မြန်မာ့ တပ်မတော်နှင့် မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ တို့ တိုက်ပွဲ ဖြစ်ပွားနေသည့် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် အရပ်ဘက် မော် တော်ယာဉ်များ ဆက်တိုက် မီးရှို့ ဖျက်ဆီးခံနေရပြီး လမ်းပန်းဆက်သွယ်ရေးမှာ ယနေ့အချိန်အထိ စိတ်မချသေးကြောင်း သိရသည်။
မူဆယ်မြို့ မှ ကားဆရာ ဦးတင်ထွန်း က “အခြေအနေက တော်တော်လေးကို ဆိုးနေတာ။ သွားရလာရတာ ဘယ်လိုမှကို အဆင်မပြေဘူး။ တိုက်ပွဲတွေ ဖြစ်ပြီးကတည်းက ပြန်ဆင်းလို့ကို မရတာ။ မူဆယ်မှာပဲ သောင်တင်နေတာ။ ဒီလိုပဲ မီးရှို့တယ် ဘာတယ် ဆိုတော့ ဘယ်လိုမှကို မသွားရဲသေးဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ယနေ့ နံနက် ၆ နာရီခန့်က သိန္ဒီမြို့နယ် ရေပူ စစ်ဆေးရေးဂိတ်နှင့် ၅ မိုင်အကွာတွင် လားရှိုး-မူဆယ် ပြေးဆွဲနေသည့် ရွှေသူဇာ ခရီး သည် တင်ယာဉ်လိုင်းမှ ဘတ်စ်ကားတစီး၊ အခြား အိမ်စီးကား ၂ စီးနှင့် မော်တော် ဆိုင်ကယ် ၁ စီး မီးရှို့ ဖျက် ဆီးခဲ့သည်ဟု တပ်မ တော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း “TNLA က လုပ်တာလို့ သိရတယ်။ ၂၉ ရက်နေ့ကလည်း ကွတ်ခိုင်မြို့နယ်၊ ရှု့ခင်းသာ အဆင်းလမ်းမှာ ကုန်ကားကြီး တစီးကို မီးရှို့ ပြီး လမ်းပိတ်ခဲ့တယ်။ ၂၄ ရက်နေ့က နမ့်ဖတ်ကာမှာ အိမ်စီးကား ၃ စီးကို မီးရှို့ ပြီး လမ်းပိတ်ခဲ့တယ်” ဟု ပြောသည်။
သြဂုတ်လ ၁၅ ရက်နေ့က TNLA၊ MNDAA-ကိုးကန့်အဖွဲ့၊ AA တို့ ပူးပေါင်းသည့် အဖွဲ့များက ပြင်ဦးလွင်နှင့် နောင်ချိုမြို့ နယ်များတွင် စတင် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး တပ်မတော်မှ အရာရှိ စစ်သည် ၉ ဦး၊ ရဲတပ်ဖွဲ့ ဝင် ၃ ဦး၊ အရပ်သား ၃ ဦး သေဆုံးသွားကြောင်း၊ ပစ္စည်းနှင့် အဆောက်အအုံ တန်ဖိုး ကျပ်သိန်း ၂၈၂၁ ဖိုး ဆုံးရှုံးခဲ့ရပြီး ဖြစ်သည်။
မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့မှာ ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA-ကိုးကန့်အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့ ဖြစ်သည်။
