ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာအတွင်း စက်တင်ဘာလ ၂ ရက်နေ့က လက်နက်ကြီး ၊ လက်နက် ငယ်များဖြင့် ပစ်ခတ်ခံရသည့်အတွက် ရွာသား ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သတင်း ရရှိသည်။
ယမန်နေ့ မွန်းလွဲပိုင်းက သရက်တပင် ကျေးရွာအနီးတွင် တပ်မတော် စစ်ကြောင်းတခု သွားလာ နေစဉ် မိုင်းပေါက်ကွဲသံ တခုကိုကြားရပြီးနောက် တပ်မတော်သားများက ရွာဘက်သို့ ပစ်ခတ်ခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
သရက်တပင်ကျေးရွာနေ ဦးမောင်ဝင်း က “မနေ့က နေ့လည် ၁ နာရီကျော်လောက်မှာ စစ်သားတွေက ကျောက်တော်ဘက်ကနေ လာပြီးတော့ မဟာမုနိဘုရာဘက်ကို ဖြတ်သွား တာကို တွေ့ပါတယ်။ အဲဒီ အချိန်မှာ ရွာအပြင်ဘက်မှာ ပေါက်ကွဲသံ တခုကိုကြားပါတယ်။ ဘယ်လိုဖြစ်တာလည်းတော့ ကျနော် တို့လည်း မသိဘူး။ အဲဒီ ပေါက်သံကြားတာနဲ့ ရွာထဲကို ရောက်နေတဲ့ စစ်သားတွေက အိမ်တွေ ကို လှမ်းပစ်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ တပ်မတော် စစ်ကြောင်းက ပစ်ခတ်မှုကြောင့် ဒေသခံ ကျေးရွာ သားဖြစ်များကြသည့် အသက် ၅၃ နှစ်အရွယ် ဦးမောင်သန်းမြ ၊ အသက် ၅၁ နှစ်အရွယ် ဦးမောင်စံသိန်း ၊ အသက် ၄၁ နှစ်အရွယ် ဒေါ်မညွန့် ၊ အသက် ၃၂ နှစ်အရွယ် ဦးမောင်သန်းဝေ ၊ အသက် ၁၆ နှစ်အရွယ် ကိုမောင်မောင်စိုးနှင့် အသက် ၃ နှစ်အရွယ် မခိုင်သဇင်ငြိမ်း စုစုပေါင်း အရပ် သား ၆ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ကျေးရွာသားများက ပြောသည်။
ယင်းအပြင် လက်နက်ကြီး ဘေးနားတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ၎င်းကျေးရွာအတွင်း ဖွင့်လှစ်ထားသည့် မဟာနွယ် ဘော်ဒါဆောင်မှ အထက်တန်းကျောင်းသူ ၄ ဦးမှာလည်း သတိ လှစ်သွားသည့်အတွက် ကျောက် တော်ပြည် သူ့ဆေးရုံတွင် ဆေးကု သမှုခံယူ နေရကြောင်း သိရသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ရွာအဝင် တံတားအနီး မိုင်းခွဲတိုက်ခိုက်ခံရပြီး AA အဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ပစ်ခတ်သည့် အတွက် ပြန်လည် ပစ်ခတ်ခြင်း ဖြစ်ကြောင်း ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦး က “မနေ့က ၂ နာရီလောက်မှာ ကျနော်တို့ဆီက အုပ်ချုပ်မှုကိစ္စ လုပ်ဖို့ဆိုပြီးတော့ စစ်ကြောင်းတကြောင်း ကားလမ်မအတိုင်း မဟာမုနိဘုရာဘက်ကို ထွက်တာပေါ့။ သွားတဲ့အခါမှာ သရက်တပင် ရွာအဝင်မှာ တံတားတစင်အရောက်မှာ မိုင်း ၂ လုံးနဲ့ အကွဲခံရတယ်။ မိုင်းကွဲတဲ့ အချိန်မှာပဲ ရွာအစွန်ကနေပြီးတော့ ၄၀ မမနဲ့ ပစ်တယ်။ လက်နက်ငယ်နဲ့ ပစ်တယ်။ ပစ်တဲ့အကြောင့် မို့ ကျနော်တို့ စစ်ကြောင်း ကလည်း ကျည်လာတဲ့ နေရာကို ပြန်ပစ်တယ်။ သူ့ပစ်၊ ကိုယ်ပစ်ပဲ။ အဲဒီအပေါ်မှာ ရွာသားတွေ မှန်ကောင်း မှန်လိမ့်မယ်။ ဘယ်လောက်မှန် လဲဆိုတာ ကျနော် မသိဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ရက္ခိုင်စစ်တပ် (AA) ပြန်ကြားရေးတဝန်ခံ ဦးခိုင်သုခကတော့ ယမန်နေ့က အဆိုပါ သရက်တပင် ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့မှု မရှိကြောင်း ပြောသည်။
ဦးခိုင်သုခ က “စစ်တပ်ဘက်က ပြောနေတဲ့ ဥစ္စာတွေက အခြေအဖြစ်မရှိတဲ့ လုပ်ကြံ စွပ်စွဲချက် တွေပဲ ဖြစ်တယ်။ သူတို့ ပြောသလိုမျိုး ရွာထဲက နေရာယူပြီး တော့ ဘယ်သူမှ ပစ်မှာ မဟုတ်ဘူး။ ကျနော်တို့ ပြည်သူတွေ နှစ်နာမယ့် ကိစ္စမျိုးကို ကျနော်တို့ ဘယ်တော့မှ လုပ်မှာလည်း မဟုတ်ဘူး။ ကျနော်တို့ ပြည်သူ တွေကို တမင် ပစ်ခတ် သတ်ဖြတ်ချင်လို့ သူတို့က ဒီလို ပြောဆို နေတာ။ သူတို့ အရင်လည်း ရွာသားတွေကို ဒီလိုပဲ ပစ်ခတ်ပြီးပြီ။ နောက်ထပ်လည်း ပစ်ခတ်မယ်ဆိုတော့ သဘောတွေကို သူတို့ရဲ့အင်တာဗျူး တွေမှာ ကျနော်တို့ တွေ့နေရတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ယင်းသို့ ကျေးရွာအတွင်း ပစ်ခတ်သည့်အတွက် ရွာသားများ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းခိုနေစဉ် တပ်မတော်သားများက လမ်းမတလျှောက်တွင် ရှိသည့် ဈေးဆိုင်များသို့ ဝင်ရောက်ကာ ပစ္စည်းများနှင့် ရွှေငွေများကိုလည်း ယူဆောင် သွားကြောင်း ရွာသားများက ပြောသည်။
သရက်တပင်ကျေးရွာနေ ဈေးဆိုင်ပိုင်ရှင် ဒေါ်မခင်သန်းက “ပစ်ခတ် သံကြားတာနဲ့ ကျမတို့က ဆိုင်ခန်းတွေကို ပိတ်ဖို့ မရလိုက်ဘူး။ ဘေးနာက အိမ်တွေမှာ ဝင်ပုန်းနေကြပါတယ်။ သေနတ်တွေနဲ့ စစ်သားတွေက ကျမတို့ ဆိုင်ရှေ့ကို ရောက်လာကြပြီး ပထမ စစ်သားတယောက်က ဆိုင်ခန်းကို တက်ပြီး ယူတာကို မြင်ပါတယ်။ နောက်ပြီး တခြား စစ်သားတွေကို ဒီမှာ ပစ္စည်းတွေကို လာယူပြီးတော့ ခေါ်ပါတယ်။ အချိုရည် ဗူးတွေကို