ရှမ်းပြည် မြောက်ပိုင်း တပ်မတော်နှင့် မြောက်ပိုင်းအဖွဲ့(TNLA-MNDAA-AA)တို့ကြား ဖြစ်ပွား နေ သော တိုက်ပွဲများ၌ ဒေသခံ ပြည်သူလူထုများ သေဆုံးထိခိုက်ဒဏ်ရာများ ရရှိနေခြင်းကြောင့် ၎င်းတို့ ကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရပ်တန့်ရန် အရပ်ဖက်အဖွဲ့အစည်း ၂၆ ဖွဲ့ ပူးပေါင်း၍ စက်တင်ဘာလ ၁ ရက်စွဲဖြင့် ကြေညာချက် ထုတ်ပြန် တောင်းဆို ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် လက်နက်ကိုင်ထားသူများသည် နိုင်ငံတကာ ဥပဒေများနှင့် မြန်မာ့ဥပဒေ များကို ချိုးဖောက် နေ ကြောင်း၊ အပြစ်မဲ့ အရပ်သား ပြည်သူများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ အသက်အိုးအိမ် စည်းစိမ် ဥစ္စာများအား ဆုံးရှုံး စေခြင်း၊ အများပြည်သူ ဘဝလုံခြုံမှုအား ဟန့်တား နှောက်ယှက်ခြင်းသည် နိုင်ငံသားများကို အကာအကွယ်ပေးသည့် မြန်မာ့ဥပဒေများကိုသော်လည်း ကောင်း၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေများနှင့် နိုင်ငံတကာ လူ့အခွင့် အရေး ဥပဒေများကို ချိုးဖောက်မှု မြောက်သော ကြောင့် မိမိတို့ ရှမ်းမြောက် အခြေစိုက် အရပ်ဖက် အဖွဲ့အစည်း များတို့မှ ပြင်းထန်စွာ ရှုံ့ချပါသည်ဟု ဖော်ပြထားသည်။
အဆိုပါ ထုတ်ပြန်ချက်ကို လူမှုရေးအသင်းအဖွဲ့များ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ NGO အဖွဲ့များ၊ စာပေယဉ်ကျေးမှု အသင်း များ စသည့် အဖွဲ့အစည်းပေါင်း ၂၆ ဖွဲ့နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း လူသားချင်း စာနာ ထောက်ထားမှု ပူးပေါင်းဆောင်ရွက် ရေး အဖွဲ့(HST-NSS)တို့က ပူးပေါင်း ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။
မေတ္တာဖွံ့ဖြိုးရေးဖောင်ဒေးရှင်း(လားရှိုး)မှ ဦးဟောင်းဒေါင်းက “အများပြည်သူ ရပ်ကွက်၊ ကျေးရွာ အနီးမှာ လုံးဝ တိုက်ပွဲ မဖြစ်ဖို့ လက်နက်ကိုင်ထားသူများ ရှောင်ကျဉ် ပေးဖို့ တာဝန်ရှိတယ်လို့ ကျနော်တော့ အဲဒီလို မြင်ပါတယ်။ အစိုးရ တပ်မတော် အနေနဲ့လည်း ကျနော်တို့ ပြည်သူပြည်သား တွေကို ထိခိုက်နစ်နာစေတဲ့ဟာမျိုး ကိုတော့ မလုပ်သင့်ဘူးလို့ မြင်တယ်။ တဖက်က တိုင်းရင်းသား လက်နက်ကိုင်တွေကိုလည်း ကျနော်တို့ရဲ့ ကျေးရွာနဲ့ အပြစ်မဲ့တဲ့ အရပ်သားတွေ ကိုတော့ ထိခိုက်လာ နိုင်တဲ့ လုပ်ရပ်မျိုးတော့ မလုပ်ဖို့ ကျနော်တို့ အဓိက ပြောချင်ပါတယ်”ဟု ဧရာဝတီကို ပြောသည်။
