မြင်းခြံ သံမဏိစက်ရုံ စီမံကိန်းကို ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့် မညီဘဲ ဘတ်ဂျက် ကြိုတင် ခွင့်ပြုခဲ့သည့် အပေါ် သြဂုတ်လ ၃၀ ရက်နေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လွှတ်တော် ကိုယ်စားလှယ် အချင်းချင်း အပြန်အလှန် အငြင်းပွားခဲ့ကြသည်။
စက်မှုဝန်ကြီးဌာနမှ မြင်းခြံသံမဏိစက်ရုံ စီမံကိန်း တင်ဒါအောင်ခဲ့သော လုပ်ငန်းရှင် တချို့ထံသို့ ၂၀၁၆ ခုနှစ် ကတည်းက ပေးရန်ရှိသည့် ကျပ် ၉.၅ ဘီလီယံ၏ ၇၅ ရာခိုင်နှုန်းကို ပြန်ပေးရန် ၂၀၁၉ -၂၀ ဘဏ္ဍာနှစ် ၏ ရသုံးဆိုင်ရာ ငွေစာရင်းတွင် လွှတ်တော် ဘတ်ဂျက်စိစစ်ရေး အဖွဲ့တခုက ထည့်သွင်းပေးလိုက်ခြင်းနှင့် ပတ်သက်၍ အငြင်းပွားခဲ့ခြင်း ဖြစ်သည်။
“အခုတင်ပြ တောင်းခံလာတဲ့ ကျပ် ၉၅၀၉.၀၉၀ သန်းဟာ တည်ဆဲဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း တွေနဲ့ ဘယ်လိုမှ မညီညွှတ်တဲ့အပြင် သိသိကြီး ကျော်လွန်ဖောက်ဖျက် သုံးစွဲခဲ့တဲ့ ကိစ္စရပ်ဖြစ်တယ်ဆို တာ အထူးပြောစရာ မလိုတော့ဘူး”ဟု ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဥက္ကဌ၊ ပုလဲမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ကန့်ကွက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဦးစီးဌာန အသီးသီးက တာဝန်ရှိသည့် ဌာနဆိုင်ရာ အကြီးအကဲများ အနေ ဖြင့်လည်း ဘတ်ဂျက် ခွင့်ပြုချင်း မရှိဘဲ အသုံးစရိတ် တရပ်ကို ကြိုတင်သုံးစွဲခွင့် မရှိသည်ကိုလည်း အားလုံးသိပြီး ဖြစ်ကြောင်း၊ ကြွေးကျန် ရရန်ရှိ လုပ်ငန်းရှင်များ၏ အခက်အခဲကို နားလည်သော် လည်း ဘဏ္ဍာရေး စည်းကမ်းနှင့် မညီညွတ်သည့် ကိစ္စများကို ရပ်တည်ချက် မှန်ကန်စွာဖြင့် သတိထား ချဉ်းကပ်ဆုံးဖြတ်ရန် ၎င်းက အကြံပြုသည်။
အထူးသဖြင့် ပြည်သူ့ဘဏ္ဍာငွေတရပ်ကို စည်းလွတ်ဝါးလွတ် သုံးစွဲခဲ့သည့် တာဝန်ရှိသူများကို ဦးစွာ စိစစ် ဖော်ထုတ် ရန် လိုကြောင်း၊ ပြီးမှသာ အစိုးရက မလွှဲမရှောင်သာ ပေးရန်ရှိသည့် လုပ်ငန်းရှင်များ ၏ ကြွေးကျန်များကို စိစစ်ပေးချေ ရန် စဉ်းစားဆောင်ရွက်သင့်ကြောင်းလည်း ဒေါ်ခင်စန်းလှိုင်က သုံးသပ်သည်။
