တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လိပ်ကျွန်းလူသတ်မှု နောက်ဆုံးအယူခံ ရှူံးနိမ့်ခဲ့သော မြန်မာနိုင်ငံသား ၂ ဦးကို သက်ညှာခွင့်ပေးရန် အတွက် ထိုင်းဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေး ဝန်ကြီးလည်း ဖြစ်သည့် ပရာယွတ်ချန်အိုချာထံ တောင်းဆိုခဲ့ကြောင်း သတင်းရရှိသည်။
သတ္တမအကြိမ်မြောက် ထိုင်း–မြန်မာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး တက်ရောက်ရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ရောက်ရှိနေသည့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က စက်တင်ဘာ ၃ ရက်နေ့က အစိုးရအိမ်တော်တွင် ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် တွေ့ဆုံရာတွင် ယင်းကိစ္စကို ထည့်သွင်း တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်တွင် ပါရှိသည်။
တပ်ချုပ်က “ထိုင်းနိုင်ငံတွင် သေဒဏ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသော မြန်မာနိုင်ငံသား ၂ ဦး အား နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုများကို ထောက်ထားပြီး သက်ညှာပေးရန် စဉ်းစားပေးစေလိုကြောင်း၊ တရားဥပဒေနှင့်အညီ ကူညီစောင့်ရှောက်ပေးစေလို ကြောင်း” တောင်းဆိုခဲ့ခြင်း ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် တပ်မတော်အရာရှိကြီးတချို့ တက်ရောက်ခဲ့သလို ထိုင်းနိုင်ငံ ဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးနှင့် အတူ ဒုတိယကာကွယ်ရေးဝန်ကြီး၊ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Ponpipaat Benyasri နှင့် ထိုင်းနိုင်ငံအစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ ထိုင်းဘုရင့်တပ်မတော် မှ အရာရှိကြီးများ တက်ရောက် ကြကြောင်းသိရသည်။ ထိုခရီးစဉ်တွင်လိုက်ပါသွားသော ဗိုလ်ချုပ်ကြီး မြထွန်းဦး ကလည်း စက်တင်ဘာ ၃ ရက်နေ့က
လိပ်ကျွန်းလူသတ်မှုဖြင့် သေဒဏ်ချမှတ်ခြင်း ခံထားရသူ ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား နွန်ဌာဘူရီခရိုင်၊ ဘန်ခဝမ်ဗဟို အကျဉ်းထောင် ( Bang Kwang Central Prison) ၌ သွားရောက် တွေ့ဆုံ၍ နိုင်ငံတော် အစိုးရအနေဖြင့် ထိုင်းဘုရင်မင်းမြတ်ထံသို့ အယူခံဝင်နိုင် ရေးအတွက် ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံရှိ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကူညီဆောင်ရွက်ပေးရန် ပြောကြားထားကြောင်း အားပေးစကား ပြောခဲ့သည်ဟု ဆိုသည်။
ကိုဇော်လင်းနှင့် ကိုဝင်းဇော်ထွန်းတို့ ၂ ဦးကိုလည်း ဘန်ခဝမ်အကျဉ်းထောင်အတွင်း၌ ကျန်းမာရေးကောင်းမွန်စွာ တွေ့ရှိခဲ့ရသလို အကျဉ်းထောင်မှ ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကိုလည်း ကောင်းမွန်စွာ လိုက်နာကြောင်းနှင့် ၎င်းတို့နှစ်ဦးကိုလည်းကောင်းမွန်စွာ ထိန်းသိမ်းထားရှိကြောင်း အကျဉ်းထောင် ညွှန်ကြားရေးမှူးဖြစ်သူ Mr. Sophoon Yimpreecha ပြောကြောင်း ဖော်ပြထားသည်။