နှစ်ဘက်တပ်များသည် အပြစ်မဲ့သော အရပ်သားဒေသခံ ပြည်သူများ၏ ထိခိုက် နစ်နာ ဆုံးရှုံးမှုများ ကို တာဝန်ယူမှု၊ တာဝန်ခံမှု ရှိစေရန်၊ အရပ်သား ပြည်သူများ၊ နေထိုင်ရာ မြို့ရွာများ၊ ကျေးရွာများနှင့် ပြည်သူများ ပိုင်ဆိုင်သော ပစ္စည်း ဥစ္စာများ အပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုများ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ချက်ခြင်း ရပ်တန့်ပေးရန်၊ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲများ ခြွင်းချက်မရှိ အမြန်ဆုံး ရပ်တန့်ပေးရန် HST-NSS နှင့် အရပ်ဖက်အဖွဲ့အစည်းများက တောင်းဆိုထားသည်။
ထို့ပြင် အရပ်သား ပြည်သူများ၏ ဘေးကင်းလုံခြုံရေးကို အကာအကွယ် ပေးထားသည့် မြန်မာ့ဥပဒေ များကိုသော်လည်း ကောင်း၊ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာဥပဒေနှင့် နိုင်ငံ တကာ လူ့အခွင့်အရေးဆိုင်ရာ ဥပဒေများ ကို လည်းကောင်း လေးစား လိုက်နာရန်လည်း တောင်းဆို ထားကြသည်။
လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မမိုင်းမိုင်းက “ပြည်သူတွေနဲ့ ကင်းကွာပြီးတော့မှ လက်နက် ကိုင် နိုင်တယ် ဆိုရင် လုပ် ကြပါ၊ ပြည်သူတွေနဲ့ ကင်းကွာပြီးတော့ မလုပ်နိုင်သရွေ့တော့ ပြည်သူတွေကို ပစ်မှတ် ထားပြီးတော့ တိုက်ခိုက် တာမျိုးတွေ ၊ ပရမ်းပတာ လက်နက်ကြီး ပစ်တာမျိုးတွေ ပြည်သူတွေ ထိခိုက်မယ့်ဟာမျိုးတွေ မလုပ်ကြပါနဲ့ဆို တဲ့အကြောင်းကို ပိုပြီးတော့ ပြောချင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ကွတ်ခိုင်မြို့အတွင်း မြောက်ပိုင်းအဖွဲ့(TNLA-MNDAA-AA)နှင့် တပ်မတော်ကြား ၂၀၁၉ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်က တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ကွတ်ခိုင်မြို့၊ ရပ်ကွက် ၂ ဟုခေါ်သော မော်ဟစ် ကျေးရွာ အတွင်းရှိ ဦးဂျုံးဒေါင် မိသားစု နေအိမ် အပါအဝင် ဦးခေါချန်း မိသားစုခြံဝင်းနှင့် ဦးဇော်ဘောက် မိသားစု နေအိမ်သို့ လက်နက်ကြီး ၃ လုံး ကျရောက် ပေါက်ကွဲခဲ့သည်။
ထိုပေါက်ကွဲမှု အနက် ဦးဇော်ဘောက် မိသားစုနေအိမ်သို့ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် လေးလ အရွယ် သမီးငယ် မခေါန်ဆန်၊ ကျောင်းသူကျောင်းသားများ ဖြစ်သော မနန်မွန်းပန်၊ မောင်ဇော်ခွန် လတ်တို့ နှင့်အတူ ဒေါ်လုဆန်၊ ဒေါ်ထွယ်ဂျာတို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး ဦးဂျုံးဒေါင်၊ မောင်ဘောက်လာနှင့် မရွယ်ဘူတို့ ဒဏ်ရာများ ရရှိခဲ့သည်။
