အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များကို တပ်သားသစ်အဖြစ် စုဆောင်းမှု မလုပ်ရဟူ သည့် အချက်ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ(EAOs) လိုက်နာမှုမရှိကြောင်း တပ်မတော်သား ကိုယ်စားလှယ်တဦးက မနေ့က ကျင်းပသည့် ပြည်ထောင်စု လွှတ်တော်တွင် ပြောသည်။
စက်တင်ဘာ ၂ ရက်တွင် နေပြည်တော်ရှိ ပြည်ထောင်စု လွှတ်တော်၌ ပြုလုပ်သည့် ကလေးသူငယ်များ ၏ အခွင့်အရေး များဆိုင်ရာ စာချုပ်ပါ လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင် ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြစာချုပ်တွင် မြန်မာနိုင်ငံမှ အတည်ပြုပါဝင်နိုင်ရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးစဉ် တပ်မတော်မှ ဗိုလ်မှူးကြီး အောင်ကျော်မိုးက အထက်ပါတိုင်း ပြောဆိုခြင်း ဖြစ်သည်
ဗိုလ်မှူးကြီး အောင်ကျော်မိုးက “တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွ့ဲများသည်ပင်လျှင် လိုက်နာမှု အား နည်နေသေးသည်ကို တွေ့ရပြီး NCA လက်မှတ် မထိုးရသေးတဲ့ ကျန်လက်နက်ကိုင်အဖွဲ့များ အနေနဲ့ ကတော့ ဆိုဖွယ်ရာ မရှိပါ” ဟု ပြောသည်။
ကလေးစစ်သား အရေးတွင် တပ်မတော်က ဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ လိုက်နာပြီး နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေခြင်း၊ နိုင်ငံတော်တွင်လည်း ငြိမ်းချမ်းရေး တည်ဆောက် နေသည့် ကာလဖြစ်သဖြင့် ယခု အခြေပြစာချုပ်ကို အတည်ပြုနိုင်ရေးတွင် စဉ်းစား ဆောင်ရွက်သင့် ကြောင်း ၎င်းက ဆိုသည်။
သို့သော် ပြည်ထောင်စု လွှတ်တော်ကမူ ကလေးသူငယ်များ၏ အခွင့်အရေးများဆိုင်ရာ စာချုပ်ပါ လက်နက်ကိုင်ပဋိ ပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုဆိုင်ရာ နောက်ဆက်တွဲ အခြေပြ စာချုပ်တွင် မြန်မာနိုင်ငံမှ အတည် ပြုပါဝင်နိုင်ရေး ကိစ္စကို လွှတ်တော် သဘောထား တောင်းခံပြီး ကန့်ကွက်သူ မရှိသဖြင့် အတည်ပြုလိုက်သည်။
တပ်မတော်သို့ အသက် ၁၈ နှစ် မပြည်သေးဘဲ ဝင်ရောက်သူများကို စိစစ်ပြီး မိဘ အုပ်ထိန်းသူများ ထံသို့ ပြန်လွှဲ ပြောင်းပေးမှု အကြိမ်ရေ ၁၇ ကြိမ်တွင် စစ်သည် ၉၈၈ ဦး ရှိကြောင်း၊ ယင်းသို့ စုဆောင်း မှုတွင် တာဝန်ရှိသူတပ်မ တော်သား အရာရှိ ၉၆ ဦး၊ အခြား အဆင့် ၃၅၂ ဦးကို စစ်စည်းကမ်းအရ အရေးယူခဲ့ကြောင်း တပ်မတော်သားကိုယ် စားလှယ်များ၏ ဆွေးနွေးချက်အရ သိရသည်။
