ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် ကျုံဒါးရဲစခန်းမှ စခန်းမှူးမှာ ယမန်နေ့ ညပိုင်းက လင်မယားချင်း စကားများပြီးနောက် သေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်ခတ်၍ အဆုံးစီရင်ခဲ့ကြောင်း သတင်း ရရှိသည်။
ကျုံဒါးစခန်းမှူး ရဲအုပ် စောလှဌေးမှာ ဇနီးဖြစ်သူနှင့်အတူ ဒေးဒရဲမြို့ ဗိုလ်ချုပ်လမ်းရှိ ဒေးဒရဲဧည့်ရိပ်သာ၌ တည်းခိုနေစဉ် ယမန်နေ့ည ၈ နာရီ ၁၀ မိနစ်ခန့်အချိန်က ထိုသို့ ပစ်ခတ်၍ သတ်သေခဲ့ခြင်းဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေ က “သူတို့ လင်မယားချင်း စကားများပြီး တော့ ရဲအုပ် စောလှဌေးက သူ့ဇနီးရဲ့ ညာဘက်ပေါင်ကို သေနတ်နဲ့ ၂ ချက်ပစ်တယ်။ အဲဒီလိုပစ်ပြီးတော့ သူ့ကိုယ်သူ သေ နတ်နဲ့ ပစ်ခတ်ပြီး အဆုံး စီရင်သွားတာပါ” ဟု ဧရာဝတီကို ပြောသည်။
သေနတ်ဖြင့် ပစ်ခတ်မှုဖြစ်ပွားသည့်အတွက် အခင်းဖြစ်နေရာသို့ တာဝန်ရှိ ရဲတပ်ဖွဲ့အကြီးအကဲများ သွားရောက် စစ်ဆေး ခဲ့ရာ ရဲအုပ်စောလှဌေးမှာ ပါးစပ်မှသွေးများထွက်၍ သေဆုံးနေပြီး ၎င်း၏ခန္ဓာကိုယ်ဘေးတွင်လည်း ခြောက်လုံးပြူး သေ နတ်ကို တွေ့ရကြောင်း၊ သေနတ်ထဲတွင် ကျည်ဆန် ၃ တောင့် ကျန်ရစ်ပြီး ကျည်ခွံ ၃ ခုကိုလည်း တွေ့ရှိရသည့်အတွက် သက်သေခံပစ္စည်း အဖြစ် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့က သိရသည်။
အဆုံးစီရင်သွားသူ ရဲအုပ် စောလှဌေး၏ ဇနီးဖြစ်သူ၏ ညာဘက်ပေါင်တွင် သေနတ်ဒဏ်ရာ၂ ချက် ရရှိခဲ့သဖြင့် တာဝန်ရှိ သူများက ဒေးဒရဲမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာမှ ဖျာပုံဆေးရုံသို ထပ်မံလွဲှပြောင်းပို့ဆောင်ကာ ကုသပေး နေကြောင်း သိရသည်။
ဒေးဒရဲမြို့နယ် ရဲတပ်ဖွဲ့က ရဲအုပ် စောလှဌေး၏ အလောင်းကို ဒေးဒရဲမြို့၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ရင်ခွဲစစ်ဆေးပြီး ဒေးဒရဲမြို့မ ရဲစခန်းတွင် သေမှုသေခင်း ဖွင့်လှစ်၍ ဆက်လက် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၌ ၂၀၁၈ ခုနှစ်အတွင်းက ရဲအရာရှိ ၂ ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်ခတ်၍ အဆုံးစီရင်ခဲ့ပြီး ယခု ဖြစ်ရပ်မှာ ဧရာဝတီတိုင်းအတွင်း ရဲအရာရှိများ မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု တတိယအကြိမ်မြောက် ဖြစ် ပွားခြင်း ဖြစ်သည်။
၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်က မြောင်းမြခရိုင် ဝါးခယ်မမြို့နယ် ကျုံမငေးနယ်မြေ ရဲစခန်းတွင် ယာယီစခန်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသည့် ရဲအုပ် လှိုင်ဝင်းမှာ ၎င်းကိုင်ဆောင်သည့် ခြောက်လုံးပြူး သေနတ်ဖြင့် မိမိကိုယ်ကိုယ် ပစ်ခတ် ၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့သည်။
ထို့ပြင်၂၀၁၈ ခုနှစ် ဇွန်လ ၅ ရက်တွင်လည်း ပန်းတနော်မြို့နယ် ဘုရားချောင်းနယ်မြေ ရဲကင်းမှူး ဒုရဲအုပ် ကောင်းမြတ်သူ မှာလည်း မိမိကိုယ်ကိုယ် ခြောက်လုံးပြူးသေနတ်ဖြင့် ပစ်၍ သတ်သေမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကမ္ဘာတဝှမ်းမှာ တနှစ်တခြား ပိုတိုးလာတဲ့ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုများ
၂၀၁၈ ခုနှစ် အတွင်း ဧရာဝတီတိုင်း၌ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူ ၁၉၀ ကျော်ရှိ
ပုသိမ် ဆေးရုံကြီး လူနာတဦး ရေတွင်းထဲ ခုန်ချ အဆုံးစီရင်