အဆိုပါ လက်နက်ကြီးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး မြောက်ပိုင်းသုံးဖွဲ့(TNLA-MNDAA- AA) က ၎င်းတို့ မပစ် ကြောင်း တပ်မတော်၏ လက်နက်ကြီး ဖြစ်ကြောင်း ငြင်းဆိုသလို တပ်မတော်ဘက်က လည်း မိမိတို့ မပစ်ကြောင်း မြောက်ပိုင်းသုံးဖွဲ့ ၏ ပစ်ခတ်မှုသာ ဖြစ်ကြောင်း အပြန်အလှန် ပြောဆို သည်။
စစ်ရေးဆိုင်ရာ ကျွမ်းကျင်သူ တဦးက“ အဲဒီရွာကို ကျတဲ့ လက်နက်ကြီးကို ကြည့်လိုက်ရင် ဘယ်သူ ထုတ်ဆိုတာ ခန့်မှန်းလို့ ရပါတယ်၊ သူက ဒလက်ကိုကြည့်လိုက်။ ကပစထုတ်က ဒလက် ၆ ခုပဲ ပါတယ်၊ တရုတ်ထုတ်က ဒလက် ၈ ခုပါတယ်။ ဒါကြောင့် အဲဒါကို ကြည့်ပြီး ဘယ်သူ ပစ်တယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရပါတယ်”ဟု ဆိုသည်။
မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်က ဂျီနီဗာကွန်ဗင်းရှင်းကို လက်မှတ်ထိုးထားသော နိုင်ငံ ၁ နိုင်ငံဖြစ်ရာ နိုင်ငံအ တွင်းရှိ လက်နက်ကိုင်တပ်ဖွဲ့ အားလုံးသည် ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များကို လိုက်နာကျင့်သုံးရကြောင်း သိရသည်။
အဆိုပါ ဂျီနီဗာကွန်ဗင်းရှင်း ပြဋ္ဌာန်းချက် အမှတ် ၃ တွင် တိုက်ပွဲများအတွင်း အရပ်သားများကို ပစ်မှတ်ထားပြီး မပစ် ခတ် ရန်၊ ပစ်ခတ်ပါက စစ်ရာဇဝတ်မှု ကျူးလွန်ခြင်း ဖြစ်ကြောင်း ဆိုထားသလို တိုက်ပွဲအတွင်း မပါဝင်သော အရပ်သားများကို ထိခိုက် ဒဏ်ရာရအောင် လုပ်ခွင့်မရှိကြောင်း၊ အရပ်သားများ ရှင်သန်ရပ်တည်နိုင်ရေး အတွက် အရေးကြီးသည့် အရာများကိုလည်း ဖျက်ဆီးခွင့် မရှိကြောင်း ပါရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် မြောက်ပိုင်း ၃ ဖွဲ့နှင့် တပ်မတော်တို့ အကြား သြဂုတ်လ ၁၅ ရက်မှ စတင်ပြီး ယနေ့အထိ တိုက်ပွဲများ ဖြစ်ပွားနေရာ အဆိုပါ တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှု အနည်းဆုံး ၈ ဦးရှိနေပြီး ဒဏ်ရာ ရရှိသူလည်း ၁၀ ထက်မနည်း ရှိကြောင်း၊ တိုက်ပွဲရှောင် ဒေသခံ အရေအတွက်မှာလည်း ၅၀၀၀ ဦးရေ ကျော်ရှိလာကြောင်း သိရသည်။
မြောက်ပိုင်းသုံးဖွဲ့ဖြစ်သည့် ပလောင်(တအန်း)အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(MNDAA)၊ ရက္ခိုင်စစ်တပ်(AA)တို့သည် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်အတူတူ အစိုးရ၊ တပ်မတော်ဖြင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral)ချုပ်ဆိုနိုင်ရေး ဆွေး နွေးနေသော လက်နက်ကိုင်အဖွဲ့များ ဖြစ်သည်။
ဆက်စပ်ဖတ်ရှုရန်
အပစ်ရပ်ဆွေးနွေးနေသော်လည်း လက်နက်ကြီးကျည်ကျ၍ အရပ်သား ၅ ဦး သေဆုံး
ရှမ်းမြောက်တွင် တိုက်ပွဲ ဆက်ဖြစ်၊ ဒုက္ခသည် ၅၀၀ ခန့် ထပ်တိုး