ဟောင်ကောင်တွင် ဖြစ်ပေါ်နေသည့် သမိုင်းဝင်မငြိမ်သက်မှုများကြောင့် ရာထူးမှ နုတ်ထွက်ခွင့်ပြရန် မည်သည့်အခါမျှ မတောင်းဆိုခဲ့ကြောင်းဟောင်ကောင်အမှုဆောင်အရာရှိချုပ် ကယ်ရီလမ် ပြောကြား ကြောင်း Free Malaysia Today သတင်းက ဆိုသည်။
သို့သော် သူမသည် ရင်ဆိုင်နေရသော အခက်အခဲများကို စီးပွားရေးခေါင်းဆောင်များနှင့် ဆွေးနွေး ခဲ့ကြောင်းကိုမူ ဝန်ခံခဲ့ပြီး၊ ယင်း တံခါးပိတ် အစည်းအဝေးမှ အသံဖိုင် ပေါက်ကြားပြီး ထွက်ပေါ်လာ သည့် သတင်းများကိုမူ ကယ်ရီလမ်က ရှုတ်ချသည်။
တနင်္လာနေ့ နှောင်းပိုင်း ရိုက်တာသတင်းဌာနက ဖေါ်ပြခဲ့သည့် ထိုအစည်းအဝေးမှ အသံဖိုင် ပေါက်ကြားခဲ့ခြင်းကို လက်ခံနိုင်ဖွယ်မရှိကြောင်း သူက ယနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သူအနေဖြင့် ဟောင်ကောင်ကို မတည်ငြိမ်မှုများအကြားမှ ကြီကြပ်သွားရန် ဆုံးဖြတ်ထားကြောင်းနှင့် ထိုသို့သော အခြေ အနေများ အောက်တွင် ရာထူးမှ နုတ်ထွက်ခြင်းသည် မည်သူအတွက်မဆို လွယ်ကူ သည့် ရွေးချယ်မှု မဟုတ်ကြောင်း ရှင်းပြရန်ကြိုးစားခြင်းသာဖြစ်ကြောင်းပြောသည်။
“ပြည်သူ့ ဗဟိုအစိုးရကို ကျမ နုတ်ထွက်စာ ဘယ်တုန်းကမှမတင်ခဲ့ဘူး။ နုတ်ထွက်ဖို့ကို ပြည်သူ့ဗဟို အစိုးရ နဲ့ ဆွေးနွေးဖို့ စိတ်မကူးပါဘူး။ မနုတ်ထွက်ဖို့ ရွေးချယ်တာဟာ ကျမရဲ့ကိုယ်ပိုင်ဆုံးဖြတ် ချက်ပဲ ဖြစ်ပါတယ်“ ဟု အုပ်ချုပ်ရေးမှူး ကယ်ရီလမ် သတင်းထောက်များကို ပြောသည်။
ဆန္ဒပြသူအချို့က ဓါတ်ဆီဗုံးများဖြင့် ရဲအဖွဲ့အား ပစ်ခတ်ခြင်းနှင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများ၊ မီးသတ်ပိုက်များနှင့် ရော်ဘာကျည်များဖြင့် တုံ့ပြန်ပစ်ခတ်ခြင်း အပါအဝင် ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများ အသစ်တဖန် ပြန်လည်ဖြစ် ပေါ်လာပြီးနောက် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။
ထိုမတည်ငြိမ်မှုများသည် လွန်ခဲ့သော သုံးလက စတင်ခဲ့ခြင်းဖြစ်၍ ထိုစဉ်က သိန်းနှင့်ချီသော ပြည်သူ များသည် ယခုဆိုင်းငံ့ ထားသည့် တရုတ်ပြည်မကြီးသို့ ရာဇဝတ်သား လဲလှယ်ရေး ဥပဒေကို ဆန့်ကျင်ခဲ့ကြခြင်းဖြစ်သည်။
ကယ်ရီလမ်သည် ယခုအချိန်အထိ အထက်ပါ ဥပဒေကို ပြန်လည်ရုတ်သိမ်းရန်၊ ရာထူးမှ နုတ်ထွက် ပေးရန်နှင့် မတည်ငြိမ်မှု အတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးမှုလုပ်ရန် အပါအဝင် ဆန္ဒပြသူများ၏ တောင်းဆိုမှုများကို ငြင်းဆန်နေဆဲဖြစ်သည်။
သူသည် ခွင့်မလွှတ်နိုင်သည့် အပျက်အစီးများကို ဖြစ်စေခဲ့ကြောင်းနှင့် ရွေးချယ်ခွင့်ရှိလျှင် ရာထူးမှ နုတ်ထွက်မည် ဖြစ် ကြောင်း ထို တံခါးပိတ် အစည်းအဝေးတွင် စီးပွားရေးသမားများကိုပြောခဲ့သည်။
ထိုသို့ ပြောဆိုသည့် အသံဖိုင်ကို ကိုးကားပြီးနောက် ထိုသတင်းကို ရိုက်တာသတင်းဌာနက တနင်္လာနေ့နှောင်းပိုင်းတွင် ဖေါ်ပြခဲ့သည်။
ကယ်ရီလမ်၏ သတင်းစာရှင်းလင်းပွဲသည် ဟောင်ကောင်အုပ်ချုပ်ရေးဆိုင်ရာ အမြင့်ဆုံးအာဏာပိုင် ဖြစ်သော ဟောင်ကောင်နှင့် မက္ကာအိုရေးရာရုံးက အင်္ဂါနေ့နေ့လည်တွင် စီစဉ်ထားသည့် သတင်းစာရှင်း လင်းပွဲမတိုင်မီ ပြုလုပ်ခြင်းဖြစ်သည်။
ယခင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင်မူ ဟောင်ကောင်နှင့် မက္ကာအိုရေးရာ အုပ်ချုပ်ရေးမှူးရုံးမှ ပြောခွင့်ရသူတဦး က မီးနှင့်ကစားသူသည်မီးကြောင့် သေကျေပျက်စီးရမည် ဟု ဆန္ဒပြသူများကို သတိပေးခဲ့သည်။
ဆန္ဒပြပွဲများရှည်ကြာလာသည်နှင့်အမျှ ဟောင်ကောင်ကိုအုပ်ချုပ်ရန် ဘေ့ဂျင်းက ခန့်အပ်ထားသော တသက်တာ ဗျူရိုကရက် ကယ်ရီလမ်သည် ပိုမိုပြင်းထန်သော ဖိအားများနှင့် ရင်ဆိုင်လာရသည်။
ဟောင်ကောင်ခေါင်းဆောင်မှာ ပိုမိုကျယ်ပြန့်သော ဒီမိုကရေစီအတွက် တွန်းအားပေးနေသော ဒေသခံ များ၏ ပြင်းထန် သော ဆန္ဒပြပွဲများ သမ္မတရှီကျင့်ဖျင်၏ တပါတီအစိုးရအကြား ကြားညှပ်နေသည်။
ထို့အတွက် တရုတ်အစိုးရသည် ဆန္ဒပြပွဲများကို နှိမ်နင်းရန်ကြိုးစားနေသည့်တချိန်တည်းတွင် အမေရိကန်ပြည်ထောင်စုနှင့် ကုန်သွယ်ရေး စစ်ပွဲကိုလည်း ရင်ဆိုင်နေရသည်။