ဆေးခြောက် မျိုးနွယ်ဝင်ဖြစ်သည့် Hemp အား နိုင်ငံတွင်း တရားဝင် စိုက်ပျိုးခွင့် ရရှိရေးအတွက် မူးယစ်ဆေး ဥပဒေအား ပြင်ဆင်ရန် လွှတ်တော်၌ အဆိုတင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက် ဖွံ့ဖြိုးရေးကော်မတီ ဥက္ကဋ္ဌ၊ ကျိုက်လတ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးရန်လင်း က “မူးယစ်ဥပဒေ ပြင်ဆင်ဖို့၊ စိုက်ပျိုးရေး ဦးစီးဌာနက စမ်းသပ် စိုက်ပျိုးဖို့ ဒါတွေ လုပ်ရဦးမယ်၊ ဒီလွှတ်တော် မနားမီ ဥပဒေကြမ်း ကော်မတီကို တင်ခဲ့ပြီး နောက်တကြိမ် လွှတ်တော် မှာတော့ အဆိုတင်နိုင်မယ် ထင်ပါတယ်၊ ဥပဒေပြင်ပြီးမှလည်း ဆက်လုပ်လို့ ရမှာကိုး” ဟု ပြောသည်။
Hemp နှင့် ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ရှေ့နေချုပ်ရုံးမှ တာဝန်ရှိသူများနှင့် လွှတ်တော် စိုက်ပျိုးရေးနှင့် တောင်သူ လယ်သမား ရေးရာ ကော်မတီဝင်များ၊ ကျန်းမာရေးဌာနနှင့် ပြည်သူ့ရေးရာ စီမံခန့်ခွဲရေး ကော်မတီတို့သည် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။
ထိုဆွေးနွေးပွဲတွင် Hemp စိုက်ပျိုးရေးအတွက် ကန့်ကွက်မှု မရှိသော်လည်း ဥပဒေနှင့် ကိုက်ညီရန်နှင့် သုတေသနများ ပြုလုပ်ရန်တို့ကို ပြည်ထဲရေးနှင့် ရှေ့နေချုပ်ရုံး တာဝန်ရှိသူများက အကြံပြုခဲ့ကြောင်း တက်ရောက်သူများက ပြောသည်။
အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီ ဥက္ကဋ္ဌ ဦးဘမျိုးသိန်း က ဆေးခြောက်အနွယ်ဝင် Hemp တွင် မူးယစ်စေသည့် THC ရာခိုင်နှုန်း ပါဝင်သည့် အတွက် တည်ဆဲ မူးယစ်ဆေးဝါး ဥပဒေအရ ကန့်သတ် ပိတ်ပင်ထားပြီး တရားဝင် စိုက်ခွင့်ရရေးမှာ ဥပဒေတွင် THC ပါဝင်မှု ရာခိုင်နှုန်း အတိအကျ ပေါ်လွင်အောင် ပြင်ဆင်ရမည် ဖြစ်ကြောင်း သုံးသပ်သည်။
ဦးဘမျိုးသိန်းက “စိုက်ပျိုးရေးအနေနဲ့ အကျိုးရှိတဲ့ သီးနှံဆိုတာ လက်ခံတယ်၊ ဥပဒေအရလည်း လိုက်နာဖို့က လိုတာပေါ့၊ သုတေသန လုပ်ဖို့ကလည်း လိုပါသေးတယ်” ဟု ပြောသည်။
ဆေးခြောက်ပင် (Marijuana) သည်ပင်လျှင် ဆေးဘက်ဆိုင်ရာ အသုံးပြုမှုများရှိသော်လည်း မူးယစ်စေသည့် THC ဓာတ် ပါဝင်မှု ၁၅ ရာခိုင်နှုန်း အထက်ရှိသည့် အတွက် မူးယစ်ဆေးဝါးအဖြစ် သတ်မှတ်ထားကြပြီး ထိုအပင် သက်တမ်းမှာ ၈ လမှ တနှစ်အထိ ရှိကြောင်း Myanmar Hemp Association အဖွဲ့က သိရသည်။
Hemp တွင်မူ မူးယစ်စေသည့် THC (Tytrahydrocannibinol) ဝ.၃ ရာခိုင်နှုန်းအောက်သာ ပါဝင်ပြီး ဆေးဝါး ထုတ် လုပ်ရာ တွင်လည်း အသုံးဝင်ကာ အပင်သက်တမ်း အနေဖြင့် ၄ လခန့်သာ ရှိကြောင်း သိရသည်။
