဟုဆိုကာ လွှတ်တော် ဒုဥက္ကဋ္ဌဟောင်းဖြစ်သူ ဦးစံမင်းအောင်ကို ဧရာဝတီတိုင်း လွှတ်တော်က တရားစွဲဆိုခြင်း ဖြစ်ကြောင်း သိရသည်။
ဦးစံမင်းအောင်၏ ဥပဒေ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက “ဦးစံမင်းအောင်ကို တရားစွဲတာက လွှတ်တော်အတွက် ကားဝယ်ယူရာမှာ ကားပြင်ဆင်စရိတ် ၁၉ သိန်း ၄ သောင်းကျပ်ကို ကိုယ်ကျိုးအတွက် အသုံးပြုပြီး၊ စာချုပ်ကို Back Date (နောက်ကြောင်းပြန်ရက်စွဲ) နဲ့ ချုပ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၄၀၉ နဲ့ အမှုဖွင့် တရားစွဲဆိုထား တာလို့ တရားလိုရဲ့တိုင်ချက်မှာ ဖော်ပြထားပါတယ်” ဟု ဧရာဝတီကို ပြောသည်။
ဦးစံမင်းအောင်ကို ဧရာဝတီတိုင်း လွှတ်တော်၏ တာဝန်ပေး ချက်အရ လွှတ်တော်ရုံးမှ ဒု ညွှန်ကြားရေးမှူး ဦးဇော်မင်းထွန်း က ပုဒ်မ ၄၀၉ (ယုံကြည်အပ်နှံဖောက်ဖျက်မှု) ဖြင့် တရားလို ပြုလုပ်၍ ပြီးခဲ့သည့် မေလက ပုသိမ်မြို့မ ရဲစခန်း၌ အမှုဖွင့် ခဲ့ခြင်း ဖြစ်သည်။
ဦးစံမင်းအောင် အမှုကို ပြည်ထောင်စု ဥပဒေချုပ်၊ ဧရာဝတီတိုင်းဒေသကြီး ဥပဒေချုပ်တို့၏ အကြံပေးချက်များအရ ရဲတပ် ဖွဲ့က စစ်ဆေးကာ အမှု တည်ဆောက်ပြီးနောက် သြဂုတ်လ ၂၂ ရက်တွင် ပုသိမ်မြို့နယ်တရားရုံး၌ ပထမဆုံး ကြားနာ စစ် ဆေးခဲ့ခြင်း ဖြစ်သည်။
စွပ်စွဲခံရသူ လွှတ်တော် ကိုယ်စားလှယ် ဦးစံမင်းအောင်က မိမိ ကျန်းမာရေး မကောင်းသဖြင့် ပုသိမ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူနေရသည့်အတွက် အာမခံပေးရန် လျှောက်ထားခဲ့ရာ ပုသိမ်မြို့နယ်တရားသူကြီး ဒေါ်ခင်မြတ်မြတ် ထွန်းက အာမခံ ပေးမပေး သြဂုတ်လ ၂၈ ရက်တွင် အမိန့်ချမည်ဟု ချိန်းဆိုခဲ့သည်။
ဦးစံမင်းအောင်၏ ဥပဒေ အကျိုးဆောင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဦးက “ပုဒ်မ ၄၀၉ ဆိုတာက စာရင်းဇယား များနဲ့ ဖြေရှင်းရမယ့် အမှုဖြစ်တယ်။ စွပ်စွဲခံရသူ ဦးစံမင်းအောင်ဟာ အမှန်တကယ်လည်း ကျန်းမာရေးမကောင်းတဲ့အတွက် အချုပ်လွတ် ထုချေခွင့် အာမခံလျှောက်ထားတာ ဖြစ်တယ်။ သူ့ကို အာမခံပေးမယ်လို့ မျှော်လင့်ထားပါတယ်” ဟု ပြော သည်။
သြဂုတ်လ ၂၈ ရက်က ပြုလုပ်သည့် ဒုတိယ အကြိမ်မြောက် ရုံးချိန်းတွင် ဦးစံမင်းအောင်ကို အာမခံ ပေး မပေး အမိန့်မချ ဖြစ်ခဲ့ဘဲ ၎င်းတင်ပြလာသည့် ဆေးမှတ်တမ်းများကို ဆရာဝန်နှင့် စစ်ဆေးပြီးမှသာ အမိန့်ချမည်ဟု ပုသိမ်မြို့နယ် တရားသူ ကြီး ဒေါ်ခင်မြတ်မြတ်ထွန်းက ပြောဆိုကာ ရုံးချိန်းကို သြဂုတ်လ ၃၀ ရက်သို့ ပြောင်းရွှေ့ ချိန်းဆိုခဲ့သည်။