တိုက်ပွဲဖြစ်ပွားရာ ဒေသသို့ ခရီးသွားလာနေကြသည့် ကုန်တင်ကားကြီးများ၊ ကားငယ်များ၊ အိမ်စီးကားများ သည် တိုက်ပွဲကြားတွင် ညှပ်မသွားရန် ယခုရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားရာ နေရာများသို့ သွားလာခြင်း မပြုကြရန် မြောက်ပိုင်း မဟာ မိတ် အဖွဲ့ ၃ ခုက သြဂုတ် လ ၂၈ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာ့ တပ်မတော်သည် ခရီးသည်တင်ကားများ၊ ကုန်တင်ကားများတွင် စစ်အသုံးအဆောင် ပစ္စည်းများ၊ လက်နက်ခဲယမ်း မီး ချောက်များကို တင်ဆောင်ကာ သွားလာတတ်သည့် အကျင့်ရှိသောကြောင့် မလိုလားအပ်သော နောက်ဆက်တွဲ ပြဿနာများ ဖြစ်လာမည်ကို စိုးရိမ်၍ ယခုလို မေတ္တာရပ်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။
တပ်မတော်မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “ကျနေ်ာတို့က အရပ်သားကားကို လုံးဝ မသုံးဘူး။ သုံးခဲ့ဖူးတာလည်း မရှိဘူး။ တပ် မတော်မှာ ပို့ဆောင်ရေးအတွက် အုပ်ချုပ်၊ ထောက်ပံ့ယာဉ်တွေ အလုံအလောက်ရှိတယ်။ အရပ်ဘက်အတွက် လိုအပ်တဲ့ တံတား တောင် ကျနေ်ာတို့ တပ်မတော်က ထိုးပေးနေတာ” ဟု ပြောသည်။

TNLA မှ ဗိုလ်မှူးချုပ် တာဘုန်းကျော် က “စစ်တပ်က စစ်ကူမလာနိုင်အောင်လို့ စစ်ရေးလိုအပ်ချက်အရ ကျနေ်ာတို့လည်း လုပ်ရ တာ ဖြစ်ပါတယ်။ အင်္ဂလိပ်က ဂျပန်တွေ ဝင်လာမရအောင် တံတားတွေ ဖျက်လိုက်တာပဲ။ စစ်ကိုင်း၊ မန္တလေးတံတားတွေ ဖျက်လိုက် တာတဲ့ သဘောတရားအရ ကျနော်တို့လည်း ဒီအတိုင်းပဲ လုပ်တာပါ။ အသစ်အဆန်းတော့ မဟုတ်ပါဘူး” ဟု ဧရာဝတီသို့ ပြော သည်။
သြဂုတ် ၁၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း လမ်းများ ပြန်ပွင့်သည့် သြဂုတ်လ ၂၆ ရက်နေ့အထိ လားရှိုး-မန္တလေး-မူဆယ် ကားလမ်း ပေါ်တွင် တိုက်ပွဲ ၄၉ ကြိမ်၊ သိန္ဒီ-လောက်ကိုင်-ချင်းရွှေဟော် လမ်းပေါ်တွင် တိုက်ပွဲ ၄ ကြိမ် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ဘက်မှ သိရသည်။
မူဆယ်မြို့ မှ ကားဆရာ ဦးတင်ထွန်း က “သွားရဲတဲ့သူတွေလည်း သွားကြတယ်။ ကားတန်းကြီးလည်း အွန်လိုင်းပေါ်မှာ တွေ့ မှာပါ။ ပစ်တဲ့အချိန် ရပ်နေလိုက်။ ဖွင့်ပေးရင် ဆက်သွားလိုက်နဲ့ပေါ့။ လုံခြုံရေးကတော့ အခုထိ စိတ်မချရသေးဘူး။ အခုက သူတို့ စိတ် ထဲမှာ ကြည်လင်တယ်ဆိုရင် လွှတ်ပေး လိုက်တာ။ မကြည်ဘူးဆိုရင် ရပ်ထားခိုင်းလိုက်တာပဲ။ တရက်ရပ်ရပ် ၂ ရက်ရပ်ရပ် ရပ်နေရတာပဲ” ဟု ရှင်းပြသည်။
