သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ N.U.D ပါတီ နုတ်ထွက်

Want create site? Find Free WordPress Themes and plugins.

လွှတ်တော်အတွင်း အနိုင်ရပါတီများနှင့် အချိုးကျဖွဲ့ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် ရေး ပူးပေါင်း ကော်မတီ ၄၅ ဦး ကော်မတီ အဖွဲ့ဝင် ၁ ဦး ဖြစ်သည့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (N.U.D)မှ မအူပင် အမတ် ဦးစိန်ဝင်း နုတ်ထွက်သွားကြောင်း သိရသည်။

ယင်း ပူးပေါင်း ကော်မတီကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ပါ တီမှ ဦးဆောင်ပြီး အရေးကြီးအဆိုတရပ် တင်သွင်း၍ ပြည်ထောင်စု လွှတ်တော်၌ ဖွ့ဲစည်းခဲ့ခြင်း ဖြစ်သည်။

နုတ်ထွက်သူ ဦးစိန်ဝင်းက “ပါတီကြီးတခုရဲ့ လွှမ်းမိုးမှုကနေ ဥပဒေ မူကြမ်းပဲ ဖြစ်ပေါ်လာမှာမို့လို့ လက်ညိုးထောင်၊ ခေါင်းညိတ် အချိန် အကုန်မခံတော့ဘူး။ ဒါကြောင့် ထွက်လိုက်တာ” ဟု ဧရာဝတီသို့ ပြောသည်။

ဖွဲ့စည်းပုံ ပြင်ဆင်ရေး မူကြမ်းပေါင်းချုပ်ထဲမှ မူကြမ်းတခုကို ရေးဆွဲသည့်အခါ၌လျှို့ဝှက် မဲစနစ်ပေး၍ ဆုံးဖြတ်ရန် တောင်း ဆိုခဲ့သော်လည်း အာဏာရ NLD ပါတီ အနေဖြင့် လက်ညှိုးထောင် စနစ်ဖြင့်သာ မဲခွဲဆုံးဖြတ်ခဲ့ခြင်းကို မကျေနပ်၍ နုတ် ထွက်ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

လက်ညှိုးထောင် မဲခွဲသည့် စနစ်ဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ရေး အခန်း ၁ ကို ဆွေးနွေး ဆုံးဖြတ်ခဲ့ရာ အာဏာရ NLD ပါတီက အနိုင်ရရှိသွားခဲ့ကြောင်း သိရသည်။

ဦးစိန်ဝင်းက“တိုင်းရင်းသား ပါတီတွေက ဘာမှ မရကြဘူး။ တိုင်းရင်းသား ပါတီတွေက မျက်နှာတော် တော် ငယ်ရတယ်။ အဲဒါကို ကြည့်ပြီး အနိုင်ကျင့်တာကို မခံချင်ဘူး။ အနိုင်ကျင့်ခံရတာကိုလည်း မကြည့်ရက်ဘူး။ ထွက်မယ်ဆိုပြီး ထွက် လိုက်တာပါ” ဟု ဆက်ပြောသည်။

ပူးပေါင်း ကော်မတီ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေထဲမှ ပြင်ဆင်၊ ဖြည့်စွက်၊ အကြံပြုချက်ပေါင်း ၃၇၀၀ ကျော်ထဲတွင် ကော် မတီဝင် ဦးစိန်ဝင်း၏ အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီက အချက်ပေါင်း ၄၆၂ ချက်ကို ပြင်ဆင်ရန် တင်ပြထား သည်။

ဦးစိန်ဝင်းသည်၂၁၀၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ၌ NLD ပါတီမှ ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော် အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကာ အနိုင်ရရှိသူတဦး ဖြစ်ပြီး၊၂၀၁၈ ခုနှစ် အတွင်း NLD ပါတီမှ နုတ်ထွက်ကာ အမျိုး သားညီညွတ်သော ဒီမိုကရက်တစ်ပါတီကို ထူထောင်၍ ဥက္ကဋ္ဌ တာဝန်ယူထားသူလည်း ဖြစ်သည်။

အဖွဲ့ဝင် ၄၅ ဦး အဖွဲ့ဝင်များထဲမှ ဦးစိန်ဝင်း နုတ်ထွက်သွားသည့် အပေါ် ၎င်း၏ သဘောထား ရပ်တည်ချက် အဖြစ်သာ မြင်ကြောင်း၊ ယနေ့ အစည်းအဝေးတွင်လည်း တိုင်းရင်းသား ပါတီများက လက်ထောင် မဲခွဲသည့် ကိစ္စကို သဘောမကျဟု ဆွေးနွေးသဖြင့် ညှိနှိုင်းရန် ခက်ခဲသည့် အရေးကြီး ကိစ္စများကို ဆုံးဖြတ်ရာတွင် လျို့ဝှက်နည်းဖြင့် မဲပေးရန် သဘောတူညီ မှု ရရှိခဲ့ကြောင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီအဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ဆိုသည်။

NLD ပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးအောင်ကြည်ညွန့်က “ဒီနေ့ဆိုရင် တိုင်းရင်းသား ပါတီ တွေ ညှိညှိနှိုင်းနှိုင်း လုပ်ကြတယ်လေ။ ဆန္ဒမဲပေးတာ ဘယ်လိုခွဲကြမလဲ တိုင်ပင် ပြီးတော့ ကိုယ်လိုချင်တဲ့ ပုံစံညှိနှိုင်းပြီး တော့ ဆောင်ရွက်မယ် ဆိုရင်တော့ ပိုကောင်းတာပေါ့” ဟု ဆက်လက်ပြောဆိုသည်။

တအောင်း (ပလောင်)အမျိုးသား ပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမိုင်းအုန်းခိုင်က “တချို့ကလည်း မဲစနစ်နဲ့ သွားမယ်။ တချို့ကလည်း လျှို့ဝှက်မဲစနစ်နဲ့ သွားမယ်။ ဆန္ဒပြုကြတာတွေတော့ ရှိတယ်။ ကိုယ့်သဘောထားကိုယ် တင်ပြ ကြတာပါပဲ။ ကျနော့်ပါတီ အနေနဲ့ဆိုရင် ပြင်ဖို့ ဆွေးနွေးထားတဲ့ အချက် ၁၇၆ ချက် ရှိပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင်လို သည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စား လှယ် အစုအဖွဲ့တို့မှ လူပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေး သားပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာ၌ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ်ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းကာ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။

ထိုနေ့က ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို အဆုံးအဖြတ်ရယူရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် တပ်မတော်တို့က သဘောမတူသဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက် သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦးဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင် ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။

Did you find apk for android? You can find new Free Android Games and apps.
Loading