သတင်း

ဘဏ်ချေးငွေကိစ္စ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဖြေရှင်းချက်သည် ဗဟိုဘဏ် ရပ်တည်ချက် မဟုတ် ဟုဆို

Want create site? Find Free WordPress Themes and plugins.

စီးပွားရေး လုပ်ငန်းရှင်များအား ထုတ်ချေးထားသည့် ဘဏ်ချေးငွေကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ်၏ ဒုဥက္ကဋ္ဌ ဦးစိုးသိမ်းက ပြည်သူ့လွှတ်တော်၌ ဖြေကြားချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း ဗဟိုဘဏ်က ထုတ်ပြန် လိုက်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို စက်တင်ဘာ ၂ ရက်က ထုတ်ပြန်လိုက်ခြင်း ဖြစ်ပြီး ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ၏ ဖြေကြားမှုမှာ ဗဟို ဘဏ်၏ ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက်ညီမှုမရှိဘဲ ဘဏ်လုပ်ငန်းများနှင့် ပတ်သက်၍ အများပြည်သူများ အနေဖြင့် စိုးရိမ်ပူပန်ရန် မလိုအပ်ကြောင်းလည်း ပါရှိသည်။

ထို့ပြင် မြန်မာနိုင်ငံတော် ဗဟိုဘဏ် အနေဖြင့် ဘဏ်လုပ်ငန်းနှင့် ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန်နှင့် နိုင်ငံတကာ စံနှုန်းများနှင့် ကိုက်ညီမှုရှိစေရန် အတွက် စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ ထိန်းသိမ်းဆောင်ရွက်လျက်ရှိပြီး ဘဏ်လုပ် ငန်းများနှင့် လုပ်ငန်းရှင်များကြား ညှိနှိုင်းဆွေးနွေးမှုများကိုလည်း ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဗဟိုဘဏ်သည် ဘဏ်များ၏ နောက်ဆုံး အားထားရာ (Lender of last Resort) အဖြစ် ဘဏ်များ၏ လိုအပ်ချက်များ ရှိခဲ့ ပါက အပြည့်အဝ ကူညီထောက်ပံ့သွားမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ဆိုထားသည်။

ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များ ချေးယူထားသည့် ဘဏ်ချေးငွေများကို ဗဟိုဘဏ်၏ ညွှန်ကြားချက်ကြောင့်ဟု ဆို ကာ ယခုနှစ် စက်တင်ဘာလ နောက်ဆုံးထား၍ ပြန်ဆပ်ရန် ဘဏ်များက အကြောင်းကြားမှု ရှိနေကြောင်း လုပ်ငန်းရှင်များ ထံက သိရသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်၍ သြဂုတ် ၂၇ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ပြည်သူ့ လွှတ်တော် ၁၃ ကြိမ်မြောက် အစည်း အဝေးတွင် ဗဟိုဘဏ်အနေဖြင့် ပြန်မဆပ်နိုင်သည့် ချေးငွေ (NPL)ကို သတ်မှတ်ရာတွင် ဘဏ်တခုချင်းစီ၏ သဘောသ ဘာဝ အပေါ် မူတည်၍ သတ်မှတ်ပေးနိုင်ခြင်း ရှိ မရှိ မေးခွန်းအပေါ် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်းက လက်ရှိ လုပ်ငန်းရှင် များ၏ အခက်အခဲများကို သိရှိပါကြောင်း၊ သို့သော်လည်း ဘဏ်များက ထုတ်ချေးပေးထားသည့် ငွေကြေးသည်ဘဏ်၏ ပိုက်ဆံများ မဟုတ်ဘဲ အများပြည်သူများ အပ်နှံထားသည့် ငွေကြေးများ ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။

၎င်းက ဆက်လက်၍ ယင်းငွေကြေးများကို စနစ်တကျ စီမံခန့်ခွဲရန်သည် ဘဏ်များ တာဝန်ဖြစ်ပြီး ဗဟိုဘဏ်၏ တာဝန် သည် ထိုဘဏ်များက အဆိုပါ ငွေကြေးများကို စနစ်တကျစီမံခန့်ခွဲမှု ရှိ မရှိကိုသာ ကြီးကြပ်ကွပ်ကဲရန် တာဝန်ဖြစ်ကြောင်း ပြောဆိုသည်။

ဦးစိုးသိမ်းက ဆက်လက်၍ ဘဏ်များ၊ စီးပွားရေး လုပ်ငန်းရှင်များကို မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးပိုင်း ကောင်းကောင်းမွန်မွန် လည်ပတ်၍ ရနိုင်သည့် ပတ်ဝန်းကျင်တခုကို ဖန်တီးသည့် စည်းမျဉ်းစည်းကမ်းများကို မိမိတို့က ဆက်လုပ်ပေးခြင်းသာဖြစ် ကြောင်း၊ ထိုအပေါ်တွင် မူတည်၍ ဘဏ်များအနေဖြင့် ကိုက်ညီပါက ပြည်သူ၏ ပိုက်ဆံ ဆုံးရှုံးမှု နည်းအောင်ဆိုသည့် ရည် ရွယ်ချက်မျိုးနှင့် ဆောင်ရွက်ကြခြင်း ဖြစ်ပါကြောင်း ပြောသည်။

ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များ၏ ပြဿနာများကို တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လည်း အများကြီး စောင့်ခဲ့ပြီး ဖြစ်၍ နောက်ထပ် အလျှော့ပေးပြီး ဆောင်ရွက်ရန် အနေအထားမျိုး မရှိကြောင်း ၎င်းက လွှတ်တော် ၌ ဖြေကြားသွားခဲ့သည်။

မြန်မာနိုင်ငံဘဏ်များ အသင်း နာယက ဦးသိန်းထွန်းက “ဗဟိုဘဏ်ဘက်က အခုလို ပြန်ကြေညာချက် ထုတ်လိုက်တာ တော့ ကောင်းတယ်။ ပြည်သူက အထင်လွဲပြီးတော့ ဘဏ်တွေက ပိုက်ဆံ ပြန်ထုတ်တာတွေ ဖြစ်ရင် တခြားရိုက်ခတ်မှု တွေက အများကြီးပဲ” ဟု ဧရာဝတီသို့ ပြောသည်။

၎င်းက ဆက်လက်၍ “ဗဟိုဘဏ်ကနေ လူကြီးပီသစွာနဲ့ ထိန်းထိန်းသိမ်းသိမ်း ပြန်လုပ်ပေးမယ်ဆိုတော့ ကောင်းပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်တယ်လေ။ စီးပွားရေးက မကောင်းရတဲ့ကြား တပူပေါ်တပူဆင့် ကိစ္စတွေက မဖြစ်တာ ကောင်းပါတယ်” ဟု ဆိုသည်။

အဆိုပါ ဘဏ်ချေးငွေ ကိစ္စရပ် သတင်းများထွက်ပေါ်လာခြင်းကြောင့် ဘဏ်အပ်ငွေများ ပြန်လည်ထုတ်ယူခြင်းမျိုး မရှိသော် လည်း ယင်း ကောလဟလများကြောင့် ဒေါ်လာနှင့် ရွှေဈေးနှုန်းများ ရက်ပိုင်းအတွင်း ထပ်မံမြင့်တက်ခဲ့ကြောင်း ဈေးကွက် အတွင်းက သိရသည်။

ကမ္ဘောဇဘဏ်၏ အကြီးတန်းအကြံပေး ဦးသန်းလွင်က “တခုခုဆိုတိုင်း ကမ္ဘာ့စံချိန်အတိုင်း လုပ်နေတယ်ဆိုတာမျိုးတွေ ပြောလို့မရဘူး။ အမြဲတမ်း သူများစံနှုန်းတွေနဲ့ နှိုင်းယှဉ်ပြီး ပြောလို့မရဘူး။ စီးပွားရေး တုံ့ဆိုင်းနေတဲ့အချိန်မှာ စီးပွားရေး လုပ်ငန်းရှင်တွေက အခက်အခဲဖြစ်နေတဲ့အချိန်မှာ ဒီလိုမျိုးပြောလို့မရဘူး။ ဗဟိုဘဏ်ရဲ့ တာဝန်ကိုက တိုင်းပြည် စီးပွား ရေးကို ကယ်တင်ရမှာလေ” ဟု ပြောဆိုသည်။

ဗဟိုဘဏ်အနေဖြင့် ကိစ္စတိုင်းအား စာအုပ်ကြီးအတိုင်း လုပ်ဆောင်၍ မရကြောင်း၊ အောက်ခြေတွင် ဖြစ်ပျက်နေသော အခြေအနေများကို သိရှိရန်လိုအပ်ပြီး ဖြေလျှော့သင့်ကိစ္စရပ်များနှင့် ညှိနှိုင်းဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆောင် ရွက်ပေးရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ဦးသန်းလွင်က ဆက်လက်၍ “လွှတ်တော်မှာ ဖြေတာက သူ့သဘောအတိုင်း ဖြေရတာ မဟုတ်ဘူးလေ။ ဗဟိုဘဏ် ကိုယ်စားဖြေတာ။ အခုမှ သူပြောတာ ဗဟိုဘဏ်နဲ့ မဆိုင်ဘူးဆိုတာ တယောက်တည်းကို တာဝန်ယူခိုင်းနေသလိုပဲ။ ဗဟိုဘဏ်ဥက္ကဋ္ဌမှာ ပိုတာဝန်ရှိတာပေါ့။ ဒါမှမဟုတ် ဒု ဥက္ကဋ္ဌက ဖြေရမယ့်ဟာကို ဘောင်ကျော်ဖြေခဲ့လို့လားပေါ့” ဟု ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ ဗဟိုဘဏ်က ဒုဥက္ကဋ္ဌကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပေ။

Did you find apk for android? You can find new Free Android Games and apps.
Loading