သြဂုတ်လ ၁၅ ရက်နေ့ ဖြစ်စဉ်နောက်ပိုင်း သိန္ဒီ-ကွမ်လုံ-လောက်ကိုင် လမ်းကြောင်းပေါ်ရှိ ဖျက်ဆီးခံခဲ့ရသည့် တံတား ၃ စီးကို ပြန် လည် ပြုပြင်ပြီး ဖြစ်သော်လည်း တံတား ဖျက်ဆီးမှုများ ရှိနေခြင်း၊ ယင်းလမ်းကြောင်းတလျှောက် တိုက်ပွဲများ ဆက်ရှိနေခြင်းတို့ ကြောင့် ဒေသလုံခြုံရေးမှာ စိတ်မချရသေးကြောင်း တပ်မတော် တာဝန်ရှိသူများက ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က “၃၁ မိုင်တံတားကို ထပ်လာတိုက်သေးတယ်။ မနေ့က စစ်မြေပြင်သုံး အမြန်တံတား ထိုးယာဉ်နဲ့ တံတား ထိုးလိုက်တယ်။ အဲဒီ တံ တားထိုးယာဉ်ဆိုတာ ပူးပေါင်းစစ်ဆင်ရေးတုန်းက တို့ပြသခဲ့တဲ့ဟာပဲ။ ဆောက်စရာမလိုဘူး။ တခါတည်း ထိုးပြီး ဖြတ်လိုက်တာနဲ့ ကားတွေ အကုန်သွားလို့ရတယ်။ တန် ၆၀ အထိ သွားလို့ရတယ်”ဟု ပြောသည်။
မဟာမိတ်ဖွဲ့ ထားကြသည့် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ အမျိုးသား ဒီမိုကရေစီ မဟာ မိတ် တပ်မတော် (MNDAA-ကိုးကန့် အဖွဲ့)၊ ရက္ခိုင် စစ်တပ် (AA) တို့သည် ရခိုင်ပြည်နယ်တွင် AA အဖွဲ့သည် စစ်ရေးအရ ဖိအား ပေးခံနေရချိန် အရှေ့မြောက်ဘက် ရှမ်းပြည်နယ်တွင် TNLA က တပ်မတော် နည်းပညာတက္ကသိုလ်ကို လက်နက်ကြီးဖြင့် ဝင်ပစ်ပြီး နောက် စစ်မျက်နှာတခု ထပ်ဖွင့်ပေးခဲ့သည်။

ယခုလက်ရှိဖြစ်ပွားနေသည့် ရှမ်းပြည်မြောက်ပိုင်း စစ်ပွဲများကြောင့် နယ်စပ်ကုန်စည်စီးဆင်းမှုများ ယာယီရပ်နားထားရသဖြင့် ကုန်စည်စီး ဆင်းမှုမှာ နေ့စဉ် အမေရိကန်ဒေါ်လာ ၆ သန်းခန့် ဆုံးရှုံးနေရကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဒုတိ ယဝန်ကြီး ဦးအောင်ထူးကပြောသည်။
ဒုတိယ ဝန်ကြီးက “ ပျမ်းမျှအားဖြင့် တနေ့ကို ဒေါ်လာ ၆ သန်းလောက် နစ်နာနေပါတယ်။ အခုချိန်ထိတော့ ပုံမှန် ပြန်မထွက်နိုင်သေး ဘူး” ဟု ယနေ့ စီး/ကူးသန်းဝန်ကြီးဌာနတွင်ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြု တင်ပြု တင်ပြရေး လုပ်ငန်းများ ညှိနှိုင်း အစည်းအဝေး အပြီးတွင် အထက်ပါ အတိုင်း မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။
သြဂုတ် ၁၅ ရက်နေ့မှစ၍ မြောက်ပိုင်း မဟာမိတ် အဖွဲ့များက လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားအချို့ကို မိုင်းခွဲဖျက်ဆီးခြင်းများ၊ လမ်းပိတ် ဆို့မှုများဖြစ်ပေါ်အောင် ပြုလုပ်ခဲ့ခြင်းတို့ကြောင့် ယင်းသို့ ဆုံးရှုံးမှုများဖြစ်ပေါ်နေကြောင်း သိရသည်။
သတင်းထောက် မိုးမိုး ပူးပေါင်း ရေးသားသည်။