ရခိုင်ပြည်နယ် မြောက်ပိုင်း မြို့နယ် ၄ ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် စက်တင်ဘာလ ၁ ရက်နေ့ နံနက် ပိုင်းကနေ စတင်ကာ အင်တာနက် သုံးစွဲခွင့် ပြန်လည် ရရှိသွားပြီ ဖြစ်သည်။
အင်တာနက် ဒေတာ ပြန်လည် ရရှိသောမြို့နယ်တို့တွင် ရခိုင်မြောက်ပိုင်း မြို့နယ်များ ဖြစ်သည့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မြေပုံမြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့ ဖြစ်ကြောင်း သိရသည်။
မောင်တောမြို့နယ် နံသာတောင် ပရဟိတ ကျောင်းထိုင်ရာတော် ဦး စရဏက “ဘုန်းဘုန်းတို့မြို့နယ်မှာ ဒီနေ့ အင်တာနက်လိုင်း စ ရပါတယ်။ အရမ်းလည်း ဝမ်းသာပါတယ်။ တခြားနေ့ဆို ဘုန်းဘုန်းတို့ အင်တာနက်သုံးဖို့ နယ်စပ်ခြံစည်းရိုးနားကို သွားပြီး သုံးတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ လိုင်းနဲ့ သုံးနေရတယ်။ ဒီနေ့တော့ ဘယ်မှ သွားစရာမလိုဘဲ ကိုယ့်ကျောင်းမှာ ကိုယ်သုံးလို့ နေပြီးတော့ ဝမ်းသာတာပေါ့” ဟု ဧရာဝတီသို့ မိန့်သည်။
ချင်းပြည်နယ် ပဝက်ဝမြို့နယ်အတွင်းမှ ဒေသခံ ပြည်သူများမှာလည်း ယနေ့ ကမ္ဘာကြီးနှင့် အဆက်အသွယ်ရသွားပြီ ဖြစ်ကြောင်း ပလက်ဝမြို့တွင် နေထိုင်သည့် ကိုဘုထန်ပိုင်းက ပြောသည်။
ကိုဘုထန်ပိုင်းက “ ကျနော်တို့ ဒီနေ့မှ ကမ္ဘာကြီးနဲ့ အဆက်သွယ်ရတော့ ပျော်တာပေါ့ ။ သတင်းတွေလည်း အခုမှ ဖတ်ရတယ်။ အင်တာနက်မရှိရင် ဘာမှ မသိတော့ဘူး။ တခြား ကမ္ဘာကို ရောက်နေသလို ခံစားရတယ်။ တော်တော်ကြီး ဝမ်းသာပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားရာ နယ်မြေဒေသများဖြစ်သော မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စသည့် မြို့နယ် ၈ မြို့နယ် အပါအဝင် ချင်းပြည်နယ် ပလက်ဝ မြို့နယ်ကိုပါ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနက အင်တာနက် သုံးစွဲခွင့်များကို ဇွန်လ ၂၁ ရက်နေ့က စတင်ကာ ဖြတ်တောက်ခဲ့သည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း မှ အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက တရား ဥပဒေစိုးမိုးရေးနှင့် အများပြည်သူ အကျိုးအတွက် ချင်းပြည်နယ် ပလက်ဝ မြို့နယ် အပါအဝင် ရခိုင်ပြည်နယ်အတွင်းက မြို့နယ် ၈ ခု စုစုပေါင်း မြို့နယ် ၉ ခုကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် အော်ပရေတာများကို အင်တာနက်လိုင်းများ ပိတ်ရန် ညွန်ကြားထားခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ ပြောဆိုထားသည်။
မြေပုံမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက “ ကျနော်တို့ မြေပုံမြို့နယ် အပါအဝင် မြို့နယ် ၄ ခုမှာ အင်တာနက်လိုင်း ပြန်ရတယ်လို့ကြားတယ်။ သို့သော် အစိုးရက တရားဝင် ကြေငြာထုတ်တာတော့ မတွေ့ရဘူး။ စစ်ရေး ပဋိပက္ခ ပြင်းထန်တဲ့ နေရာတွေမှာ ဆက်ပြီး ပိတ်ထားတယ်လို့ ခန့်မှန်းရတယ်။ ဒီလို လုပ်တာ ရည်ရွယ်ချက် မှားနေတယ်လို့ ပြောလို့ရတယ်။ စစ်ရေး ပဋိပက္ခ ပြင်းထန်တဲ့နေရာတွေမှာ ပိုလို့တောင် ဖွင်ပေးသင့်တယ်။ အဲဒီလို လုပ်မှ သတင်းအမှန်တွေကို သိရမယ်။ အမှန်က တပြေးညီ ပြန်ဖွင့်ပေးသင့်တယ် ” ဟု ဧရာဝတီသို့ ပြောသည်။
ကျောက်တော်မြို့ခံ ကိုကျော်လှမြင့်က အောက်ခြေတွင် ဖြစ်ပျက်နေသည့် အခြေအနေများကို အချိန်နှင့် တပြေးညီ သိရှိတင်ပြနိုင်ရန် တခြားမြို့နယ်များကို ဖွင့်ပေးသလို ကျောက်တော်မြို့နယ်ကိုလည်း အစိုးရမှ အင်တာနက် လိုင်း မြန်မြန် ဖွင်ပေးစေချင်ကြောင်း ပြောသည်။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့် ရှိသူ စည်ပင်ဝန်ကြီး ဦးဝင်းမြင့်ကတော့ ရခိုင်မြောက်ပိုင်း မြို့နယ် ၄ ခုတွင် အင်တာနက်လိုင်း ပြန်လည် ရရှိခြင်းကို ၎င်းအနေဖြင့် သေချာ မသိရှိသေးကြောင်းနှင့် အင်တာနက်လိုင်း ပိတ်ထားသည့် ကိစ္စသည်မှာ ပြည်ထောင်စု အစိုးရ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
၎င်းက “အင်နက်လိုင်း ပြန်ရတယ်လို့တော့ ကျနော်လည်း ဖေ့စ်ဘုတ်မှာ တက်လာလို့ သိရတယ်။ အသေချာတော့ မသိဘူး။ ဒီအင်တာနက်လိုင်း ပိတ်တဲ့ ကိစ္စတွေက ကျနော်တို့ အစိုးရ လုပ်ပိုင်ခွင့်ထဲမှာ မပါဘူး။ ပြည်ထောင်စု အစိုးရ ရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ် ၈ မြို့နယ်တွင် အင်တာနက် ဝန်ဆောင်မှု သုံးစွဲခွင့် ဖြတ်တောက် လိုက်ခြင်းအား ပြန်လည် သုံးစွဲခွင့်ပြုရန် မင်းပြားမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလှအောင်သိန်းက ပြည်နယ်လွှတ်တော်တွင် အရေးကြီး အဆိုတင်သွားခဲ့ရာ ကန့်ကွက်သူ မရှိသဖြင့် ဇွန်လ ၂၆ ရက်နေ့မှာ လွှတ်တော်က အတည်ပြုခဲ့သည်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်နှင့် ရခိုင်မြောက်ပိုင်းက မောင်တော ၊ ဘူးသီးတောင် ၊ ရသေ့တောင် ၊ မြေပုံမြို့နယ်တို့တွင် ယနေ့ စင်တင်ဘာလ ၁ ရက်နေ့မှ စ၍ အင်တာနက် သုံးခွင့် ရရှိနေပြီ ဖြစ်သော်လည်း ကျန်မြို့နယ်များဖြစ်သည့် ပုဏ္ဏားကျွန်း ၊ ကျောက်တော် ၊ မြောက်ဦး ၊ မင်းပြား စသည့် မြို့နယ် ၄ ခုကို အစိုးရမှ အင်တာနက် အသုံးပြုခွင့် ဆက်လက် ပိတ်ထားဆဲ ဖြစ်သည်။
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်
ဘင်္ဂလားဒေ့ရှ်ဘက်မှ ဒုက္ခသည်များ ပြန်လည် ဝင်ရောက်မှု မရှိသေး
“စတုတ္ထမဏ္ဍိုင် မရှိဘူး” ဟု မန်းဝန်ကြီးချုပ် သတင်းသမားများကို စိန်ခေါ်