ထိုင်ပြီး သောက်ကြပါတယ်။ ကျမမှာ ဆိုင်ခန်းမှာ ထားတဲ့ ရွှေ ၄ ကျပ်နဲ့ ငွေသာ သိန်း ၄၀ ပါသွားပါတယ်။ စစ်သားတွေကို ယူနေတာကို ဒီအတိုင်း မြင်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဗိုလ်မှူးကြီး ဝင်းဇော်ဦးကတော့ ထိုသို့ ရွာသားများပစ္စည်းကို တပ်မ တော်သား များက ယူဆောင်ခြင်း မရှိဘဲ တပ်မတော် နာမည် ပျကfအောင် တမင် ပြောဆို နေခြင်း ဖြစ်ကြောင်း ပြောသည်။
ယင်းအပြင် ကျေးရွာသားများအနေဖြင့် တိုက်ပွဲကြားမှာ မညှပ်ရန် တပ်မတော်နှင့် ပူူးပေါင်းရန် လိုအပ်ပြီး AA အဖွဲ့ ရွာကိုရောက်လျှင်လည်း သတင်းပေးရန် လိုအပ်ကြောင်းလည်း ဗိုလ်မှူး ကြီး ဝင်းဇော်ဦးက ဆက်လက် ပြောကြားသည်။
ထိုသို့ ဆိုင်ခန်းအတွင်းမှ ပစ္စည်းများ ပျောက်ဆုံးသွားသည့်အတွက် ဖုန်းဆိုင်ပိုင်ရှင်များနှင့် ကုန်စုံဆိုင် ပိုင်ရှင် စုစုပေါင်း ဆိုင်ပိုင်ရှင် ၁၀ ဦးတို့မှ ယနေ့ မွန်းလွဲပိုင်းက ကျောက်တော်ရဲစခန်းသို့ သွားရောက်ကာ တိုင်ချက်ဖွင့် လှစ်ခဲ့ကြောင်းလည်း သရက်တပင်ကျေးရွာမှာ ပစ္စည်း ပျောက်ဆုံးသွားသူ ဆိုင်ပိုင်ရှင်များက ပြောသည်။
ဆိုင်ပိုင်ရှင် ဒေါ်မခင်သန်းက “ကျမတို့ ဒီနေ့ နေ့လည်က ကျောက်တော် ရဲစခန်းမှာ သွားပြီးတော့ တိုင်ကြား ထားပါတယ်။ ရဲက ဘာကိစ္စတိုင်လာ လဲမေးတယ်။ ဒီလိုပဲ မနေ့က ပစ်ခတ်ပြီးနောက်မှာ စစ်သားတွေက ဖုန်းနဲ့ ပစ္စည်းတွေကို ယူသွားပါတယ်ကိုပြောပြပါတယ်။ ရဲကတော့ ကိုယ့်ဟာကို စာရေးပြီး တင်ထားခဲ့ပါလို့ ပြောတယ်။ သူတို့ တိုင်ချက် ဖွင့်ပေးမလား ၊ မပေးဘူးလားဆိုတာ ကျမတို့လည်း မသိဘူး။ စာနဲ့ရေးပြီးတော့ စခန်းမှာ ထားခဲ့ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိအချိန်တွင် ပစ်ခတ်မှုခံရမှုကြောင့် ဒဏ်ရာရရှိသည့် ကျေးရွာသား ၆ ဦးနှင့် မဟာနွယ် ဘော်ဒါ ဆောင်မှာ ကျောင်းသူ ၄ ဦးမှ ကျောက်တော် ပြည်သူ့ ဆေးရုံတွင် ဆေးကုသမှုကို ခံယူနေရကြောင်း သိရသည်။
You may also like these stories:
ကျောက်တော်က ကုန်စုံဆိုင်ပိုင်ရှင်များ အသတ်ခံရ
ယိုးတရုတ်စခန်းမှူး ဓားထိုးခံရ၍ သေဆုံး
ရခိုင်မြောက်ပိုင်း ၄ မြို့နယ်နှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက် ပြန်ရ
လင်းမြွေတောင် တိုက်ပွဲတွင် AA တပ်ဖွဲ့ဝင်များကျ ဟု တပ်မတော်ပြော