မြင်းခြံသံမဏိ စက်ရုံစီမံကိန်းကို စိစစ်ရမည့် ဘတ်ဂျက် စိစစ်ရေး ပူးပေါင်း ၁၂ မှ အတွင်းရေးမှူး NLD ပါတီဝင် ဒေါက်တာ ပြည့်ဖြိုးကလည်း ဘတ်ဂျက်နှင့် မညီခဲ့သည့် ကိစ္စကို ယခုမှ ပြန်ပြီး ညီအောင် ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ ယခု ဘတ်ဂျက်ကို ခွင့်ပြုပေးလိုက်ပြီး စိစစ်ရေး အဖွဲ့များဖြင့် ဆောင်ရွက်ခဲ့သည်များကို သေသေချာချာ စုံစမ်း ဖော်ထုတ်ရန် ရှိကြောင်း၊ အဓိက အနေဖြင့် စက်မှု ဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောသည်။
ဒေါက်တာပြည့်ဖြိုးက“ကျနော် ပြောချင်တာက ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ နည်းဥပဒေ ရှိပါ တယ်။ အဲဒီဥပဒေ၊ နည်းဥပဒေ ထဲမှာ အစိုးရတရပ်ရပ်က ဌာနဆိုင်ရာတွေကို ကြွေးမြီပေးရန် ကျန်လို့ရှိရင် အဲဒီအပေါ်မှာတော့ ကျနော်တို့ က လျော့ချတာ၊ ငြင်းပယ်တာ လုပ်လို့ မရပါဘူး”ဟု ရှင်းပြသည်။
မြင်းခြံသံမဏိ စက်ရုံသည် အရှုံးပေါ်သဖြင့် NLD အစိုးရ လက်ထက်တွင် ပြည်ထောင်စု လွှတ်တော် ၏ ဆုံးဖြတ်ချက် ဖြင့် ၂၀၁၇ ခုနှစ်မှ စတင်ကာ ယာယီ ရပ်နားထားရသည့် စီမံကိန်း ၂၄ ခု အနက်မှ တခု ဖြစ်သည်။
ထိုသို့ ယာယီ ရပ်နားလိုက်ခြင်း၊ ဘတ်ဂျက် ခွင့်ပြုချက် မရမီ လုပ်ငန်းများ ကြိုတင် ဆောင်ရွက်ခဲ့ ခြင်းတို့ကြောင့် နစ်နာ ရသည့် လုပ်ငန်းရှင်များလည်း ရှိနေကြောင်း ဧရာဝတီက စုံစမ်း သိရှိရသည်။
ယင်းစက်ရုံ စီမံကိန်းကို တင်ဒါအောင်မြင်ပြီး ဆောင်ရွက်ခွင့်ရသော ကုမ္ပဏီများ ဖြစ်သည့် အေးရှား ဝေါကုမ္ပဏီ၊ မြန်မာ မဟာထွန်း ကုမ္ပဏီ၊ Myanmar Chemical & Machinery ကုမ္ပဏီ၊ KTK ကုမ္ပဏီနှင့် Asia Metal ကုမ္ပဏီတို့သည် အစိုးရဆီမှ ကျပ် ၉ ဘီလီယံ ကျော်ကို ၂၀၁၆ ခုနှစ် ကတည်းက ရရန် ရှိနေသည်ဟု သိရသည်။
၎င်းတို့ ကုမ္ပဏီများသည် တင်ဒါအောင်မြင်ခဲ့ပြီးနောက် သက်ဆိုင်ရာဌာနက “စီမံကိန်း မြန်မြန်ပြီးပါက အကျိုးအမြတ် မြန်မြန်ရမည်” ဆိုသော အကြောင်းပြချက်ဖြင့် လုပ်ငန်း လုပ်ကိုင် ခိုင်းခဲ့ပြီး ကုန်ကျ မည့် ငွေကြေးများကို စိုက်ထုတ်သုံးစွဲထားရန် ပြောဆိုသဖြင့် အားလုံးက ငွေကြေး စိုက်ထုတ် သုံးစွဲခဲ့ကြကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းနှင့် ညီ၊ မညီကို ၎င်းတို့ ကြိုတင် မသိရှိခဲ့ ကြောင်း မြန်မာ မဟာထွန်း ကုမ္ပဏီ၏ ဥက္ကဌ ဦးဝဏ္ဏထွန်းက ဧရာဝတီသို့ ပြောသည်။