ထိုင်းနိုင်ငံ၊ Koh Tao ကျွန်း (လိပ်ကျွန်း) ၌ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလ ၁၅ ရက်က ဗြိတိန်နိုင်ငံသားနှစ်ဦးဖြစ်သည့် အသက် ၂၄ နှစ်အရွယ် ဒေးဗစ်မေလာနှင့် အသက် ၂၃ နှစ်အရွယ် ဟန်နာ ဝစ်သာရစ်ဂျ် အသတ်ခံခဲ့ရမှုတွင် ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေတရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် သေဒဏ်ချမှတ်ခဲ့ကာ ထိုင်းနိုင်ငံ၊ နွန်ဌာဘူရီခရိုင်၊ ဘန်ခွမ်ဗဟို အကျဉ်းထောင်တွင် အကျဉ်းကျခံနေရခြင်းဖြစ်သည်။
သေဒဏ်မှ လွတ်မြောက်ရေးအတွက် အယူခံအဆင့်ဆင့် ဝင်ခဲ့သော်လည်း သြဂုတ်လ ၂၉ ရက်တွင် ထိုင်းအမြင့်ဆုံး တရားရုံးဖြစ်သည့် ဗဟိုတရားရုံးက အယူခံကို အောက်ရုံးတော်၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်မည်ဟု အမိန့်ချမှတ်ခဲ့သဖြင့် ၎င်းတို့နှစ်ဦး လွတ်မြောက်ရေးအတွက် နောက်ဆုံးနည်းလမ်းဖြစ်သည့် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာ တင်မည်ဟုလည်း ၎င်းတို့၏ ရှေ့နေများက ပြောကြားထားပြီး အစိုးရကလည်း ဆက်လက် ကူညီမည်ဟု ပြောဆိုထားပြီးဖြစ်သည်။
လိပ်ကျွန်းအမှုတွင် မျိုးဗီဇ DNA ဆိုင်ရာ ကွဲလွဲချက်များရှိနေခြင်း၊ အမှု စစ်ဆေးစဉ်အတွင်း အတင်းအဓမ္မ ဝန်ခံခိုင်းခြင်း စသည့် များကြောင့် ၎င်းတို့အား လွှတ်ပေးရန် တောင်းဆိုမှုများ ဆက်တိုက်ရှိနေသည်။ ၂၀၁၅ ခုနှစ်နှောင်းပိုင်းကလည်း ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့တွင် ၎င်းတို့ လွတ်မြောက်ရေး တောင်းဆိုမှုများ ရှိခဲ့သည်။ ယခုအပတ်တွင်လည်း ထိုင်းဘုရင်မှ သက်ညှာပေးပါရန် တောင်းဆိုမှုများ ရန်ကုန်မြို့တွင် ဆက်လက်ပြုလုပ်ခဲ့သည်။
အစိုးရကလည်း ၎င်းတို့အမှုများ ဆက်လက်ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဦးရေနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေက နေပြည်တော်တွင် စက်တင်ဘာ ၂ ရက်က သတင်းထောက်များအား ပြောဆိုထားသည်။
တပ်ချုပ်၏ လိပ်ကျွန်းအမှုတွင် ကူညီမှုများသည် ယခုမှမဟုတ်။ မြန်မာအလုပ်သမား နှစ်ဦးအား သေဒဏ်ချမှတ်ခဲ့အပြီး ၂၀၁၅ ခုနှစ် ဒီဇင်ဘာလကလည်း ၎င်းတို့အမှုတွင် ထိုင်းအာဏာပိုင်များက ထိုင်းဥပဒေအရ မျှမျှတတ ဆောင်ရွက် ပေးပါရန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထိုင်းကာကွယ်ရေးဝန်ကြီးထံသို့ စာပေးပို့ခဲ့ဖူးသည်။ အမှု စတင်ဖြစ်ပွားပြီး လပိုင်းအတွင်း လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေး ကော်မတီထံ အမေရိကန်ဒေါ်လာ ၅ ထောင် ထည့်ဝင်ခဲ့သေးသည်။
