မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့ နှင့် ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ တို့ အပစ်ရပ်စာချုပ်အတွက် ရှမ်းပြည်နယ် တောင်ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးနေချိန် ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် မော်ဟစ်ကျေးရွာအတွင်း တိုက်ပွဲကြောင့် လက်နက်ကျည်ကြီးများ ကျပြီး ကလေးငယ် ၂ ဦးအပါအဝင် အရပ်သား ၅ ဦး သေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာများ ရရှိထားသည်ဟု သတင်းရရှိသည်။
ကွတ်ခိုင်မြို့နယ်၊ စစ်ဘေးသင့်သူများအား အရေးပေါ် ကူညီကယ်ဆယ်ရေး ကွန်ရက်မှ ဦးမိုင်းအိုက်မွန်းက “မော်ဟစ်ရွာထဲမှာ လက်နက်ကြီးတွေကျတော့ လူ ၈ ယောက် ထိတယ်။ ၄ ဦးကတော့ ပွဲချင်းပြီးပါ။ ၁ ဦးကတော့ ဆေးရုံရောက်ပြီး အရေးပေါ်သွေးရှာနေချိန်မှာပဲ ဆုံးသွား တယ်။ စုစုပေါင်း ၅ ဦး သေဆုံးသွားတယ်။ ၂ ဦးကတော့ အရေးပေါ်ဖြစ်လို့ လားရှိုးဆေးရုံကို လွှဲလိုက်ပါပြီ။ ကျန်တဲ့ တဦးကတော့ အခု ကွတ်ခိုင်ဆေးရုံမှာပါ”ဟု ပြောသည်။
သေဆုံးသွားသည့် အရပ်သား ၅ ဦးထဲတွင် ၆ လသားအရွယ်နှင့် ၉ နှစ်အရွယ် ကလေးငယ် ၂ ဦး ပါဝင်သည်။
လက်ရှိတွင် လားရှိုးမြို့၊ ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ထားရသည့် ၂ ဦးမှာလည်း ဦးခေါင်းနှင့် ခန္ဓာကိုယ်များတွင် လက်နက်ကြီးကျည် အပိုင်းအစများ ထိထားပြီး စိုးရိမ်ရသည့် အခြေအနေတွင် ရှိသည်ဟု ဦးမိုင်းအိုက်မွန်းက ပြောသည်။
ယနေ့မနက်ပိုင်း ၇ နာရီခွဲခန့်မှ နေ့လည်ပိုင်းအထိ ကွတ်ခိုင်မြို့နယ်အတွင်း တပ်မတော် နှင့် မြောက်ပိုင်း မဟာမိတ် အဖွ့ဲဝင်မျာ ဖြစ်သည့် မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ် တပ်မတော် (MNDAA)၊ တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများ ဖြစ်ပွားပြီး လက်နက်ကြီးများ ပစ်ခတ်ရာ မော်ဟစ်ကျေးရွာအတွင်း ကျပြီး အရပ်သားများ ထိခိုက်သေဆုံးခြင်း ဖြစ်သည်။
ဦးမိုင်းအိုက်မွန်းက မနက် ၇ နာရီခွဲခန့်တွင် ကွတ်ခိုင်မြို့၊ ရပ်ကွက် (၈) အနီးတွင် တိုက်ပွဲများ ဖြစ်ကာ လက်နက်ငယ်ပစ်ခတ်သံများသာ ကြားရပြီး နေ့လည်ပိုင်း ရပ်ကွက် (၂) အနောက်ခြမ်း တွင် တိုက်ပွဲထပ်ဖြစ်ရာ လက်နက်ကြီးပစ်ခတ်သံများပါ ကြားရပြီးနောက် မော်ဟစ်ရွာတွင်း ထိခိုက်သေဆုံးမှုများ ဖြစ်ခြင်း ဖြစ်သည်ဟုလည်း ပြောသည်။
ဆက်လက်၍ ဦးမိုင်းအိုက်မွန်းက “သေဆုံးသွားတဲ့ထဲက မိသားစုထဲမှာ အမျိုးသားကတော့ မထိဘူး။ သူ့အမျိုးသမီးနဲ့ ကလေး၂ယောက်ပါသွားတယ်။ ကျန်တဲ့သူတွေကတော့ အိမ်မှာ လာစုနေကြတဲ့ သူတွေပါ”ဟု ပြောသည်။
သြဂုတ် ၁၅ ရက်က ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ် ၊ နောင်ချိုမြို့နယ် တိုးဂိတ်၊ ရဲကင်းနှင့် တပ်စခန်းများ စုစုပေါင်း နေရာ ၆ ခုကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ဝင်ရောက် တိုက်ခိုက်ပြီး နောက်ပိုင်း ကွတ်ခိုင်မြို့နယ်တွင်လည်း ယနေ့ထိ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
ယနေ့မနက်ပိုင်းတွင် လက်နက်ကြီးကျည်များ ကျပြီး ထိခိုက်သေဆုံးမှုများ ရှိသည့် မော်ဟစ် ကျေးရွာသည် ကွတ်ခိုင်မြို့နှင့်လည်း နီးပြီး ရွာပတ်ဝန်းကျင်တွင်လည်း စိုးရိမ်ရသည့် အခြေအနေ မရှိသဖြင့် ဒေသခံများမှာ ထွက်ပြေး တိမ်းရှောင်ခြင်းမရှိဘဲ ကျေးရွာအတွင်းတွင်သာ နေထိုင်နေခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။
တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ယနေ့ မနက်ပိုင်း ကွတ်ခိုင်တွင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ဘက်မှ တပ်မတော် ၊ တပ်ဖွဲ့ဝင်များ ရှိရာ နေရာသို့ လာရောက်တိုက်ခိုက်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်သည် ဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ကွတ်ခိုင်မှာ မနက် ၉ နာရီခွဲနဲ့ ၁၀ နာရီကြားမှာ တကြိမ်၊ ၁၀ နာရီ ၄၅ နဲ့ ၁၁ နာရီကြားမှာ တကြိမ် စုစုပေါင်း လက်နက်ကြီးနဲ့ ၁၀ လုံးကျော်လောက် ပစ်ခတ်ခဲ့တယ်။ အဲ့မှာ ရှိတဲ့ နယ်မြေခံ တပ်ထဲကို ၂ လုံး ၃ လုံးလောက် ကျတယ်။ အဆောက်အဦးတချို့တော့ ပျက်စီးတာ ရှိတယ်”ဟု ပြောသည်။
အရပ်သားများတွင်လည်း လက်နက်ကြီးကျည်များ ကျကြောင်း သိရသော်လည်း ထိခိုက်မှု အခြေအနေ အသေးစိတ်ကို မသိကြောင်း၊ တပ်အတွင်းတွင် လက်နက်ကြီးကျည် ကြောင့် ထိခိုက်ဒဏ်ရာ ရခြင်း မရှိပါဟု ပြောသည်။
ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ကာလမှာ အရပ်သား ပစ်မှတ်တွေရော တပ်ကိုရော လာရောက် တိုက်ခိုက်ခြင်းက ငြိမ်းချမ်းရေးအပေါ်မှာ မရိုးသားတဲ့ သဘောထား၊ ငြိမ်းချမ်းရေးပေါ်မှာ အမြတ်ထုတ်လိုတဲ့ သဘောထားတွေ အထင်ရှား တွေ့နေရတယ်။
အဖျက်အမှောင့်လုပ်ငန်းတွေ လုပ်နေသမျှတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး”ဟုလည်း ပြောသည်။
ဧရာဝတီမှ ကွတ်ခိုင်မြို့နယ်တွင်း ပစ်ခတ်မှုအခြေအနေများ မေးမြန်းရန် မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံများကို ဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရပါ။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့သည် သြဂုတ် ၁၅ ရက် တိုက်ခိုက်မှုနောက်ပိုင်းတွင် နောင်ချိုမြို့နယ်၊ ဂုတ်တွင်း တံတား ၊ သိန္နိ- ကွမ်လုံ – လောက်ကိုင် လမ်းတလျှောက်တွင်လည်း တံတား ၃ စင်းကို မိုင်းခွဲ ဖျက်ဆီးခံရသဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက သံဘောင်ဘေလီတံတားများ ပြန်လည် တည်ဆောက်ထားရသည်။
သြဂုတ် ၂၇ ရက်ကလည်း သိန္နီ ကွမ်လုံ ချင်းရွှေဟော် လမ်းပိုင်းရှိ တံတားတစင်းကို မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့က မိုင်းခွဲကာ ထပ်မံ ဖျက်ဆီးထားသည်။
မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့မှ မိုင်းခွဲ ဖျက်ဆီးသည့် တံတားများမှာ တရုတ်-မြန်မာ ကုန်သွယ် ရေးအတွက် နေ့စဉ် အသုံးပြုနေပြီး အရေးပါသည့် လမ်းကြောင်းများ ဖြစ်သည်။
မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့တွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ၊ MNDAA ၊TNLA နှင့် AA တို့ပါဝင် စုဖွဲ့ထားပြီး အဆိုပါ ၄ ဖွဲ့က ပဏာမအပစ်ရပ်စာချုပ် (Bilateral) တခုကို လက်မှတ်ရေးထိုး နိုင်ရေးအတွက်လည်း အတူတကွစုဖွဲ့ကာ အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် ညှိနှိုင်းလျက် ရှိသည်။
ညှိနှိုင်းမှုများ ပြုလုပ်နေစဉ် ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဟာမိတ်များကို တပ်မတော်က တိုက်ခိုက်နေသဖြင့် တန်ပြန်စစ်ဆင်ရေး ပြုလုပ်သည်ဟု ဆိုကာ ရှမ်းပြည်နယ် မြောက်ပိုင်းတွင် သြဂုတ် ၁၅ ရက်ကတည်းက စတင်၍ တိုက်ပွဲများ ဖြစ်ပွားနေခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်း KIA က ပါဝင်ခြင်း မရှိပါဘဲ MNDAA ၊ TNLA နှင့် AA တို့ ၃ ဖွဲ့သာ တိုက်ခိုက်နေသည်ကို တွေ့ရသည်။
ဆက်စပ်ဖတ်ရှုရန် –
ရှမ်းမြောက်တွင် အရပ်ဘက်ကားများ ဆက်တိုက် မီးရှို့ ဖျက်ဆီးခံနေရ
လက်နက်ကိုင်တွေကြားမှာ ရွာသူကြီး ဖြစ်ရတဲ့ ဒုက္ခ
တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး အစွမ်းကုန်ကြိုးပမ်းမည်ဟု မြောက်ပိုင်းသုံးဖွဲ့ပြော