ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်း လုပ်ငန်းတာဝန်မှ နုတ်ထွက်ခွင့်ပေးရန် စက်တင်ဘာလ ၃ ရက်က တင်ပြထားသည်မှာ မှန်ကန်ကြောင်း နေပြည်တော်ရှိ အစိုးရ သတင်းရင်းမြစ် တချို့ထံက သိရသည်။
“သူ(ဦးစိုးသိမ်း)က နုတ်ထွက်စာကို ဥက္ကဋ္ဌဆီကိုပဲ တိုက်ရိုက်တင်တာလို့ သိရတယ်။ ဥက္ကဋ္ဌကလည်း အပေါ်ရုံး (သမ္မတရုံး)ကို ဆက်တင် မပေးလောက်ဘူး။ ခွင့်မပြုချင်တဲ့ သဘောပေါ့။ ဒီနေ့လည်း ရုံးမ တက်လို့ နေ့လယ်ပိုင်းကို ဦးစိုးသိမ်းကို ရုံးကို ဥက္ကဋ္ဌက ခေါ် ထားတယ်လို့ ကြားပါတယ်”ဟု အစိုးရ သတင်းရင်းမြစ်တဦးက ယနေ့ နံနက်ပိုင်း တွင် ပြောသည်။
ထိုသို့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၏ နုတ်ထွက်စာတင်မှုအား ဗဟိုဘဏ်က ခွင့်ပြုနိုင်ဖွယ် မရှိကြောင်းလည်း ၎င်းက ဆိုသည်။
လုပ်ငန်းရှင်များအား ထုတ်ချေးထားသည့် ဘဏ်ချေးငွေနှင့် ပတ်သက်၍ ပြည်သူ့ လွှတ်တော်၌ ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်း၏ ဖြေကြားချက်သည် ဗဟိုဘဏ်၏ ရပ်တည်ချက်နှင့် ကိုက်ညီမှု မရှိကြောင်း ဗဟို ဘဏ်၏ စက်တင်ဘာလ ၂ ရက်က ထုတ်ပြန်မှု အပြီး ယခုလို နုတ်ထွက်စာတင်မှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။
သြဂုတ်၂၇ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဗဟိုဘဏ်အနေဖြင့် ပြန်မဆပ် နိုင်သည့် ချေးငွေ (NPL) ကို သတ်မှတ်ရာတွင် ဘဏ်တခုချင်းစီ၏ သဘောသဘာဝအပေါ် မူတည်၍ သတ်မှတ်ပေးနိုင်င်ခြင်း ရှိ မရှိ မေးခွန်းတခုကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မြင့်က မေးမြန်းခဲ့သည်။
ယင်းမေးမြန်းချက် အပေါ် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်းက လက်ရှိ လုပ်ငန်းရှင်များ၏ အခက်အခဲ များကို သိရှိပါ ကြောင်း၊ သို့သော်လည်း ဘဏ်များက ထုတ်ချေးပေးထားသည့် ငွေကြေးသည်ဘဏ်၏ ပိုက်ဆံများ မဟုတ်ဘဲ အများ ပြည်သူများ အပ်နှံထားသည့် ငွေကြေးများ ဖြစ်ကြောင်း ဖြေကြားခဲ့ သည်။
ထို့နောက် ကိုယ်စားလှယ် ဦးမောင်မြင့်၏ ဆက်စပ်မေးခွန်းကို ဖြေကြားရာတွင် ဗဟိုဘဏ်အနေဖြင့် လုပ်ငန်းရှင်များ၏ ပြဿနာများကို တတ်နိုင်သလောက် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း၊ အချိန်လည်း အများကြီးစောင့်ခဲ့ပြီး ဖြစ်၍ နောက်ထပ် အလျှော့ပေးပြီး ဆောင်ရွက်ရန် အနေအထားမျိုးမရှိကြောင်း ပြောသည့်အခါ ယင်းဖြေဆိုမှုသည် ဘဏ်လုပ်ငန်း ရှင် အသိုင်းအဝိုင်းကြား၌ ရိုက်ခတ်မှုများ ဖြစ်ပေါ်ခဲ့သည်။
ဦးစိုးသိန်းနှင့် ရင်းနှီးသူ နေပြည်တော်မှ အစိုးရ အရာရှိတဦးက “အဲဒီနေ့က ပထမမေးခွန်းက ရေးလာ တဲ့ မေးခွန်း။ ဘာပြဿနာမှ မရှိဘူး။ ထပ်ဆင့်မေးခွန်းကျတော့ သူ့သဘောနဲ့သူ ဖြေတာ ဖြစ်သွား တယ်။ ဗဟိုဘဏ်ဆိုတာဟာ ဘဏ်တွေကို အားလုံးကို အုပ်ချုပ်ရတော့ ဘဏ်တွေ တခုခု ဖြစ်မယ်ဆို ရင် မဖြစ်ဘူးပဲ ပြောရမှာကို ဘဏ်တွေ ဖြစ် လည်း မတတ်နိုင်ဘူး၊ ဘဏ်စည်းမျဉ်းက လျှော့လို့ မရဘူးဆိုတော့ အားနည်းနည်းပါသွားတာ”ဟု သုံးသပ်ပြော ဆိုသည်။
