ရန်ကုန်မြို့ အတွင်း စက်တင်ဘာလဆန်းပိုင်း၌ ထူးကဲဒီရေ မြင့်တက်မှုမှာ ပေ၂၀ ကျော်သို့ ရောက်ရှိမည် ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က ထုတ်ပြန်ကြေညာထားသည်။
ရန်ကုန်မြစ်တွင် ပုံမှန်ရှိသည့် ၁၈ ပေ အထက်သို့ တက်လာမည် ဖြစ်ပြီး ယခု ရက်ပိုင်းအတွင်း မိုးရွာလျှင် ခန့်မှန်းသည် ထက် ပိုတက်လာနိုင်ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အင်ဂျင်နီယာဌာန တိုင်းတာရေးဌာနခွဲ ဌာနမှူး ဦးဝေဇွန် အောင်က ဧရာဝတီသို့ ပြောသည်။
သြဂုတ်လ ၂၉ ရက်မှ စက်တင်ဘာလ ၄ ရက် အထိ ၂၀ ဒသမ ၃၀ ပေခန့်မှ ၂၁ ဒသမ ၇၂ ပေအထိ ရောက်လာနိုင် ကြောင်းလည်း ကြေညာ၌ ပါရှိသည်။
ဦးဝေဇွန်အောင်က “ပုံမှန်ကတော့ ၁၈ ပေ ၁၉ ပေ ကတော့ ရောက်နေကျပဲ။ အဲဒီလိုရောက်နေကျမှာမှ နောက်ထက် ၁ ပေ ၂ ပေလောက် ထက်ကျော်တဲ့ အခါ ပေ ၂၀ ကျော်လာပြီဆို ကြေညာထုတ်ပြန်တာပေါ့။ ရေအကျဆုံး နေရာကနေ အပေါ်ကို တက်လာမယ့် ရေသည် ၂၁ ဒသမ ၇၂ ပေ အထိ ရောက်လာနိုင်တယ်” ဟု ပြောသည်။
ဆက်လက်ပြီး “ဒီလို ထူးကဲဒီရေ ကြေညာတဲ့ရက်မှာ မိုးသာ နေ့ညမပြတ် ဆက်တိုက်ရွာရင် ကမ်းနားဒေသတွေ မြေအနိမ့် ပိုင်းဒေသတွေ မြစ်ကမ်းပါးဒေသတွေမှာ မိုးရွာတဲ့ ရေတွေက အပြင်မထွက်တော့ဘဲ အိုင်နေတာပေါ့။ မိုးရွာခြင်း မရွာခြင်း ပေါ်မှာလည်း အများကြီး သက်ရောက်နေတယ်” ဟု ၎င်းက ဆိုသည်။
ထူးကဲဒီရေ တက်နေချိန် အတွင်း ဗီယက်နမ်မှ တိုင်ဖွန်းမုန်တိုင်း အကြွင်းအကျန်များ မြန်မာနိုင်ငံကို စတင် ဖြတ်သန်းမှု ကြောင့် လာမည့် ရက်ပိုင်းအတွင်း မိုးများနိုင်ကြောင်းလည်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
“မိုးကတော့ ရန်ကုန်မှာ ဒီနေ့ကစပြီး နောက်၂ ရက် ၃ ရက်လောက်အထိကတော့ မိုးများနေဦးမယ်။ ဗီယက်နမ်က တိုင်ဖွန်း မုန်တိုင်းအကြွင်းအကျန်တွေက မြန်မာနိုင်ငံကို စဖြတ်နေပြီ။ သူရဲ့အကြွင်းအကျန်တွေက နောက် ၂ ရက် ၃ ရက်လောက် အထိရှိဦးမယ်။ အဲဒီအရှိန်ကြောင့်မို့လို့ မုတ်သုန်လေ အားကောင်းလာတာပေါ့” ဟု ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် စက်တင်ဘာ ၈ ရက်နေ့မှ ၁၄ ရက်အထိတွင်း ထူးကဲဒီရေသည်၂၀ ဒသမ ၂ ကနေ ၂၁ ဒသမ ၄ ပေအထိ တက်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့က သိရသည်။
ဒီရေမှာ တရက်ကို၂ ကြိမ် အတက်အကျ ရှိသဖြင့် ရေကြီးသကဲ့ သို့မဟုတ်ဘဲ ချက်ခြင်း ပြန်လည် ကျဆင်းနိုင်သော်လည်း အမြင့်ဆုံး ရောက်ချိန်တွင် ရေအနည်းငယ် ဝင်ရောက်နိုင်သဖြင့် ကြိုတင် ပြင်ဆင်ထားသင့်ကြောင်း ဦးကျော်မိုးဦးက အကြံ ပြုသည်။
ဦးကျော်မိုးဦးက “အမြင့်ဆုံးရောက်တဲ့ အချိန်မှာတော့ ရေအနည်းငယ် ဝင်ရောက်မှု ရှိမယ်။ စိုးရိမ်စရာ မရှိဘူးလို့ ပြောလို့ တော့ မရဘူး။ ကြိုတင်ပြင်ဆင်ထားရမယ် သတိထားရမယ်” ဟု ပြောသည်။
မြန်မာ့ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ အချက်အလက်အရ ၂၀၁၄ ခုနှစ်တွင် အမြင့်ဆုံး အဖြစ် ၂၂ ပေအထိ တက်ခဲ့ကြောင်း လည်း သိရသည်။
ဆက်စပ်ဖတ်ရှု့ရန် – ရန်ကုန်မြို့၌ စက်တင်ဘာလ အတွင်း ထူးကဲဒီရေ တက်ဦးမည်