ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာတွင် ၂၀၁၇ ခုနှစ်၊ သြဂုတ်လက ARSA နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် တပ်မတော် စစ်သည်များသည် ထိတွေ့တိုက်ခိုက်မှု စည်းမျဉ်း (Rule of Engagement) အတိုင်း ဆောင်ရွက်မှု မရှိသဖြင့် စစ်တရား ရုံးဖြင့် စစ်ဆေးမည် ဖြစ်ကြောင်း သိရသည်။
တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက“အဲဒီစည်းမျဉ်းတွေကို လိုက်နာတဲ့အခါမှာ တချု့ိ အပိုင်းတွေမှာ အား နည်းတယ်လို့ သံသယ ရှိစရာတွေ တွေ့ တယ်။ စုံစမ်းစစ်ဆေးရေး ခုံရုံးက စစ်ဆေးတဲ့အခါ ပေါ်ပေါက်တယ်။ အဲဒါကြောင့် စစ်တရား ရုံးနဲ့ စစ်ဆေးနိုင်အောင် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ဖြစ်စဉ် အသေးစိတ်နှင့် အခြား အချက်အလက်များကို စစ်တရားရုံး စစ်ဆေးမှု မပြီးမချင်း ထုတ်ပြန်ရန် မရှိကြောင်း၊ စုံစမ်း စစ်ဆေး ရေးခုံရုံးက ပြဿနာတရပ်သည် မည်သူ့ကြောင့် ဖြစ်ပွားရကြောင်း တာဝန်ရှိသည်ကို သက်သေခံချက်များ ရှိပါက တရားစွဲရန် ဖွဲ့ စည်းသည့် ခုံရုံးတခု ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်ကျေးရွာအနီးတွင် ရာနှင့်ချီသည့် ရုပ်အလောင်းများအား နေရာ ၅ ခုတွင် အစုလိုက် အပြုံလိုက် မြုပ်နှံကြောင်း၊ ယင်းတို့ကို အက်ဆစ်လောင်း၍ ဖျောက်ဖျက်ရန် စီစဉ်ထားသဖြင့် ရုပ်ပျက်ဆင်းဖျက် ဖြစ်နေကြောင်း AP သတင်းဌာန၏ ဖော်ပြချက်ကို သမ္မတရုံးက မှန်ကန်မှု မရှိကြောင်း ၂၀၁၈ ဖော်ဖော်ဝါရီလ ၂ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့သည်။
AP သတင်းဌာန ဖော်ပြချက်ပါ ဂူတင်ပြင် ဖြစ်စဉ်နှင့် ပတ်သက်၍ ဒေသခံများ ပါဝင်သည့် မြေပြင် ကွင်းဆင်း စစ်ဆေးရေး အဖွဲ့ ဖြင့် စနစ်တကျ ကွင်းဆင်း စစ်ဆေးသည့် ပဏာမ စစ်ဆေးချက်အရ မှန်ကန်မှု မရှိကြောင်း တွေ့ ရှိရသည်ဟု သမ္မတရုံးက ထုတ်ပြန်ခဲ့သည်။
ဂူတာပြင် သတင်း ရေးသားဖော်ပြသည့် AP သတင်းဌာနကိုလည်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ က တရားစွဲဆိုရန် ပြင်ဆင်ခဲ့သေးပြီး နောက်ပိုင်းတွင် ပြန်လည် ရုတ်သိမ်းသွားခဲ့သည်။
“၂၀၁၇ ခုနှစ်၊ သြဂုတ်လမှာ ဖြစ်တဲ့ကိစ္စပါ။ ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ကာလမှာ ဖြစ်ခဲ့တာပါ။ ဗိုလ်ချုပ်မြတ်ကျော်ရဲ့ ခုံရုံးကနေ ခုန က ဟာကို စစ်ဆေး တွေ့ ရှိတာ ဖြစ်ပါတယ်”ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ရိုက်တာ သတင်းဌာနက ဖော်ပြခဲ့သည့် အင်းဒင် ဖြစ်ရပ်ပြီး နောက်ပိုင်း ယခုတွေ့ ရှိမှုသည် ဒုတိယ အကြိမ် ဖြစ်ကြောင်း၊ ဗိုလ်ချုပ် ကြီး အေးဝင်းဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့ကလည်း ဖြစ်ရပ် ၂ ခုကို ဖော်ထုတ်ခဲ့ဖူးကြောင်း၊ ၎င်းတို့မှာ ရွာသားများကို ရိုက်နှက်ခဲ့သဖြင့် တပ်မတော် စစ်သည်တချို့ အရေးယူခံရသည့် ဖြစ်စဉ် ဖြစ်ကြောင်း ၎င်းက ပြောပြသည်။
ဂူတာပြင်ဖြစ်စဉ်နှင့် ပတ်သက်၍ သမ္မတရုံး၏ ရှင်းလင်းချက်တွင် ARSA အစွန်းရောက်များနှင့် ထိတွေ့ တိုက်ခိုက်မှု ဖြစ်ပွားစဉ် ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့က ARSA နှင့် ပူးပေါင်းထားသည့် ဂူတာပြင် ရွာသား ၅၀၀ ခန့်သည် လူအုပ်ဖြင့် ဝိုင်းဝန်း တိုက် ခိုက်လာကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ ဝင်များက ကပ်မလာစေရန် တားဆီးသော်လည်း အတင်းဝင်ရောက် လုံးထွေး တိုက်ခိုက်သဖြင့် ပြန်လည် ပစ်ခတ်ရာ ရွာ၏ တောင်ဘက်သို့ ဆုတ်သွားကြောင်း ဖော်ပြခဲ့သည်။