ယနေ့ (သြဂုတ်လ ၃၀ ရက်) ရုံးချိန်း၌ ပုသိမ်အကျဉ်းထောင်မှ ထောင်ဆရာဝန် လာရောက်ခြင်း မရှိသည့်အတွက် လာမည့် စက်တင်ဘာလ ၄ ရက်သို့ ထပ်မံ၍ ရုံးချိန်း ချိန်းဆိုခဲ့သည်။
လက်ရှိတွင် အာမခံ ပေး မပေး ဆုံးဖြတ်ခြင်း မရှိသေးသည့်အတွက် ရဲတပ်ဖွဲ့က လွှတ်တော် ဒုဥက္ကဋ္ဌ ဟောင်း ဦးစံမင်း အောင်ကို ပုသိမ် အကျဉ်းထောင် အချုပ်၌ ဖမ်းဆီး ထိမ်းသိမ်းထားကြောင်း သိရသည်။
ဦးစံမင်းအောင်ကို လွှတ်တော်ရုံးမှ တရားစွဲဆိုရန် ခွင့်ပြုပေးခဲ့သူ ဧရာဝတီတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က “ကိုစံမင်းအောင်ကို တရားစွဲတာက ငွေကိစ္စတခုတည်းကြောင့်တော့ မဟုတ်ဘူး ထင်တယ်ဗျ။ စာချုပ်ကို နောက်ကြောင်း ပြန် ချုပ်တဲ့ကိစ္စတွေလည်း ပါလိမ့်မယ်။ ဒါက ကျနော်ထင်တာ ပြောတာပါ။ တရားရုံးမှာ စစ်ဆေးတဲ့အခါကျတော့ သိရမှာ ပါ” ဟု ပြောသည်။
မိမိအနေဖြင့် လွှတ်တော်အတွက် ကားများဝယ်ယူရာတွင် ငွေကြေးကို စာရင်းဇယားများနှင့် အတိအကျလုပ်ဆောင်ခဲ့သည့် အတွက် တရားရုံးတော်တွင်လည်း စာရင်း အတိအကျဖြင့် တင်ပြဖြေရှင်းသွားမည်ဖြစ်ကြောင်း စွပ်စွဲခံရသူ ဦးစံမင်းအောင် က တရားရုံးထုတ်ချိန်တွင် ဧရာဝတီကို ပြောသည်။
ဦးစံမင်းအောင်မှာ လွှတ်တော် ဒု ဥက္ကဋ္ဌ တာဝန် ထမ်းဆောင်စဉ်၂၀၁၈ ခုနှစ် အတွင်းက ဧရာဝတီတိုင်းဒေသကြီး လွှတ် တော်တွင် အသုံးပြုမည့် ကား ၅ စီး ဝယ်ယူရန် ၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု လွှတ်တော်ရန်ပုံငွေမှ ကျပ်သိန်း ၁၅၈၀ ရရှိခဲ့ပြီး ကားဝယ်ယူရန် တိုင်း လွှတ်တော်မှ ကော်မတီ ဖွဲ့စည်းကာ တင်ဒါ ခေါ်ယူခဲ့ကြောင်း သိရသည်။
ကားဝယ်ယူရေး အတွက် ဧရာဝတီတိုင်း အစိုးရအဖွဲ့ထံ တင်ပြခဲ့ရာ ခွင့်ပြုသည့်အတွက် တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးအောင် ကျော်ခိုင်မှ အဖွဲ့ဝင် ၈ ဦးပါ ကားဝယ်ယူရေး အဖွဲ့ကို ဖွဲ့စည်းပေးခဲ့ကြောင်း၊ အဆိုပါ အဖွဲ့တွင် လွှတ်တော် ဒု ဥက္ကဋ္ဌ ဦးစံမင်း အောင်ကို အဖွဲ့ခေါင်းဆောင်၊ ဒု ညွှန်ကြားရေးမှူးချုပ် အဆင့်အရာရှိကြီး တဦးအား အတွင်းရေးမှူးအဖြစ် တာဝန်ပေးအပ် ခဲ့ပြီး ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ အရာရှိများနှင့် တိုင်းလွှတ်တော် ကိုယ်စားလှယ် ၃ ဦးတို့က အဖွဲ့ဝင် များ အဖြစ် ပါဝင်ကြသည်ဟု ဆိုသည်။
