ဧရာဝတီတိုင်းဒေသကြီး ပုသိမ် စက်မှုဇုန်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံံ ဆန္ဒပြပွဲတွင် ဦးဆောင်ခဲ့သူ ၇ ဦးနှင့် အလုပ်သမားများကို ကူညီနေသူ ၁ဦးကို ပုံသိမ်မြို့နယ်ရဲတပ်ဖွဲ့က ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်း လှည့်လည်ခွင့် ဥပဒေ ဖြင့် အမှုဖွင့် တရားစွဲဆိုခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့က ဖြစ်ပွားသည့် ဆန္ဒဖော်ထုတ်မှုတွင် စက်ရုံအလုပ်သမား ၁ထောင်ကျော် ပါဝင်ခဲ့ပြီး၊ တနေ ကုန်ထိုင်သပိတ်ဖြင့် အေးချမ်းစွာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။
“ကျမတို့ကို အလုပ်သမားတွေက အကူအညီတောင်းလို့ ကူညီ ဖြေရှင်းပေးဖို့ လာတယ်။ ပထမ ထွေအုပ်ရုံးကို ချိန်းတယ်။ အလုပ်သမားကိစ္စ ဘာမှ ဆွေးနွေးညှိနှိုင်းတာ မရှိဘဲနဲ့ ကျမတို့ကို နောက် နောင် အခုလို ခွင့်ပြုချက်မဲ့ ဆန္ဒဖော်ထုတ်တာ မလုပ်ပါဘူးဆိုပြီး ခံဝန်ထိုးခိုင်းတယ်။ ကျမတို့က မထိုးနိုင်ဘူးလို့ ပြောတော့ ပုသိမ်မြို့မ စခန်းမှာ စကားပြောဖို့ လိုက်ခဲ့ပါလို့ ခေါ်ပြီး စခန်းရောက်တော့ ငြိမ်းစုစီဥပဒေနဲ့ အမှုဖွင့်တာ”ဟု အလုပ်သမား အချင်းချင်း ရိုင်းပင်းကူညီရေး အဖွဲ့ခေါင်းဆောင် ဒေါ်ခခက ဧရာဝတီကို ပြောသည်။
ငြိမ်းစုစီဥပဒေ ပုဒ်မ ၁၉ ဖြင့် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့၏ တရားစွဲဆိုခံရသူများမှာ အလုပ်သမား အချင်း ချင်း ရိုင်းပင်း ကူညီ ရေးအဖွဲ့ ပုသိမ်ရုံးခွဲတာဝန်ခံ ဒေါ်ခခ၊ Myanmar Knitting အထည်ချုပ်စက်ရုံမှ အလုပ်သမား ခေါင်းဆောင် မမေမြတ်သူ၊ မနှင်းနွယ်လွင်၊ မချိုမီခိုင်၊ ကိုအောင်နိုင်ဝင်း၊ ကိုအောင်ဆန်း ဦး၊ ကိုဝင်းဇော်ထွေးနှင့် ဒေါ်ယဉ်ယဉ်အေးတို့ ဖြစ်ကြောင်း သိရသည်။
Myanmar Knitting အထည်ချုပ်စက်ရုံသည် တရုတ်နိုင်ငံမှ လာရောက် ရင်းနှီးမြှုပ်နှံထားခြင်းဖြစ်ပြီး၊ အလုပ်သမားများ အား အချိန်ပိုဆင်းချိန်၌ အိမ်သာတက်ခွင့် လုံး၀ မပေးခြင်း၊ အိမ်သာတံခါးများ ပျက်စီးနေသည်ကို ပြုပြင် မပေးခြင်း၊ စက်ရုံ အတွင်း လေပန်ကာနှင့် ရေသန့်ဗူးများ လုံလောက်စွာ ထားမပေးခြင်း၊ လုပ်သက်ခွင့် ခံစားခွင့်မရခြင်း၊ ချုပ်ရမည့် အထည် များ တဖြည်းဖြည်း တိုးမြှင့် ချုပ်လုပ်ရန် ခိုင်းစေခြင်းများ ရှိကြောင်း သိရသည်။
ထို့ပြင် စက်ရုံရှိ တရုတ်နိုင်ငံသား ဝန်ထမ်းများမှ အော်ဟစ်ငေါက်ငမ်း ပြောဆိုခြင်း၊ အခါကြီး ရက်ကြီး များမှာပင် စက်ရုံ မပိတ်ဘဲ အလုပ်ခိုင်းစေခြင်း စသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုများ ခံနေရသည့်အတွက် ပြေလည်စွာ ဖြေရှင်း ပေးရန် အလုပ်သမားများမှ တောင်းဆိုချက် ၄၅ ချက် ကို စက်ရုံဘက်မှ လိုက်လျောပေးရန် တောင်းဆို ထားကြောင်း သိရသည်။