ထိုအဖွဲ့တွင် ပါဝင်ခဲ့သူ ထိုင်းနိုင်ငံတောင်ပိုင်း အခြေစိုက် ပညာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) အဖွဲ့ ဒါရိုက်တာ ဦးထူးချစ် က “ကလေးနှစ်ယောက်လွတ်မြောက်ဖို့အတွက် ဘယ်ပုဂ္ဂိုလ် ဘယ်အဖွဲ့ အစည်းကဖြစ်ဖြစ် ကူညီပါ။ တွေ့တာ အများကြီး ကောင်းတယ်။ ဒါ လုံး၀ သေချာတယ်။ ကလေးတွေကို ကျနော် အားပေးပြောခဲ့သလိုပဲ (သူတို့ကို) မသတ်ဘူး ဆိုတာ။ အခုလို တပ်မတော်က ထိထိရောက်ရောက် ကူညီတာက ကလေးတွေ လွတ်မြောက်ဖို့ ပိုပြီး အခွင့်အရေးရလာမယ်လို့ မျှော်လင့်တယ်” ဟု ဆိုသည်။
ထိုင်းနိုင်ငံနှင့် ဆက်ဆံရေး အဆင်ပြေသည့်အပြင် မကြာသေးမှီက ကွယ်လွန်ခဲ့သော ထိုင်းဘုရင့်အတိုင်ပင်ခံ ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Prem Tinsulanonda ၏ မွေးစားသားအဖြစ် သမုတ်ခံထားရသည့် အတွက် တပ်ချုပ်၏ ပြောဆိုမှုသည် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အတွက် တစုံတရာ ထိရောက်မည်ဟု ဦးထူးချစ်က သုံးသပ်သည်။
ထိုင်းဘုရင့်ထံအသနားခံစာ တင်ရေးအတွက် ၂ လ အချိန်ရသည့်အတွက် ယခုအပတ်အတွင်း ထိုင်းရှေ့နေများကောင်စီမှ ရှေ့နေများနှင့် အသနားခံစာ တင်မယ့်ကိစ္စကို ဆက်လက်ဆောင်ရွက်ကြမည် ဟုလည်း လိပ်ကျွန်းအမှုကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးဘက်မှတဆင့် လိုက်ပါဆောင်ရွက်ပေးနေသည့် ရှေ့နေ ဦးအောင်မျိုးသန့်ထံမှ သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဆောင်ပြီး ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ဘန်ခဝမ်အကျဉ်းထောင်တွင် သွားရောက်တွေ့ဆုံရန် ရှိသည်ဟုလည်း သိရသည်။ သြဂုတ်လ ၂၉ ရက်က အယူခံဆုံးဖြတ်ချက် တရားခွင်သို့ မြန်မာသံမှူးကြီး ဦးအောင်ကျော်သူရလည်း လာရောက်ခဲ့ပြပြီး လူငယ်နှစ်ဦးနှင့်လည်း တွေ့ဆုံခဲ့သေးသည်။
ရှေ့နေ ဦးအောင်မျိုးသန့်က “သံအမတ်ကြီးက နိုင်ငံတော်အစိုးရကိုယ်စားနေတာပါ။ သူ့အနေနဲ့ ဆောင်ရွက်သင့်တာ ဆောင်ရွက်ပါတယ်။ ၂၉ ရက်နေ့က ထိုင်း တရားရုံးက အမိန့်ကို ခု ဘာသာပြန်ပြီးသွားပြီ။ သံရုံးထဲမှာပဲ ဘာသာပြန်ပြီးသား ရှိနေပါတယ်။ မနက်ဖန် (စက်တင်ဘာ ၅ ရက်) မှာ သံအမတ်ကြီး ဦးမျိုးမြင့်သန်း။ အလုပ်သမား သံအရာရှိ ဦးမျိုးမြင့်နိုင်နဲ့ ကျနော်တို့ ဘန်ခဝမ် အကျဉ်းထောင်မှာရှိတဲ့ ကလေးတွေကို သွားတွေ့ဖို့ စီစဉ်နေပါတယ်။ အဲဒါပြီးတာနဲ့ ကလေးတွေနဲ့ ကလေးမိဘ (မိခင် မုဆိုးမ ၂ ယောက်) နဲ့လည်း တွေ့ဖို့ သံအမတ်ကြီး စီစဉ်ဆောင်ရွက်နေပါတယ် ခင်ဗျ” ဟု ဧရာဝတီသို့ ပြောသည်။
You may also like these stories:
လိပ်ကျွန်းအမှု နောက်ဆုံး အယူခံ ရှူံးနိမ့်၊ ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံမည်
ကလေးတွေက ဒီလူသတ်မှုမှာ လုံးဝမပါဘူး
လိပ်ကျွန်း လူသတ်မှု သေဒဏ်ကျသူများ အယူခံ ရလဒ် စောင့်ရင်း ထိတ်လန့်တုန်လှုပ်နေ