ထိုင်းနိုင်ငံနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများ တိုးချဲ့ပြုလုပ်ရန် တောင်ကိုရီးယားကို ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာက တိုက်တွန်းလိုက်ပြီး၊ ၎င်းတို့အတွက် အထူးအခွင့်အရေးပေးရန် စဉ်းစားမည်ဟု ဆိုကြောင်း Bangkok Post သတင်းကဆို သည်။
တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်သည် အရှေ့တောင်အာရှ ၃နိုင်ငံဖြစ်သည့် ထိုင်း၊ မြန်မာ၊ လာအိုသို့ လာရောက်လည် ပတ်ခြင်းဖြစ်ပြီး၊ တနင်္လာနေ့က ထိုင်းဝန်ကြီးချုပ် ပရာယွယ် ချန်အိုချာနှင့် တွေ့ဆုံကာ၊ သူ၏ခရီးစဉ်အတွင်း ထိုင်း- ကိုရီးယား စီးပွားရေးညီလာခံသို့ တက်ရောက်မည့် တောင်ကိုရီးယားကုမ္ပဏီနှင့် ရင်းနှီးမြှုပ်နှံသူ ၅၀၀ ကျော်နှင့် စီးပွားရေး အဖွဲ့ တဖွဲ့ကို ဦးဆောင်ခေါ် ယူလာခဲ့သည်။
၇ နှစ်ကြာ ထိုင်းနိုင်ငံသို့လာရောက်လည်ပတ်သည့် ပထမဆုံး တောင်ကိုရီးယား ခေါင်းဆောင်သည် ဝန်ကြီးချုပ် ပရာယွဒ်နှင့် အစိုးရအိမ်တော်တွင် တွေ့ဆုံခဲ့ပြီး အရှေ့နှင့် အရှေ့တောင်အာရှအကြား ဆက်ဆံရေးမြှင့်တင်ရန် နှစ်နိုင်ငံအကြား သေနင်္ဂဗျူဟာ ပူးပေါင်းဆောင်ရွက်မှု ပိုမို တောင့်တင်းကြံ့ခိုင် ရေးအတွက် ကတိပြုခဲ့ကြသည်။
နှစ်နိုင်ငံ ဆက်ဆံရေး မြှင့်တင်ရန် လုံခြုံရေးမှ စီးပွားရေးအထိ ကိစ္စများတွင် ပူးပေါင်းဆောင်ရွက်မှု အားပေးရန် နှစ်ဖက် သဘောတူကြသည်။
ထိုင်းနိုင်ငံသည် စီးပွားရေး အဆောက်အအုံကို လယ်ယာစိုက်ပျိုးရေး အခြေခံစီးပွားရေးမှ တန်ဖိုး သို့မဟုတ် ဒစ်ဂျစ်တယ် စီးပွားရေးသို့ ကူးပြောင်းရန် Thailand 4.0 အစီအစဉ်ကို အကောင်အထည် ဖေါ်နေကြောင်း၊ အစိုးရသည် တီထွင်ဆန်းသစ်မှုနှင့် အဆင့်မြင့်နည်းပညာလုပ်ငန်းများ အတွက် အရှေ့ပိုင်း စီးပွားရေး စြင်္ကန် (EEC) ကို တည်ဆောက်ကြောင်းနှင့် တောင်ကိုရီးယား ကုမ္ပဏီများတွင် EEC စီမံကိန်းနှင့် ကောင်းစွာကိုက်ညီသည့် နည်းပညာများရှိ၍ ရင်းနှီးမြှုပ်နှံရန် စဉ်းစားသင့် ကြောင်း၊ ယင်းကုမ္ပဏီများသည် မဲခေါင်ဒေသခွဲနိုင်ငံများသို့ စီးပွားရေးတိုးချဲ့ရာတွင် ထိုင်းနိုင်ငံကို အချက်အခြာဒေသအဖြစ် အသုံးပြုနိုင်သောကြောင့် နှစ်ဖက်အကျိုးရှိသော အနေအထားကို ဖန်တီး နိုင်မည်ဖြစ်ကြောင်း ဝန်ကြီးချုပ် ပရာယွဒ် ချန်အိုချာပြောသည်။