“အများပြည်သူ အလုပ်ပိတ်ရက်တွေ၊ အထူးသဖြင့် အာဇာနည်နေ့လို နေ့မျိုး၊ ကဆုန်လပြည့်၊ ဝါဆို လပြည့်လို နေ့မျိုး မှာတောင် အလုပ် အချိန်ပို ဆင်းခိုင်းတယ်။ ကျနော်တို့က မဆင်းချင်ဘူး။ သူတို့က အလုပ်မဆင်းရင် ခံဝန် ထိုးခိုင်းမယ်၊ အလုပ်ဖြုတ်မယ်ဆိုပြီး ခြိမ်းခြောက်တယ်။ အဲဒီတော့ အလုပ်သမားတွေမှာ မဆင်းချင်ဘဲ အလုပ် ဆင်းရတယ်။ အိမ်သာ တွေဆိုလည်း တံခါးတွေ ပျက်နေတာတွေဆိုလည်း ပြင်မပေးတော့ အပေါ့အလေး သွားရတာတွေ အရမ်း ဒုက္ခ ရောက် တယ်”ဟု စက်ရုံလုပ်သား ကိုအောင်မြတ်စိုးက ပြောသည်။
ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်ကမူ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးဆောင်သူများမှ ဟောပြောနေစဉ် ငြိမ်းစုစီ ဥပဒေအတိုင်းသာ ဆောင်ရွက်ကြရန် လာရောက် ပြောဆို တားဆီးခဲ့ခဲ့သော်လည်း လိုက်နာ ခြင်းမရှိသဖြင့် အရေးယူရခြင်း ဖြစ်ကြောင်း ရှင်းပြသည်။
“ကျနော်တို့က နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေအတိုင်း လုပ်ဖို့နဲ့ ဒါတွေနဲ့ မညီညွတ်တဲ့ အလုပ် တွေ မလုပ်ဖို့၊ လူစု လူဝေး မလုပ်ဖို့ လာရှင်းပြတာပါ။ သူတို့ဘက်က လိုက်နာခြင်း မရှိတဲ့အတွက် ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်တာ ဖြစ်ပါတယ်”ဟု ပုသိမ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးကျော်က ပြောသည်။
အလုပ်သမားများ၏ ပြောဆိုစွပ်စွဲချက်များနှင့် ပတ်သက်၍ Myanmar Knitting အထည်ချုပ်စက်ရုံ တာဝန်ရှိသူများကို မေးမြန်းခဲ့သော်လည်း စက်ရုံအတွင်း အထူး အစည်းအဝေး လုပ်နေသည့်အတွက် နောက်ပိုင်းတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ဖြေရှင်းသွားမည် ဖြစ်ကြောင်း စက်ရုံတာဝန်ရှိသူ ၁ ဦးက ပြောဆိုသည်။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့စက်မှုဇုန်ရှိ သီရိလင်္ကာနိုင်ငံမှ လာရောက်ရင်းနှီး မြုပ်နှံလည်ပတ်နေ သည့်Amava Apparel အထည်ချုပ်စက်ရုံတွင်လည်း အလုပ်သမားများ အခွင့်အရေး ချိုးဖောက်ခံ ရခြင်း၊ ဆဲဆိုခံရခြင်းနှင့် လုပ်ငန်းခွင်အတွင်း ဖိနှိပ်ခံရခြင်းများကြောင့် ပြီးခဲ့သည့် ဇူလိုင်လ ၂၉ ရက်နေ့က အလုပ်သမား ၁၀၀၀ ခန့်မှာ စက်ရုံရှေ့တွင် အလုပ်မဆင်းဘဲ ဆန္ဒ ဖော်ထုတ်ခဲ့ကြသည်။
ယင်းနေ့မှာပင် စက်ရုံ တာဝန်ရှိသူများနှင့် စက်ရုံအလုပ်သမားသမဂ္ဂ၊ အလုပ်သမား အချင်းချင်း ရိုင်းပင်း ကူညီရေး အဖွဲ့တို့ ညှိနှိုင်းဆွေးနွေးခဲ့သည့်အတွက် ပြေလည်မှု တချို့ရရှိခဲ့ပြီး အလုပ်သမား များ စက်ရုံအတွင်း ဝင်ရောက်၍ အလုပ် ပြန်ဆင်းခဲ့ကြသည်။
ဆက်စပ်ဖတ်ရှု့ရန်
ရန်ကုန်တိုင်း မြို့နယ် ၃ ခုတွင် အလုပ်သမားများ ဆန္ဒထုတ်ဖော်
အထည်ချုပ်ကဏ္ဍ အောင်မြင်တာက တိုင်းပြည်အောင်မြင်တာပဲ