စစ်ကိုင်းငလျင်ဘေးကြောင့် ပျက်စီးမှုများ ကူညီထောက်ပံ့ရန် တိုင်းအစိုးရစီစဉ်
စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ခင်ဦး၊ ရေဦး၊ ရွှေဘို၊ ကန့်ဘလူမြို့နယ်များတွင် ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် လူနေ အဆောက်အဦများအား စာရင်းကောက်ယူပြီးနောက် ထောက်ပံ့ကူညီမှုများ ပေးသွားမည်ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့က ပြောသည်။
သြဂုတ်လ ၃၁ ရက်နေ့ ည ၉ နာရီ ၃၉မိနစ် ၂၂စက္ကန့် အချိန်က ကန့်ဘလူမြေငလျင်စခန်းမှ တောင် ဘက် ၃၃ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ရွှေဘိုမြို့၏ အနောက်မြောက်ဘက် ၁၄ မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်ချတ်တာ စကေး ၆ ဒဿမ ၀ အဆင့်ရှိ အင်အားအသင့် အတင့်ရှိသော မြေငလျင် ၁ ခု လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။
အဆိုပါလှုပ်ခတ်ခဲ့သည့် မြေငလျင်ကြောင့် စစ်ကိုင်းတိုင်းဒေသကြီး မြို့နယ် ၄ ခုအတွင်း၌ ဘုရား၊ စေတီများ အက်ကွဲခြင်း၊ စိန်ဖူးတော်များ မြေခခြင်း၊ ဘုန်းကြီးကျောင်း အုတ်နံရံများ အက်ကွဲခြင်း၊ လူနေအိမ်များ အဆောက်အအုံများ ပျက်စီး ခြင်းများ ဖြစ်ပေါ်ခဲ့ရာ သာသနိက အဆောက်အဦပေါင်း ၁၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့ကာ ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၃၅၀၀ ခန့်ရှိကြောင်း သိရသည်။
“အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြို့နယ် ၄ ခုမှာ ရှိတဲ့ ပျက်စီးစာရင်းတွေကို အသေးစိတ် ကောက်ယူပြီးတော့ တိုင်းအစိုး ရ ရန်ပုံငွေ၊ သဘာဝဘေး ထောက်ပံ့နိုင်ရေးတွေကနေ ကူညီမှုတွေ လုပ်ပေးသွားဖို့ စီစဉ်နေပါတယ်။ သဘာဝဘေးကနေ ထောက်ပံ့ပေးနိုင်ဖို့ အတွက်လည်း လူကယ်ပြန်နဲ့ ညှိနှိုင်းထားပါတယ်။ လူသေဆုံးမှုတော့ မရှိပါဘူး” ဟု စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးသန်းညွှန့်ဝင်းက ပြောသည်။
ဆက်လက်ပြီး ၎င်းက “ပျက်စီး ဆုံးရှုံးမှုကတော့ သာသနိက အဆောက်အဦတွေ ပိုများတယ်၊ လူနေအိမ်ခြေကတော့ ပျက်စီး ဆုံးရှုံးမှု နည်းပါတယ်၊ အထူးသဖြင့်တော့ ဗုဒ္ဓဘာသာ အဆောက်အအုံတွေက ပိုများပါတယ်၊ ရှေးဟောင်းတွေ ဖြစ်တော့ နှစ်တွေကလည်း ကြာပြီဆိုတော့ မူလကတည်းက ဆွေးမြေ့နေတာ ငလျင်လှုပ်လိုက်တော့ ပိုဆိုးသွားတာပေါ့၊ အဲဒီသဘောပါပဲ”ဟု ရှင်းပြသည်။
