လွှတ်တော်အတွင်း အနိုင်ရပါတီများနှင့် အချိုးကျဖွဲ့ထားသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ ၄၅ ဦး ကော်မတီအဖွဲ့ဝင်များထဲမှ ရခိုင်အမျိုးသား ပါတီ (ANP) မှ အမတ် ၂ ဦး ထပ်မံ နှုတ်ထွက်သွားကြောင်း သတင်းရရှိသည်။
ANP ပါတီမှ ပူးပေါင်းကော်မတီဝင်ဖြစ်သည့် ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်တို့ ၂ ဦး ယနေ့ ထပ်မံ နုတ်ထွက် ခဲ့ခြင်းဖြစ်သည်။
ယင်း ပူးပေါင်း ကော်မတီကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်နိုင်ရေး အတွက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီမှ ဦးဆောင် ပြီး အရေးကြီးအဆိုတရပ် တင်သွင်း၍ ပြည်ထောင်စု လွှတ်တော်၌ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
နုတ်ထွက်သူ ဦးအောင်ကျော်ဇံ က “ပါတီအမြင်အရ နုတ်ထွက်ခိုင်းလို့ နုတ်ထွက်လိုက်တာပါ။ နှစ်ယောက်စလုံး၊ ဆက်လက် ဆောင် ရွက်ရန် မသင့်တော်ပါသဖြင့် ဆိုပြီးပါတီက နုတ်ထွက်ခိုင်းတာ။ ဘာမှတ်ချက်မှတော့ မပေးပါဘူး” ဟုမီဒီယာများကို ပြောသည်။
ထိုသို့ ၄၅ ဦးကော်မတီဝင်ထဲမှ နုတ်ထွက်သွားသည့် ရခိုင်အမျိုးသား ပါတီဝင် နေရာတွင် ထပ်မံ ဖြည့်စွက်၍ ဝင်ရောက်မည် မဟုတ် ကြောင်းကိုလည်း ဦးအောင်ကျော်ဇံက ဆိုသည်။
စက်တင်ဘာ ၂ ရက်နေ့ကလည်း အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (N.U.D) မှ မအူပင် အမတ်ဦးစိန်ဝင်း က အင်အားကြီး သည့် ပါတီတခုက လွှမ်းမိုးမှု ရှိနေသည့် အတွက် နုတ်ထွက်ရခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောခဲ့သည်။
ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် တိုင်းရင်းသားများ လိုလားသည့် စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အခန်းကဏ္ဍတွင် ပီပြင်စွာပါဝင်နိုင်ခြင်းမရှိသည့် အခြေအနေ ရှိနေခြင်း၊ လက်ရှိအာဏာရ ပါတီတည်မြဲရေးကိုသာ ရည်ရွယ်နေသည်ကို တွေ့ရသဖြင့် ကိုယ် စားလှယ် ၂ ဦး နုတ်ထွက်လိုက်ခြင်း ဖြစ်ကြောင်း ရခိုင် အမျိုးသားပါတီမှ ယနေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။
ကော်မတီ၏ အဆိုပြုချမှတ်များ ချမှတ်သည့်စနစ်များမှာ အနိုင်ရပါတီတခုတည်း၏ သဘောထားများကိုသာ မဲအသာစီးနှင့် ဆုံးဖြတ်နေသည့်အတွက် ရခိုင်အမျိုးသားပါတီအပြင် တိုင်းရင်းသားပါတီများ၏ ပြင်ဆင်လိုသည့် အချက်များကို ပြင်ခွင့်မရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
တိုင်းရင်းသား ပါတီများ အနေဖြင့် ကော်မတီဝင် အစည်းအဝေးတွင် ပြင်ချင်သည့် အချက်များကို တင်ပြခွင့်ရသော်လည်း တင်ပြချက်များ မှာ သက်ရောက်မှု မရှိကြောင်း၊ ရခိုင် အမျိုးသား ပါတီ အနေဖြင့် အချက်ပေါင်း ၈၅၈ ချက်ကို တင်ပြနိုင်ခဲ့ကြောင်း ဦးအောင်ကျော်ဇံက ဆိုသည်။