ထို့ပြင် Hemp မှ ထွက်ရှိသည့် ပစ္စည်းများဖြင့် အကျီၤ၊ ဖိနပ်စသည့် လူသုံးကုန်များ၊ အလှကုန်များ၊ စက်မှုလုပ်ငန်း သုံး ကုန်ကြမ်းများ ထုတ်ယူရရှိနိုင်သည်။
Hemp အား တရားဝင် စိုက်ပျိုးခွင့်ရှိလာပါက ဒေသခံတောင်သူများ၏ ဝင်ငွေနှင့် အခွင့်အရေးများ ကောင်းမွန် လာမည် ဖြစ်သကဲ့သို့ မကြာမီ နေပြည်တော်တွင် တည်ဆောက်ရန် ဆွေးနွေးနေသည့် ဆေးဝါးစက်ရုံးအတွက်လည်း ကုန်ကြမ်းများ ရရှိမည်ဟု မျှော်လင့်ထားကြောင်းလည်း လွှတ်တော်ကိုယ်စားလှယ် ဦးရန်လင်းက သုံးသပ်သည်။
ဦးရန်လင်း က “သိပ်နောက်ကျသွားမှာ စိုးရိမ်ရတယ်၊ နိုင်ငံတကာရော ထိုင်းမှာပါ စိုက်နေပါပြီ၊ ရိုးရိုးသားသားစိုက်ရင် တောင်သူတွေအတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရှိလာမှာပါ၊ ကျနော်တို့က ကြိုဆိုပါတယ်” ဟု ပြောသည်။
သို့သော် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ တရားဝင် ခွင့်ပြုချက်ဖြင့် Hemp စိုက်ပျိုးခဲ့သည့် အမေရိကန် အခြေစိုက် IIIM ကုမ္ပဏီ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံသား နှစ်ဦးတို့အား မြင်းခြံခရိုင်တရားရုံးတွင်း မူးယစ်ဆေးဝါးဥပဒေပုဒ်မ ၁၆(က)၊ ၁၉(က)(ခ)၊ ၂၀(က)(ခ) တို့ဖြင့် အမှုဖွင့် တရားစွဲဆိုထားသည်။
ဖြစ်စဉ်မှာ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ် မြို့သာစက်မှုဇုန် အတွင်း မြေဧက ၃၀ ကျော်တွင် ၎င်းတို့စိုက်ပျိုးထားသည့် Hemp စိုက်ခင်းအား ယခုနှစ် ဧပြီ ၂၂ ရက်နေ့က ရဲတပ်ဖွဲ့၊ FDA နှင့် ဓာတုဗေဒစစ်ဆေးရေးဌာနတို့က ဝင်ရောက်စစ်ဆေးစဉ် ဆေးခြောက်အာနိသင် ပါဝင်သည်ဟုဆိုကာ အမှုဖွင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ၎င်းတို့ ပြင်ဆင်လိုက်သည့် မူးယစ်ဆေးဝါး ဥပဒေသစ်အရ ပန်းနှင့်ရိုးတံတွင် THC ဓာတ် ဝ.၅ ရာခိုင်နှုန်း ပါဝင်သည့် Cannabis sativa L အပင်နှင့် THC ဓာတ် ဝ.၃ ရာခိုင်နှုန်းသာ ပါဝင်သည့် Hemp တို့အား ချင်းမိုင်၊ ချင်းရိုင်း၊ နမ်၊ တက်ခ်နှင့် ဖက်ခဘန် ခရိုင်တို့တွင် သြဂုတ် ၂၇ ရက်မှ စတင်ကာ တရားဝင်စိုက်ပျိုးခွင့် ပြုခဲ့သည်။
ဆေးခြောက်လျှော်တွင် ဆေးဝါးထုတ်လုပ်ရန် ဆေးဖက်ဝင် CBC (Cannabidiol) ဓာတ် ပါဝင်ခြင်းနှင့် အစားအစာ၊ လူသုံး ကုန်နှင့် အလှကုန်ပစ္စည်းများ ထုတ်လုပ် နိုင်ခြင်းကြောင့် တိုင်းပြည်ဝင်ငွေ ပိုမိုကောင်းလာမည်ဟု ယုံကြည်ကြောင်းလည်း ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပြောထားသည်။
ဆက်စပ်ဖတ်ရှုရန်
မြို့သာ ဆေးခြောက်စိုက်ခင်းအမှု တရားလိုပြသက်သေ စစ်ဆေး
ဆေးခြောက်ပင် အမျိုးအစားအချို့ကို တားမြစ်ပစ္စည်းအဖြစ်ကနေ ပယ်ထုတ်လိုက်တဲ့ ထိုင်းနိုင်ငံ