သို့ဖြစ်ရာ တိုင်းသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန အနေဖြင့် မြို့နယ် ၄ ခု အတွင်းရှိ ပျက်စီး ဆုံးရှုံးမှု များကို ကွင်းဆင်း၍ စာရင်းများ ကောက်ယူလျက် ရှိကြောင်း သိရသည်။
“ထိခိုက်ပျက်စီးတာတွေကတော့ များတယ်၊ ခင်ဦးဘက်မှာ ရွာ ၈ ရွာလောက် ရှိတယ်လို့ သိရတယ်၊ ရွှေဘိုနယ်ထဲက ကျားရွာမှာတော့ ထိခိုက်မှု တော်တော်များတယ်လို့ သိရတယ်၊ ထိခိုက်မှု အများဆုံး ကတော့ ခင်ဦးနဲ့ရေဦးမှာက စေတီပုထိုးတွေ ပျက်စီးမှု ပိုများတယ်လို့ သိရတယ်၊ အခုတော့ ကွင်းဆင်း စစ်ဆေးတာတွေ လုပ်နေတယ်” ဟု စစ်ကိုင်းတိုင်း ဒေသကြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန မှ တိုင်းဦးစီးမှူး ဦးစဝီလီဖရန့် က ပြောသည်။
ရွှေဘိုမြို့နယ်အတွင်း ပျက်စီး ထိခိုက်မှုများမှာ နည်းပညာကောလိပ် (GTC) မျက်နှာကျက်များ ပြိုကျခြင်း၊ ရှင်မဟာပေါင်းလဲ လျောင်းတော်မှု အာရုံခံတန်ဆောင်း ကွဲအက်ခြင်း၊ ကျားရွာ ဇေတဝန်ကျောင်း ထီးတော်မြေခခြင်း၊ မြင်းစီးရွာ ဆောင်းတမိုးဘုရား ထီးတော်ဆောင် ပြုတ်ကျခြင်း၊ အလိုတော်ပြည့်ဘုရား စိန်ဖူးတော် မြေခခြင်း၊ ကြာမောက်ကြာလန် ပွင့်ထွက်ခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ခင်ဦးမြို့နယ်ရှိ အောင်မင်္ဂလာရပ်ကွက်၊ အောင်သီရိရပ်ကွက်၊ လောင်းရှည်ကျေးရွာ၊ သာဝတ္ထိကျေးရွာ၊ ဗအိုးကျေးရွာ၊ ကံသာယာကျေးရွာ၊ စည်ပုတ္တရာကျေးရွာ စသည့် ကျေးရွာ ၃၈ ရွာမှ ရှေးဟောင်း သမိုင်းဝင် ဘုရားစေတီ၊ ပုထိုး ၈၂ ဆူ၊ ဘုန်းကြီးကျောင်း ၁၁ ကျောင်း၊ အစိုးရ စာသင်ကျောင်း ၈ ကျောင်း၊ ကျေးလက် ဆေးပေးခန်း ၂ ခု၊ ကျေးရွာ အုပ်ချုပ် ရေးမှူးရုံး ၁ ရုံး၊ တည်ဘိုပင်ကျေးရွာရှိ ရှေးဟောင်း ဗလီကျောင်း ၁ ခု၊ လူနေအိမ် ၁၁ လုံး မျက်နှာကျက်ပြိုကျခြင်း၊ ဘုရားဆင်းတုတော်နှင့် နံရံများပျက်စီးခြင်း၊ အက်ကြောင်းဖြစ်ပေါ်ခြင်း၊ ထီးတော်များ စောင်းခြင်း၊ ထီးတော်မြေခ ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။