“မြေပြင်မှာလည်း ကွင်းဆင်း စစ်ဆေးလို့ရတယ်။ ဒီလုပ်ငန်းတွေကြောင့် နိုင်ငံတော်က နစ်နာသွားတာ မရှိဘူး။ ကျနော်က ၂ ဘီလီယံ ရမယ်။ အားလုံး ၉ ဘီလီယံဖိုးက လုပ်ငန်းက လုပ်ပြီးပြီးသားချည်း ပါပဲ။ နိုင်ငံတော် အနေနဲ့ ဒါကို ပေးလိုက်လို့ နစ်နာသွားတာ မဟုတ်ဘူး။ လုပ်ငန်းရှင်တွေပဲ နစ်နာနေရ တာပါ။ ဓာတ်ပုံ မှတ်တမ်းတွေနဲ့ အကုန်တင်ပြထားပါတယ်”ဟု ၎င်းက ပြောသည်။
၎င်းက ဆက်၍ “ဌာနမှာ လုပ်တဲ့သူတွေကလည်း ကိုယ်ကျိုးအတွက် လုပ်တာ မဟုတ်ဘူး။ အားလုံးက စီမံကိန်းတခု မြန်မြန်ပြီးချင်လို့ လုပ်ကြတာပေါ့နော်။ ကျနော်တို့ကိုလည်း စိုက်ထုတ်ပေးပါ။ စီမံကိန်း မြန်မြန်ပြီးမှ ကုန်ပစ္စည်း မြန်မြန် ထုတ်လို့ရမှ အကျိုးရှိမယ် ဆိုပြီး ခိုင်းတဲ့သဘောပါ။ ကျနော်တို့က လည်း ကျေကျေနပ်နပ်နဲ့ကို လုပ်ခဲ့တာပါ။ ဌာနရဲ့ ကိုယ်ကျိုးစီးပွားလည်း မဟုတ်ဘူး။ အလွဲသုံးစား လည်း မဟုတ်ဘူး”ဟု ဆိုသည်။
မြင်းခြံ သံမဏိစက်ရုံ စီမံကိန်းအတွက် ကုမ္ပဏီများသည် ၂၀၁၄ ခုနှစ်မှ စတင်ကာ လုပ်ငန်းများ စတင် ခဲ့ခြင်း ဖြစ်ပြီး ယခင် အစိုးရ လက်ထက်က ငွေကြေးများ ရရှိခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်ကာ ယခု လို ပြဿနာ ပေါ်ပေါက် လာရခြင်း ဖြစ်ကြောင်း၊ ကုမ္ပဏီ တချို့မှာ ယင်းငွေ ပြန်မရသဖြင့် ချေးငွေကို လည်း ပြန်မဆပ်နိုင်ဘဲ ဖြစ်နေကြောင်း လုပ်ငန်းရှင် အသိုင်းအဝိုင်းက ပြောသည်။
အစိုးရဌာနဘက်က ၂၀၁၆ ခုနှစ်တွင် လုပ်ငန်းရှင်များ၏ စိုက်ထုတ်ငွေကြေးကို “ခေါင်းစဉ်ပြောင်း၍ ပေးမည်”ဟု ပြောသဖြင့် ဆက်လုပ်ခဲ့ကြကြောင်း၊ သို့သော် နောက်ပိုင်းတွင် ဘဏ္ဍာငွေ လွှဲပြောင်းသုံးစွဲ ခွင့် မရသလို ၂၀၁၇ ခုနှစ်တွင် စက်ရုံ စီမံကိန်းပါ ရပ်တန့် သွားသည့်အခါ ရရှိမည့် ငွေကြေးများ လုံးဝ မရရှိတော့ကြောင်း သိရသည်။
ထို့ကြောင့် သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စက်မှု ဝန်ကြီးဌာန၊ လွှတ်တော်ကော်မတီများ အပါအဝင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် နိုင်ငံတော် စီးပွားရေးရာ ပေါင်းစပ် ညှိနှိုင်းရေး ကော်မတီတို့ထံ လုပ်ငန်းရှင်တချို့က ၎င်းတို့၏ အခက်အခဲကို တင်ပြခဲ့ကြသည်။