အဆိုပါကော်မတီ၏ ဆုံးဖြတ်ချက်ဖြင့် တပတ်ရစ် HiAce အံစာတုံးကား ၃ စီး၊ လိုက်ထရပ် ၁ စီးတို့ကို ကုမ္ပဏီတခုထံမှ လည်းကောင်း၊ တိုယိုတာ Extra Cub ကားသစ် တစီးတို့ကို ကုမ္ပဏီတခုထံမှလည်းကောင်း အသီးသီး ဝယ်ယူကာ ဧရာ၀ တီတိုင်းဒေသကြီးလွှတ်တော်တွင် အသုံးပြုခဲ့ကြောင်း သိရသည်။
ကားများဝယ်ယူရာတွင် အဖွဲ့ခေါင်းဆောင် ဦးစံမင်းအောင် အနေဖြင့် ငွေကြေး အလွဲသုံးစားလုပ်ခဲ့သည်ဟု ပုသိမ်မြို့တွင် နေထိုင်သည့် NLD ပါတီနှင့် နီးစပ်သူတဦးက ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းတွင် တိုင်ကြားခဲ့သည့်အတွက် NLD ပါတီဗဟိုမှ အရံ ဗဟိုကော်မတီဝင် ဦးကျော်ဟိုးဦးဆောင်သည့် အထူးစုံစမ်းရေး အဖွဲ့ဖြင့် ပါတီတွင်း စစ်ဆေးပြီးနောက် ပါတီ ဗဟို အလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် ဦးစံမင်းအောင်ကို ယခုနှစ် ဇန်နဝါရီလ ၁၅ ရက်တွင် NLD ပါတီမှ ရာသက်ပန် ထုတ်ပယ်ခဲ့သည်။
ဘိုကလေးမြို့မိမြို့ဖ ဦးလှသန်းဦး က “ကျနော်တို့ သိထားတာက ဦးစံမင်းအောင်ဟာ လွှတ်တော် ဒုဥက္ကဋ္ဌ တာဝန်ထမ်း ဆောင်တုန်းက လစာ တလကို ကျပ် သိန်း ၂၀ ရပါတယ်။ အခုက လွှတ်တော်အတွက် ကားဝယ်ရာမှာ ၁၉ သိန်း ၄ သောင်းကျပ် အလွဲသုံးစား လုပ်လို့ တရားစွဲတယ်ဆိုတော့ တကယ်ပဲ အလွဲသုံးစားလုပ်လို့ စွဲတာလား၊ ဒါမှမဟုတ် သူ့ကို နိုင်ငံရေးထဲက ဖယ်ထုတ်ချင်လို့ တရားစွဲတာလား စဉ်းစားစရာတွေ ဖြစ်နေတာပေါ့”ဟု ပြောသည်။
ဦးစံမင်းအောင်မှာ အသက် ၃၈ နှစ် အရွယ်ရှိသည့် အထက်တန်းရှေ့နေ တဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ဘိုကလေး မဲဆန္ဒနယ်၌ ခိုင်လုံမဲ ၃၃၃၈၉ မဲဖြင့် အနိုင်ရကာ လွှတ်တော်ဒု ဥက္ကဋ္ဌအဖြစ် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။
ဧရာဝတီတိုင်းလွှတ်တော် ဒု ဥက္ကဋ္ဌ တာဝန်ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအထိ ၃ နှစ်ကြာ ထမ်း ဆောင်ခဲ့ပြီးနောက် ယခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ဦးစံမင်းအောင်မှာ ရာထူးမှ နုတ်ထွက်ခဲ့ပြီး ဘိုကလေးမြို့နယ်၊ တိုင်း ဒေသကြီး အမှတ်၂ လွှတ်တော် ကိုယ်စားလှယ် တာဝန်ကို ဆက်လက် ထမ်းဆောင်နေသူ ဖြစ်သည်။