ယင်းဖြစ်စဉ်တွင် လုံခြုံရေး တပ်ဖွဲ့ ဝင်တဦး ထိခိုက်ဒဏ်ရာ ရရှိပြီး ARSA ဘက်မှ အလောင်း ၁၉ လောင်းနှင့်အတူ ဓါးလှံ လက်နက် များ၊ ဂျင်ကလိများ၊ ကျည်ခွံ ၁၂ ခုတို့ သိမ်းဆည်းရမိကြောင်း၊ အလောင်း ၁၉ လောင်းကို စနစ်တကျ မြုပ်နှံခဲ့ကြောင်း၊ ယင်း ဖြစ်စဉ် ကို သေမှုသေခင်းဖွင့်၍ အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
ထိုအချိန်က လူသေလောင်းများ မြုပ်နှံထားသည့် ကျင်းကြီး ၅ ခု တွေ့ ရှိခဲ့သည် ဆိုသော သတင်းများကို နိုင်ငံတကာ မီဒီယာ တချို့ က ဖော်ပြခဲ့ပြီး အစိုးရ ကလည်း စုံစမ်းရေး အဖွဲ့ များ စေလွှတ်ပြီး စုံစမ်းခဲ့သည်။
ဘူးသီးတောင်မြို့နယ် ပြည်သူလွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက “မှန်မှန်ကန်ကန် ဆောင်ရွက်ရင် ဘာမှလည်း ဂရုစိုက်စရာ မလိုဘူး။ ပြည်တွင်းမှာ ဖြစ်တဲ့ဟာကို ပြည်တွင်းမှာပဲ မှန်မှန်ကန်ကန် လုပ်ဆောင်သွားရင် ရတယ်။ ခံရတဲ့သူတွေက ပြောလာရင်တော့ မှန်မှန်ကန်ကန် စစ်ဆေးပေးဖို့ လိုတယ်”ဟု ဧရာဝတီသို့ ပြောသည်။
၂၀၁၇ ခုနှစ်နောက်ပိုင်း ရခိုင် အရေးအခင်းများနှင့် ပတ်သက်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီး တဦး ဦးဆောင်သည့် စုံစမ်း စစ်ဆေးရေး အဖွဲ့၊ ဗိုလ်ချုပ်တဦး ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေး ခုံရုံးတခုတို့ကို တပ်မတော်က ဖွဲ့စည်းခဲ့ပြီး ယင်း ၂ ဖွဲ့၏ တွေ့ရှိချက် ရလဒ်များ အပေါ် မူတည်ပြီး အရေးယူထားကြောင်း တပ်မတော် တာဝန်ရှိသူတချို့ ထုတ်ဖော်ပြောဆိုသည်။
ရခိုင်ပြည်နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး မြန်မာ လုံခြုံရေး စခန်းများကို အာရကန် ရိုဟင်ဂျာ ကယ်တင်ရေး တပ် (ARSA) အဖွဲ့ ဝင်ရောက် တိုက်ခိုက်ခြင်းအား မြန်မာ့ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည် စစ်ဆင်ရာတွင် ဒုက္ခသည် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားခဲ့ပြီး လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်များ ထွက်ပေါ်လာခဲ့သည်။
ယင်းစွပ်စွဲချက်များကို အကြောင်းပြု၍ ကုလသမဂ္ဂ၊ နိုင်ငံတကာ အသိုင်းအဝိုင်းတို့က တပ်မတော်ကို အရေးယူရန် တိုက်တွန်းမှုများ ရှိနေပြီး အမေရိကန် ပြည်ထောင်စု တပ်မတော်ခေါင်းဆောင်များကို ပြည်ဝင်ခွင့် ပိတ်ထားသလို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) ဖြင့်လည်း အရေးယူရန် ကြိုးပမ်းမှုများ ရှိနေသည်။
တပ်မတော် တာဝန်ရှိသူများကမူ ရခိုင်ပြည်နယ်တွင် ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၁၇ တို့တွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပဋိပက္ခများကို တပ်မတော်မှ စတင်ခဲ့ခြင်း မဟုတ်သလို ဌာနတိုင်းရင်းသားများကလည်း စတင်ခဲ့ခြင်း မဟုတ်ကြောင်း၊ တိုင်းရင်းသား မဟုတ်သူ အခြားသူများက စတင်ခဲ့ခြင်း ဖြစ်ရာ တပ်မတော်က နယ်မြေလုံခြုံရေး၊ တိုင်းရင်းသားများ လုံခြုံရေး ဆောင်ရွက်ခဲ့ရကြောင်းနှင့် စစ်မြေပြင်တွင် စစ်သည်တော်တို့ စောင့်ရှောက်အပ်သည့် ကျင့်ဝတ်ကို ဖောက်ဖျက်သူများအား အရေးယူမည်ဖြစ်ကြောင်း ပြောကြားခဲ့ဖူးသည်။
အင်းဒင်ရွာအနီး သတ်ဖြတ်မှုများကြောင့် အရေးယူခံခဲ့ရသော စစ်သည်များမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ အသနားခံစာ တင်ခဲ့ပြီး ပြစ်ဒဏ်မှ လွတ်မြောက်သွားခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
ဘင်္ဂလားဒေ့ရှ် စခန်းများတွင် ဒုက္ခသည် ၁ သိန်းခန့် ဆန္ဒပြ
စည်းလုံးညီညွှတ်မှုကို ပြသရန် ခရစ်ယာန်နှင့် အစ္စလာမ် အသိုင်းအဝိုင်းသို့ တပ်ချုပ် လှူဒါန်း
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်မှု မရှိသေး