“အရင် အစိုးရ လက်ထက်ကတော့ ကြိုသုံးငွေတွေ ခွင့်ပြုပုံရတယ်။ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်း နဲ့တော့ လုံးဝ မညီဘူး။ ဒေါ်ခင်စန်းလှိုင်က အဲဒါကို ထောက်တာ။ ဒီဘက်မှာလည်း ဌာနက ကြိုတင် ဆောင်ရွက် ခွင့်ပြုပါရန်ဆိုတဲ့ တင်ပြတဲ့စာ ရှိတယ်။ အစိုးရ ကက်ဘိနက် ထောက်ခံချက် ရှိတယ်။ စီးပွားရေး ကော်မတီရဲ့ ထောက်ခံချက်လည်း ကုမ္ပဏီက ရထားတယ်”ဟု ပြည်သူ့လွှတ်တော် ရင်းနှီးမြုပ်နှံမှုနှင့် စက်မှု ဖွံ့ဖြိုးရေး ကော်မတီအတွင်းရေးမှူး ဦးအောင်ကျော်ကျော်ဦးက ပြောသည်။
လက်ရှိ ရပ်နားထားသည့် အဆိုပါ စက်ရုံကို ဆက်လုပ်သင့်၊ မလုပ်သင့် ဆွေးနွေးဆဲဖြစ်ကြောင်း၊ ဆက်လုပ်မည်ဆိုပါက အရှုံးပေါ်နေဦးမည် ဖြစ်ကြောင်း၊ ယခုကိစ္စသည်လည်း လွှတ်တော်တွင်း မဲခွဲဆုံးဖြတ်မည်ဖြစ်ရာ သက်ဆိုင်ရာ ဝန်ကြီးဌာနက လွှတ်တော်သို့ ရှင်းပြနိုင်ရန် လိုအပ်ကြောင်း၊ ဝန်ကြီး ဌာန၏ ရှင်းပြချက်သည် အဆုံးအဖြတ် ဖြစ်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
ဆက်လက်ပြီး ၎င်းက“သူတို့က အစိုးရအဖွဲ့ ကက်ဘိနက်ဆီက စာရယ်၊ နောက် ECC (စီးပွားရေး ကော်မတီ)က စာရယ် ယူလာတယ်။ ယူလာပြီးတော့ ကုမ္ပဏီကလည်း ဒါအမှန်တကယ် လုပ်ထား တယ်။ လုပ်ငန်း စစ်ဆေးပြီးသားလည်း ဖြစ်တယ်။ ကုမ္ပဏီကလည်း ဒေဝါလီခံရတော့မယ်။ အကြွေး တွေကလည်း အများကြီးပဲ။ အတိုးတွေလည်း တက်နေပြီဆိုတော့ အဲဒါနဲ့ လာတောင်းတာပေါ့”ဟု ဆိုသည်။
ဘတ်ဂျက် စိစစ်ရေး လွှတ်တော် ကော်မတီများကမူ ယခု တောင်းသည့် ကျပ် ၉.၅ ဘီလီယံ၏ ၇၅ ရာခိုင်နှုန်းကို ပေးမည် ဖြစ်သော်လည်း အဆိုပါစက်ရုံသို့ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာ များ၏ ကွင်းဆင်း စစ်ဆေးမေးမြန်းမှုပြီးမှ ပေးမည် ဖြစ်ကြောင်း သြဂုတ် ၃၀ ရက်နေ့က လွှတ်တော်သို့ တင်ပြထားသည်။
ပြီးခဲ့သည့် နှစ်ကလည်း ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းနှင့် မညီဘဲ ဘတ်ဂျက်ချထားပေးမှုကို ကျော်လွန်သုံးစွဲခဲ့သည့် မြစ်သာဆည် စီမံကိန်းကို လွှတ်တော်အမတ်တချို့ ကန့်ကွက်ခဲ့သော်လည်း နောက်ဆုံးတွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုပေးခဲ့ရသည်။
ဆက်စပ်ဖတ်ရှု့ရန် –
မြင်းခြံ သံမဏိစက်ရုံ ရပ်ထားပါက သမိုင်းမှတ်တမ်း အဖြစ် ကျန်ရစ်မည်ဟု စက်မှုဝန်ကြီးပြော
တရုတ်အကြွေး ဆပ်နေရပေမယ့် ပြစရာ စီမံကိန်း မရှိဟု အမတ်များ ဝေဖန်
အရှုံးပေါ် စက်ရုံအလုပ်ရုံများ နိုင်ငံပိုင်အဖြစ်မှ စွန့်လွှတ်ရန် လွှတ်တော်ကော်မတီတောင်းဆို