“ဝ” ဒေသတွင် ယူနီဖောင်းဝတ်ပြီး ပညာသင်ကြားနေသည့် ကျောင်းသူ ကျောင်းသားများ ရှိသော် လည်း ၎င်းတို့သည့် တကယ့် စစ်သားများ မဟုတ်ကြောင်း၊ ဝေးလံခေါင်သီသည့် ဒေသမှ ပညာသင် ကြားရန် ခက်ခဲနေသည့် ကလေးများ ကို ခေါ်ယူစုဆောင်းပြီးမှ ရဲညွန့်ဘော်ဒါလို ပုံစံမျိုးနှင့် အခမဲ့ ပညာသင်ကြားပေးနေခြင်း ဖြစ်ကြောင်း “ဝ” ပြည် သွေး စည်းညီညွတ်ရေး တပ်မတော် (UWSA) အဖွဲ့၏ လားရှိုးမြို့နယ် ဆက်ဆံရေးရုံးမှ ဦးညီရမ်းက ပြောသည်။
“ကျနော်တို့ ဝ ပြည်မှာ ကျောင်းမှန်သမျှ မိန်းကလေး၊ ယောက်ျားလေး အကုန် စစ်ပညာကို သင်ကြား ပေးတာ ရှိတယ်။ တနှစ်ကို တကြိမ်၊ ၂ ကြိမ် အဲဒီလိုမျိုးပေါ့။ စစ်ပညာအသိ၊ အားကစား အမြင်ရှိ အောင်ဆိုတဲ့ ပုံစံမျိုးနဲ့ အမြဲတမ်း လေ့ ကျင့်ပေးနေတာကို သူတို့က စစ်သားလို့ ကောက်ချက်ချရင် တော့ မှားပါလိမ့်မယ်။ စစ်ပညာသင်ပေးတဲ့ အခါ သူတို့ကို အရပ်သား ဝတ်စုံပေးဝတ်လို့ အဆင်မပြေ ဘူးလေ။ သူ့ဆိုင်ရာ အဝတ်အစားတော့ ဝတ်သင့်တာပေါ့။ ဒါတွေကို နား လည်ဖို့တော့ လိုပါတယ်”ဟု ၎င်းက ဆိုသည်။
ကလေးစစ်သားနှင့် ပတ်သက်သည့် အဖွဲ့အစည်းတိုင်းတွင် စည်းမျဉ်း၊ ဥပဒေများရှိရာ တဖက်နှင့် တဖက် အပြန်အလှန် စွပ်စွဲနေမည့် အစား တကယ့် အဖြစ်အပျက်များကို မှန်မှန်ကန်ကန် သုံးသပ်နိုင် ရန် လိုကြောင်း၊ ကလေးစစ်သား အများ ဆုံးရှိသည့် အဖွဲ့မှာ တပ်မတော် ဖြစ်ကြောင်း၊ EAO များကို အမြင်မှားနေသည်မှာ ယင်းအဖွဲ့ အသီးသီးရှိ ပညာသင် နေ သည့် ကလေးများကို ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ဒု ဥက္ကဋ္ဌ ရဲဘော် မျိုးဝင်းက ပြောသည်။
“ဥပမာဆိုရင် မိဘတွေရဲ့ အခက်အခဲတွေကြောင့် ဖြစ်စေ၊ မိဘတွေက တာဝန်ထမ်းရင်းနဲ့ ကျဆုံးသွား လို့ ဖြစ်စေ အဲဒီလို အခါမျိုးမှာ ကလေးတွေကို စောင့်ရှောက်တဲ့ အစီအစဉ်နဲ့ ကလေးစစ်သားနဲ့ မရော ထွေးစေချင်ဘူး။ ကလေးတွေ ကို ပြုစုပျိုးထောင်ပေးတဲ့ အစီအစဉ်က အဖွဲ့အစည်းတိုင်းမှာ ရှိတယ်။ ကရင်အမျိုးသား အစည်းအရုံး (KNU) မှာလည်း ရှိတယ်။ ABSDF လည်း ကြုံခဲ့ရတာပဲ”ဟု ၎င်းက ရှင်းပြသည်။
ရဲဘော်မျိုးဝင်းက ဆက်၍ “ပညာသင်ကြားပေးတယ်။ အသက်ပြည့်လာရင်တော့ သူတို့ ရွေးချယ်မှုပဲ။ အဖွဲ့အစည်းမှာ တာဝန် ထမ်းဆောင်ချင်လည်း ရတယ်။ ကျောင်းဆက်တက်ချင်လည်း ရတယ်။ အဲဒါကို ကလေးစစ်သားလို့ ပြောခံရ တဲ့ အခြေအနေမျိုး ရှိတယ်။ အဲဒါကြောင့် မရောထွေးစေချင်ဘူး” ဟု ပြောသည်။
ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) မှ ဒု ဗိုလ်မှူးကြီး စိုင်းဦးကလည်း “ကျနော်တို့မှာ လည်း ကလေး စစ်သား စုဆောင်းတဲ့ မူဝါဒ မရှိပါဘူး။ ကျနော်တို့ဆီမှာ အရွယ်မရောက်သေးတဲ့ ကလေးတွေကို ပညာသင်ကြားရေး ဘက်ကိုပဲ ဦးစားပေးတာပါ။ မိဘမဲ့ကလေးတွေ၊ မိဘက လာအပ် တဲ့ ကလေးတွေဆိုရင် ကျောင်းကိုပဲ ထားပေးတယ် ပေါ့” ဟု ဧရာဝတီသို့ ပြောဆိုသည်။
