ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ကန်စောက်ရဲကင်းစခန်း အနီး ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေသော ဇနီးမောင်နှံ ၂ ဦး စက်တင်ဘာလ ၁ ရက် ညနေ ၆ နာရီကျော် အချိန်၌ အသတ်ခံလိုက်ရကြောင်း သတင်း ရရှိသည်။
အဆိုပါ ဇနီးမောင်နှံ၂ ဦးမှာ အသက် ၅၀ အရွယ် ဦးရဲလွင်နှင့် အသက် ၄၇ နှစ် အရွယ် ဒေါ်တင်တင်ထွေးတို့ ဖြစ်ပြီး နေ အိမ်ဆိုင်ခန်းအတွင်း ရှိနေစဉ် ဓားဖြင့် လုပ်ကြံသတ်ဖြတ်ခံရခြင်း ဖြစ်ကြောင်း ကန်စောက်ရဲကင်းစခန်းမှ ရဲအရာရှိတဦးက ပြောသည်။
ကန်စောက် ရဲကင်းစခန်းမှ ရဲအရာရှိတဦးက “မနေ့က ညနေ ၆ နာရီကျော်လောက်မှာ ဖြစ်တာပါ။ ဝါးတောင် အုပ်ချုပ်ရေး မှူးက အကြောင်းကြားလို့ ကျနော်တို့ လိုက်သွားတဲ့ အချိန် လင်မယား နှစ်ယောက်လုံး ဓားထိုးဒဏ်ရာတွေနဲ့ လဲပြီး သေဆုံး နေတာကို တွေ့ရပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသည့် ဦးရဲလွင်နှင့် ဇနီး ဒေါ်တင်တင်ထွေး၏ ရုပ်အလောင်းအား အပေါက်ဝ တိုက်နယ် ဆေးရုံသို့ ပို့ဆောင်ကာ ရင်ခွဲစစ်ဆေးချက်များ ရယူပြီးနောက် ယနေ့ ညနေပိုင်းတွင် သဂြိုဟ်လိုက်ကြောင်း သိရသည်။
အဆိုပါ ဦးရဲလွင်တို့ ဇနီးမောင်နှံမှာ ယခင်က တပ်မတော် ဆောက်လုပ်ရေး လုပ်ငန်းများတွင် နေ့စားဝန်ထမ်း အဖြစ် လုပ် ကိုင်ခဲ့သူများ ဖြစ်ပြီး ဝါးတောင်ကျေးရွာအနီး ယိုးချောင်းတံတားအောက် ရေယာဉ် ဝါးတောင်ကျေးရွာ ဆိပ်ကမ်းတွင်နေ အိမ်ဆောက်လုပ်၍ ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချနေသည်မှာ နှစ်ပေါင်း၂၀ ခန့် ရှိပြီ ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ဦးစိန်ရွှေဘု က ပြောသည်။
ဦးစိန်ရွှေဘုက “ဦးရဲလွင်က အရင်တုန်းက ဒီမှာ တပ်တွေ တည်ဆောက်တဲ့အခါ ရောက်လာတာ။ သူ့ယောက်ဖက GE (အင်ဂျင်နီယာတပ်)မှာ တာဝန်ခံဆိုတော့ သစ်တွေ လုပ်တယ်။ အဲဒီလို လုပ်ရင်းနဲ့ ဒီရွာမှာ စီးပွားရေး လုပ်ပြီးနေတာ နှစ်၂၀ လောက် ရှိနေပြီ။ အခုတော့ ဘယ်သူ သတ်သွားမှန်း မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
သေဆုံးသွားသူ ဦးရဲလွင်တို့ ဇနီးမောင်နှံ၏ ကုန်စုံဆိုင်မှာ ကန်စောက်ရဲကင်းစခန်းနှင့် ကိုက်၂၀၀ ဝန်းကျင်သာ ဝေးကွာပြီး ကျူးလွန်သူနှင့် မည်သည့် အကြောင်းရင်းကြောင့် သတ်ဖြတ်ခံရခြင်းကိုမူ သက်ဆိုင်ရာ အဖွဲ့အစည်းများက ဖော်ထုတ်နိုင် ခြင်း မရှိသေးပေ။
ဖြစ်စဉ်အား အသေးစိတ် သိရှိနိုင်ရန် ဧရာဝတီမှ အပေါက်ဝ ရဲစခန်း၊ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ပြည်နယ် ရဲ တပ်ဖွဲ့မှူးတို့အား ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
လက်ရှိအချိန်တွင် ဦးရဲလွင်တို့ ဇနီးမောင်နှံ သတ်ဖြတ်ခံရခြင်းနှင့် ပတ်သက်၍ အပေါက်ဝ ရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နှင့် အမှု ဖွင့်လှစ်ကာ တရားခံကို စုံစမ်းရှာဖွေလျက် ရှိကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ် ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေးမှာလည်း စက်တင်ဘာလ ၁ ရက် မနက်ပိုင်းက ဈေး ဝယ်ထွက်စဉ် အမည်မသိ လူတချို့မှ ဓားဖြင့် လုပ်ကြံ ထိုးသတ်သွားသည့် အတွက် သေဆုံးသွားခဲ့ရသည်။
သြဂုတ်လ ၁၉ ရက် ညနေပိုင်းတွင်လည်း ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်မှာ ရေယာဉ်ဆိပ်ကမ်း ရုံး အနီးတွင် ရှိနေစဉ် ဓားထိုးခံရသည့် အတွက် လက်ရှိအချိန် အထိ ဆေးကုသမှု ခံယူနေရဆဲ ဖြစ်သည်။
ယင်းပြင် သြဂုတ်လ ၂၀ ရက် မွန်းလွဲပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် အတွင်း ကျောက်ဖြူအခြေစိုက် အမှတ် (၃၂) ရဲ တပ်ရင်းမှ လုံခြုံရေး ယာဉ်တန်းမှာ မိုင်းဆွဲ တိုက်ခိုက်ခံရသည့်အတွက် ဒုရဲမှူး သောင်းလွင်နှင့် တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးပြီး တပ်ဖွဲ့ဝင် ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး
ရခိုင်မြောက်ပိုင်း ဂူတာပြင် အလောင်းများ တွေ့ရှိမှု စစ်တရားရုံးဖြင့် စစ်ဆေးမည်
ကျောက်တော်ရှိ ရဲစခန်းတွင်း ပစ်ခတ်မှု ရဲအုပ် တဦး သေ၊ တဦး ဒဏ်ရာရ