“တောင်ကိုရီးယား ရင်းနှီးမြှုပ်နှံမှုကို ထိုင်းနိုင်ငံက ကြိုဆိုနေပြီး တောင်ကိုရီးယားရင်းနှီး မြှုပ်နှံသူ များအားလုံးကို ထောက်ခံပြီး အဆင်ပြေအောင် ဆောင်ရွက်ပေးဖို့ စိတ်အားထက်သန်နေတယ်။ ထိုင်းနိုင်ငံမှာ ကိုရီးယားရင်းနှီးမြှုပ်နှံမှု တန်ဖိုးအရှိန်မြှင့် တင်ဖို့ ကိုရီးယား စီးပွားဖက်တွေနဲ့အနီးကပ် လုပ်ဆောင်ဖို့ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့နဲ့ သက်ဆိုင်ရာဌာနတွေကို ကျနော်ညွှန်ကြားထားပါတယ်” ဟု လည်း ဝန်ကြီးချုပ် က ပြောသည်။
လက်ရှိအချိန်အထိ တောင်ကိုရီးယား ကုမ္ပဏီ ၄၀၀ တို့သည် ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားကြပြီး စုစုပေါင်း အမေရိကန် ဒေါ်လာ ၁၄ ဘီလျှံမှ ၁၅ ဘီလျှံအထိရှိသည်။
“ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ တောင်ကိုရီးယား ကုမ္ပဏီ ၄၀၀ ကျော်လာမယ်လို့ ကျနော်မျှော်လင့်ပြီး နှစ်နိုင်ငံကုန်သွယ် ရေး ဟာ ၂၀၂၀ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ဘီလျှံ ၂၀ အထိ တိုးလာဖို့ မျှော်လင့် တယ်” ဟုလည်း သူက ဆက် ပြော သည်။
ထိုင်းနိုင်ငံတွင် အခြေခံအဆောက်အအုံ စီမံကိန်း အများအပြား ရှိသောကြောင့် ယခုအချိန်သည် ထိုင်းနိုင်ငံနှင့် တောင် ကိုရီးယားနိုင်ငံတို့အကြား ဆက်ဆံရေးကို ပိုမိုကျစ်လစ်အောင်လုပ်ဆောင်ပြီး ကုန်သွယ်ရေးမိတ်ဖက်များ ဖြစ်ရမည့် အချိန်ဖြစ်ကြောင်း လည်း ဆိုသည်။
“တောင်ကိုရီးယားနိုင်ငံဟာ တိုးတက်တဲ့ စီးပွားရေးကို ကူးပြောင်းတဲ့အတွေ့အကြုံရှိပြီးသား ဖြစ် တယ်။ ဒါကြောင့် တောင်ကိုရီးယားနဲ့ နည်းပညာဖလှယ်ခြင်းအားဖြင့် ရေရှည်မှာ ထိုင်းနိုင်ငံအတွက် အကျိုးရှိမယ်လို့ ကျနော်မျှော်လင့်တယ်” ဟု ဝန်ကြီးချုပ် ပရာယွဒ်ပြောသည်။
ဝန်ကြီးချုပ် ပရာယွဒ်က တောင်ကိုရီးယားသမ္မတ၏ တောင်ပိုင်းမူဝါဒသစ်ကို အကောင်အထည်ဖေါ် ခြင်းကို ချီးကျူးခဲ့ပြီး ထိုမူဝါဒကြောင့် ထိုင်းနှင့် အရှေ့တောင်အာရှ တို့နှင့် စီးပွားရေးအရ၊ ဆက်သွယ် ရေးအရ၊ တိုးတက်မှုအရ၊ ပညာရေးအရ၊ ယဉ်ကျေးမှုအရ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် လမ်းခင်း ပေးမည်ဖြစ်ကြောင်း လည်း ပြောသည်။