“ငလျင်လှုပ်တဲ့ ၃၁ ရက်နေ့ ညက ကျနော်က ရေဦးမှာရှိတယ်၊ နောက်နေ့မနက်ပိုင်းမှာ ကျနော်ကိုယ် တိုင် မြို့ထဲကို လှည့်ပြီးကြည့်တယ်၊ နေ့လယ်ပိုင်းမှာ ဝန်ကြီးချုပ် ရောက်လာတယ်၊ ရေဦးမြို့မှာတော့ အဓိက ဘုရား၊ စေတီ၊ ပုထိုးတွေ အက်တာများတယ်၊ တချို့ခေါင်းလောင်း အထက်ကနေ ကွာကျတာ၊ ပြိုတာမျိုးတွေ ဖြစ်တယ်၊ ခင်ဦးထဲမှာက ၈ ရွာ လောက် ထိတယ်၊ ဘာကြောင့်လဲဆိုတော့ ငလျင်ဗဟို ချက်က ခင်ဦးနဲ့ရေဦးကြားက သာဂရမြို့သစ် နေရာမှာလို့ သိရပါတယ်၊ အဲဒါကြောင့် ရေဦးနဲ့ ခင်ဦး မှာတော့ အပျက်အစီးများခဲ့တယ်”ဟု ဝန်ကြီး ဦးသန်းညွန့်ဝင်းက ပြောသည်။
အလားတူရေဦးမြို့နယ်တွင်လည်း ဘုရား၊စေတီ ၂၉ ဆူ၊ ဓမ္မာရုံ၊ အာရုံခံ အဆောင်၊ အုတ်တံတိုင်း၊ မယ်နုအုတ်ကျောင်း၊ မြင်းပေါက်ရွာရှိ ဆုတောင်းပြည့်၊ ဆုတောင်းရ၊ ရွှေမြင်တင်၊ လာဘမုနိ၊ ရွှေဘုန်း ပွင့်စေတီများနှင့် အောင်ဆန်းရပ်ကွက်ရှိ လူနေအိမ် နံကပ်နှစ်ထပ်တိုက် အုတ်နံရံ ၁ ခန်း ပြိုကျပျက်စီး ခဲ့သည်။ ကန့်ဘလူရှိ မြို့နယ်များတွင် ဘုရားစေတီများ၊ သာသနိက အဆောက်အဦများ ၂၃ ခုနှင့်အတူ အောင်ဆန်းရပ်ကွက်ရှိ လူနေအိမ် ၅လုံး ပျက်စီးမှုများ ရှိကြောင်း သိရသည်။

“အဲဒီနေ့က မိုးတွေကလည်း အုံ့မှိုင်းနေတော့ ကျနော်တို့က ကိုယ့်အိမ်ထဲမှာပဲနေနေကြတာ၊ ဝေါ ဝေါ ဆိုတဲ့အသံကြီးက အရင်လာတာ၊ ကျနော်တို့က မိုးချိန်းတယ်လို့ပဲ ထင်နေကြတာ၊ တော်တော် လန့်စရာ ကြောက်စရာ ကောင်းပါတယ်၊ ဒါပေမယ့်လည်း ဖြစ်ပျက်တဲ့ အနေအထားအရ အပျက်အစီး က ထင်သလောက် မဖြစ်ခဲ့တော့ ဝမ်းသာစရာ ကောင်းပါ တယ်” ဟု ရွှေဘိုမြို့ အမှတ်၁၀ ရပ်ကွက်မှ ဒေသခံ ဦးအောင်ကျော်လှက ပြောသည်။
ပျက်စီးမှုရှိသည့် ရှေးဟောင်း အဆောက်အဦများ ကို ရှေးဟောင်းသုတေသနအဖွဲ့နှင့် တိုင်ပင်ကာ တိုင်းအစိုးရ ရန်ပုံငွေဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဒေသခံများအနေဖြင့် ၎င်းတို့ ရပ်ရွာထဲ တည် ထားသည့် စေတီပုထိုးများ ထိခိုက် ပျက်စီး မှုရှိပါက ပြန်လည်ပြုပြင်ရန် လိုအပ်မည့် ကုန်ကျစရိတ်ကို အစိုးရ အဖွဲ့ထံ တင်ပြနိုင်ကြောင်း၊ သဘာဝဘေးအန္တရာယ် ရန်ပုံငွေထဲမှ ထုတ်ပေးမည်ဖြစ်ကြောင်း၊ လူထိခိုက်မှုကိုလည်း တဦးလျှင် ၅၀၀၀၀ ကျပ်နှုန်းပေးရန် စီစဉ်ထားကြောင်း စစ်ကိုင်းတိုင်းဒေသ ကြီးအစိုးရအဖွဲ့မှ သိရသည်။