မြေပုံ မဲဆန္ဒနယ်၊ ရခိုင် အမျိုးသား ပါတီဝင် တဦးဖြစ်သူ ဦးဖေသန်းကလည်း “အကျယ်တဝင့်မပါဘူး။ဒါပေမယ့် ပါတီက ဒီလုပ်ငန်းစဉ် အပေါ်မှာ အယုံအကြည်မရှိတော့ဘူး။ အဲ့ဒါကြောင့်ဆက်လက်ပါဝင်ရန် ဆန္ဒမရှိဘူးဆိုပြီးတော့အတိုချုပ်ရေးထားတယ်” ဟု ပြောသည်။
ယခုကဲ့သို့ တိုင်းရင်းသား ပါတီများ ပူးပေါင်းကော်မတီမှ နုတ်ထွက်ခြင်း အပေါ်ကို သီးခြား မှတ်ချက်ပေးစရာ မရှိကြောင်းနှင့် ၎င်းတို့၏ ကိုယ်ပိုင်လွတ်လပ်ခွင့် ဖြစ်သည့် အတွက် ယင်းတို့၏ ဆုံးဖြတ်ချက်အပေါ်ကို မှတ်ချက် မပေးလိုကြောင်း အာဏာရ NLD ပါတီမှ ၄၅ ဦးပူးပေါင်းကော်မတီ အဖွဲ့ဝင် ဦးနေမျိုးထွန်းက ပြောသည်။
ဦးနေမျိုးထွန်း က “ကျနော်တို့က အားလုံးက ပူးပေါင်း ပါဝင်ရေးအတွက် လုပ်တာလေ။ သူတို့ ခံစားချက်က ဘယ်လိုလဲ ဆိုတာတော့ မသိဘူး။ ကျနော့် အမြင်ပြောရရင် အားလုံး ပူးပေါင်းရင်တော့ ကောင်းတာပေါ့”ဟု ပြောသည်။
ယခု နုတ်ထွက်သွားသည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၏ နုတ်ထွက်ခြင်း၊ အစားထိုးခြင်းမှာပြည်ထောင်စုလွှတ်တော် နာယက ၏ လုပ်ပိုင်ခွင့်သာ ဖြစ်ကြောင်း၊ နာယကမှတဆင့် လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်း အဖြစ် ထားရှိမည် ဖြစ်ကြောင်း ဦးနေမျိုးထွန်းက ရှင်းပြသည်။
လက်ရှိ ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက်၍ ပြင်ဆင်လို သည့် အချက် ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော်သား ကိုယ်စား လှယ် အစုအဖွဲ့တို့မှ လူ ပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံစာ တရပ် ရေး သားပြုစု၍ ပြည်ထောင်စု လွှတ်တော် သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်မည်ဟု ပြောဆိုပြီး၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာ၌ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ်ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းကာ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။
ထိုနေ့က ပူးပေါင်းကော်မတီ ဖွဲ့စည်းမှုကို အဆုံးအဖြတ်ရယူရာ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) နှင့် တပ်မ တော်တို့က သဘောမတူသဖြင့် မဲခွဲ ဆုံးဖြတ်ခဲ့ပြီး ဆန္ဒမဲပေးခွင့် ရှိသူ ၅၉၄ ဦးတွင် ထောက်ခံသူ ၃၈၉ ဦး၊ ကန့်ကွက် သူ ၁၉၂ ဦး၊ ကြားနေ ၃ ဦးဖြင့် အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ် စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင် ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။
You may also like these stories:
ANP ပါတီဥက္ကဋ္ဌသစ် ဦးသာထွန်းလှနှင့် တွေ့ဆုံမေးမြန်းခြင်း
လွှတ်တော်၌ တပ်မတော်သား ကိုယ်စားလှယ် ဖယ်ရှားရေး ANP အဆိုပြု
ဒေါက်တာအေးမောင်သား အတွက် မဲဆွယ်ပေးသည့် အမတ်ကို ANP ပါတီ အရေးယူမည်