“ထိုင်းနိုင်ငံဟာ လက်ရှိ အာဆီယံ ဥက္ကဌဖြစ်တဲ့အတွက် ဘုံရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် တောင်ကိုရီးယား နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မှု ထပ်မံ မြှင့်တင်ဖို့ အာဆီယံက အသင့်ရှိကြောင်း ကို လည်း ကျနော်အတည်ပြု ပြောကြားနိုင်ပါတယ်” ဟု သူပြောသည်။
လွန်ခဲ့သော နှစ်က အာဆီယံသည် တောင်ကိုရီးယားနိုင်ငံ၏ ဒုတိယအကြီးမားဆုံး ကုန်သွယ်ဖက်ဖြစ် ပြီး တောင်ကိုရီးယား သည် အာဆီယံ၏ ကုန်သွယ်ဖက်များတွင် တောက်ကိုရီးယားသည် ပဉ္စမအကြီး ဆုံး ကုန်သွယ်ဖက်ဖြစ်သည်။
အလားတူ တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်ကလည်း “ထိုင်းနိုင်ငံဟာ ကိုရီးယား သမ္မတနိုင်ငံရဲ့ မိတ်ဆွေစစ်ဖြစ်ပြီး ကိုရီးယားစစ်ပွဲ အတွင်းမှာ ပထမဆုံး ကူညီခဲ့တဲ့နိုင်ငံဖြစ်တယ်။ ထိုင်းနိုင်ငံက ကိုရီးယား စစ်ပွဲစစ်ပြန်တွေရဲ့ ပေးဆပ် စွန့်လွှတ် အနစ်နာခံမှုကို ကိုရီးယားပြည်သူတွေ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ဘဲ ယနေ့တိုင်ကျေးဇူးတင် နေဆဲဖြစ်ပါ တယ်” ဟု ပြောသည်။
တောင်ကိုရီးယား စီးပွာရေးလုပ်ငန်းများသည် ၎င်းတို့ အရည်အသွေးမီသော ထုတ်ကုန်များဖြင့် အရှေ့ တောင်အာရှဒေသ ကို ထိုးဖေါက်ရန် ကြိုးစားနေပြီး ထိုသို့လုပ်ဆောင်ရေးအတွက် တောင်ကိုရီးယား နိုင်ငံ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများဌာနနှင့် တောင်ကိုရီးယားနိုင်ငံ အသေးစား အလတ်စား စီးပွားရေးဖြန့်ချိရေးဌာနတို့သည် ထိုင်းနိုင်ငံမှ Lazada အုပ်စုနှင့် နားလည်မှုစာချွန် လွှာတစောင်ကို ယခုခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည်။
ထိုလက်မှတ်ရေးထိုးပွဲသို့ Lazada အုပ်စု အကြီးအကဲများ တောင်ကိုရီးယား အသေးစားနှင့် လုပ်ငန်း သစ်များဝန်ကြီးတို့ တက်ရောက်ခဲ့သည်။
Lazada အုပ်စုသည် တောင်ကိုရီးယားလုပ်ငန်းများ အရှေ့တောင်အာရှ ဈေးကွက်ထိုးဖေါက်နိုင်ရေး အတွက် ၎င်း၏ အီးကောမာ့စ် ပလက်ဖေါင်းနှင့် အခြေခံအဆောက်အအုံများကို တောင်ကိုရီးယား အရောင်းလုပ်ငန်းများ အား အသုံးပြုခွင့်ပေးမည်ဖြစ်သည်။
You may also like these stories:
တောင်ကိုရီးယား သမ္မတ စက်တင်ဘာ ၃ တွင် မြန်မာနိုင်ငံသို့ လာရောက်မည်
ထိုင်းဝန်ကြီးချုပ်သစ် ပရာယွဒ် ပြန်ဖြစ်ရင် ဘယ်လောက်ခံမလဲ