အဆိုပါ ငလျင်၏ အရှိန်ကြောင့် အခြားမြို့များတွင်လည်း နောက်ဆက်တွဲ ငလျင်များလည်း လှုပ်ခတ်ခဲ့ပြီး လှတော၊ ဝက်လက်၊ ဒီပဲယင်း၊ တန့်ဆည်၊ ဇီးကုန်း၊ချပ်သင်း၊ ကိုးတောင်ဘို့၊ကောလင်း၊ ပင်လယ်ဘူး၊ မုံရွာ၊ အရာတော်၊မြင်းမူ၊ ယင်းမာပင်၊ ဆားလင်းကြီး၊ မန္တလေး၊ ပြင်ဦးလွင်မြို့ များတွင်လည်း ငလျင်ဒဏ်ကို သိသိသာသာ ခံစားခဲ့ကြရသည်။
“အခုလှုပ်ခတ်ခဲ့တဲ့ ငလျင်နဲ့ပတ်သက်ပြီး ပြတ်ရွေ့တွေကို လေ့လာသွားဖို့ ရှိပါတယ်၊ အခုလှုပ်တဲ့ ငလျင်က စစ်ကိုင်းပြတ် ရွေ့နဲ့ ကဘော်ပြတ်ရွေ့ကြားက မထင်ရှားတဲ့ ပြတ်ရွေ့ငယ်လေး လှုပ်သွားတာ ပါ၊ အဲဒါကြောင့် ပြတ်ရွေ့နဲ့ပတ်သက်ပြီး အနေအထား ပြောင်းသွားတာတွေ၊ အရွေ့တွေကို ပညာရှင် တွေ စုပေါင်းပြီးတော့ လေ့လာတိုင်းတာသွားဖို့ ရှိတယ်”ဟု မြန်မာနိုင်င ံမြေငလျင်ကော်မတီ ဒုတိယဥက္ကဌ ဒေါက်တာမျိုးသန့် ကပြောသည်။
အဆိုပါငလျင် လှုပ်ခတ်ခဲ့ပြီးနောက် နောက်ဆက်တွဲ မြေငလျင်ငယ် ၆ ကြိမ်အထိ လှုပ်ခတ်မှု ရှိခဲ့ပြီး ယင်း မြေငလျင်များ အနက် စက်တင်ဘာ ၁ ရက်နေ့ မြန်မာစံတော်ချိန် ၇ နာရီ ၄၁ မိနစ် ၅၆ စက္ကန့် အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ တောင်၊ အနောက်တောင်ဘက် ၂၄ မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း(ရေဦးမြို့၏ မြောက်ဘက် ၇ မိုင်ခန့် အကွာ) မြောက်လတ္တီတွဒ် ၂၂ ဒဿမ ၈၆ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒဿမ ၄၃ ဒီဂရီ၊ အနက် ၁၅ မီတာကို ဗဟိုပြု၍ အင်အား ရစ်ချက်စတာ စကေး ၃ ဒဿမ ၈ အဆင့်ရှိ ငလျင်မှာ အပြင်းဆုံးဖြစ်ကြောင်း သိရသည်။
အဆိုပါငလျင်ကြောင့် ၂၀၁၃ ခုနှစ်က ကုလသမဂ္ဂ၊ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) အဖွဲ့ကြီးမှ ကမ္ဘာ့ အမွေအနှစ်အဖြစ် သတ်မှတ်ထားသည့် မန္တလေးမြို့ရှိ မဟာလောကမာရဇိန် (ကုသိုလ်တော်) ဘုရား အတွင်းရှိ ကျောက် စာတိုက် စေတီ အမှတ် ၂၁၂၊ ၂၁၃၊ ၃၅၅၊ ၄၄၄၊ ၄၉၄၊ ၄၉၆၊ ၄၉၇၊ ၄၉၉ တို့တွင် အက်ကွဲ ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ဂေါပကအဖွဲ့က မန္တလေး တိုင်းဒေသကြီး အစိုးရအဖွဲ့ထံ တင်ပြထားသည်။
ယခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှ စက်တင်ဘာလ ၂ ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း၌ စုစုပေါင်း မြေငလျင် ၁၄၃၁ ကြိမ် လှုပ်ခတ်ခဲ့ပြီး အင်အား ရစ်ချတ်တာစကေး ၅ကျော်သည့် ငလျင်လှုပ်ခတ်မှု ၁၃ ကြိမ် ရှိခဲ့ကြောင်း မြေငလျင်ကော်မတီထံမှ သိရသည်။