ယခု နောက်ပိုင်းတွင် နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့် Save the Children ၊ Unicef ၊ World Vision ၊ ILO စသည့် အဖွဲ့များနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ စောင့်ကြည့်လေ့လာရေးနှင့် အစီရင်ခံတင်ပြရေး လုပ် ငန်းအဖွဲ့ (Country Task Force on Monitoring and Reporting-CTFMR) အဖွဲ့၏ ကူညီမှုနှင့် တပ်မတော်၏ ပါဝင်ဆောင်ရွက်မှုတို့ကြောင့် ကလေးစစ်သားများ အရေး ပိုမို ဆောင်ရွက်လာနိုင်ကြောင်း အမျိုးသား လွှတ်တော် ကိုယ်စားလှယ် နော်လှလှစိုးက ပြောသည်။
နော်လှလှစိုးက “တပ်မတော်ကလည်း ကလေးစစ်သား ကိစ္စဆိုရင် ကူညီ စုံစမ်းပေးတယ်။ ဘယ်တပ် ဘယ်တပ်မှာ ရှိတယ်၊ လုပ်နေပါတယ်။၂ ဖက် ညှပ်ပြီးတော့ လုပ်ရတာပေါ့။ ခုနက ပြောတဲ့ CTFMR အဖွဲ့နဲ့ တပ်မတော်သားတွေနဲ့ ပေါင်းလုပ်ရင်တော့ နည်းနည်း ပိုမြန်တယ်”ဟု ပြောဆိုသည်။
၎င်းက ဆက်၍ “အသက်ကို စိစစ်ရတဲ့အခါ သက်သေ အထောက်အထားပေါ့၊ သန်းခေါင်စာရင်းတို့ ဘာတို့ မရှိရင် လည်း ခက်ခဲမှု ရှိတယ်။ မိသားစုဝင်တွေ ကိုယ်တိုင် ဘယ်ရောက်လို့ ရောက်မှန်းမသိတဲ့ ဟာမျိုး ဆိုရင် နည်းနည်း လိုက်ရခက်တယ်။ တချို့ မိဘတွေကျတော့ ဘယ်တပ်မှာ ရှိတယ်ဆိုတာ ပြောနိုင်တော့ တိုက်ရိုက်လှမ်းမေးလိုက်ရင် အဆင်ပြေတယ်”ဟု ရှင်းပြသည်။
မြန်မာနိုင်ငံတွင် ကလေးစစ်သားဦးရေမှာ၂၀၀၁ ခုနှစ်က ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြုလုပ်ခဲ့သည့် Child Solider Global Report 2001 အရ ၅ သောင်းခန့် ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အသက် ၁၈ အောက်ကို ကလေးသူငယ် အဖြစ် သတ်မှတ်သည့် ကလေးသူငယ် အခွင့် အရေးဆိုင်ရာ ဥပဒေကိုလည်း ပြဋ္ဌာန်းပြီးဖြစ်ရာ တပ်မတော်ကလည်း ကုလသမဂ္ဂနှင့် ပူးပေါင်း ပြီး ကလေးစစ်သား စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့ကို ကာကွယ်တားဆီးရန် လက်တွေ့ အကောင် အထည်ဖော်နေသည်ကို တွေ့ရကြောင်း အပြည်ပြည် ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်က ယမန်နေ့တွင် ကျင်းပသည့် လွှတ်တော်၌ ပြောကြားသည်။
“ဒီနောက်ဆက်တွဲ အခြေပြစာချုပ်ကို ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ပုံရိပ်၊ တပ်မတော်ရဲ့ ပုံရိပ်ကိုလည်း တိုးတက် ကောင်းမွန်စေမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသွားခဲ့သည်။
ဆက်စပ်ဖတ်ရန် –
ကလေးစစ်သားတဦး ကျပ် ၁၀ သိန်း အထိ တိုးမြှင့်ထောက်ပံ့ရန် စီစဉ်