ယင်းနေ့က ဦးစိုးသိမ်း၏ ပြောဆိုချက်သည် မမှားသော်လည်း လွှတ်တော်လို နေရာမျိုးတွင်မူ မပြော သင့် ကြောင်း၊ ၎င်း၏အကြောင်းကို သိသူဖြစ်၍ ဦးစိုးသိမ်းမှာ သူမှန်ကန်သည်ဟု ယူဆပါက အစည်း အဝေးများတွင် ဗဟို ဘဏ် ဥက္ကဋ္ဌကိုပင် ပြန်ပြော ဆွေးနွေးမှုများ လုပ်သည်ကို မြင်ဖူးကြောင်းလည်း ၎င်းက ပြောသည်။
ဦးစိုးသိမ်း အဓိက နုတ်ထွက်ရသည့်အကြောင်းရင်းမှာ စက်တင်ဘာ၂ ရက်က ထုတ်ပြန်လိုက်သည့် ဗဟိုဘဏ်၏ ကြေညာချက်တွင် ဗဟိုဘဏ် ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်း၏ ဖြေကြားမှုမှာ ဗဟိုဘဏ်၏ “ရပ်တည်ချက်နှင့် ပြည့်ဝစွာ ကိုက် ညီမှုမရှိ” ဆိုသည့် စကားလုံး ကြောင့် ဖြစ်နိုင်ကြောင်း ဘဏ်အသိုင်းအဝိုင်းက သုံးသပ်ပြောဆိုကြသည်။
ဦးစိုးသိမ်းနှင့် ရင်းနှီးသူတဦးက “ဗဟိုဘဏ်က ဒီလို ထုတ်ပြန်လိုက်တော့ သူဆက်နေခြင်း မနေခြင်း က သူ့ဆုံးဖြတ်ချက်၊ သူ့ဂုဏ် သိက္ခာနဲ့ ဆိုင်သွားပြီ။ ဒီလိုမျိုးကြီး အရေးခံလိုက်ရတော့ သူဆက်နေ မယ်၊ မနေဘူးက မှန်းရခက်သွားပြီ။ ကျနော်ကတော့ တခါတလေ မှားသွားလည်း အဆူခံလိုက်မယ် ဆိုပြီး ဆက်လုပ်စေချင်တာ” ဟု ဆိုသည်။
စက်တင်ဘာလ ၃ ရက်က နေပြည်တော်ရှိ ဗဟိုဘဏ်တွင် ပြည်သူလွှတ်တော်၊ ဘဏ်များနှင့် ငွေကြေး ဆိုင်ရာ ကော် မတီတို့နှင့် ဘဏ်ဥက္ကဋ္ဌများ၊ ဒု ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ အလုပ်သ ဘော တွေ့ဆုံရာတွင် ဦးစိုးသိမ်း လည်း တက်ရောက်ခဲ့သည်ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ကလည်း ပြောသည်။
သို့သော် ယင်းနုတ်ထွက်သည့် ကိစ္စကို မသိရှိရဘဲ ညနေမှ သတင်းကြားသဖြင့် ဘဏ် ဒုဥက္ကဋ္ဌ တဦး ထံ မေးမြန်း ကြည့်ရာ ဟုတ်မှန်သည်ဟု သိရကြောင်း၊ ဦးစိုးသိမ်းက နုတ်ထွက်လွှာကို ဗဟိုဘဏ် ဥက္ကဋ္ဌထံသို့ တိုက်ရိုက် တင်ပြခဲ့ သည်ဟုလည်း ယင်းကိုယ်စားလှယ်က ဆိုသည်။
နောက်ဆုံးရရှိသည့် အချက်အလက်များအရ ဦးစိုးသိမ်းသည် ယနေ့နေ့လယ်ပိုင်းတွင် ဗဟိုဘဏ်သို့ လာရောက်ခဲ့ပြီး စာရွက်စာတမ်းတချို့ကိုလည်း သိမ်းဆည်းသွားကြောင်း၊ ဗဟိုဘဏ် ဥက္ကဋ္ဌနှင့်လည်း ဝင်ရောက် တွေ့ဆုံခဲ့သလို ၎င်း၏ နုတ်ထွက်စာကို သမ္မတရုံးသို့ ဆက်တင်ပေးမည့် အခြေအနေမျိုး လည်း ရှိကြောင်း စုံစမ်း သိရရှိရသည်။
ဒု ဥက္ကဋ္ဌ ဦးစိုးသိမ်းသည် ဗဟိုဘဏ် တာဝန်ရှိသူ မဖြစ်ခင်က အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ် (AGD) ဘဏ်တွင် အတိုင်ပင်ခံအဖြစ် ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပြီး အစိုးရ၏ ဘတ်ဂျက်ဌာနတွင် လည်း လုပ်ငန်းအတွေ့အကြုံများစွာ ရှိသူတဦးလည်း ဖြစ်သည်။
ဗဟိုဘဏ်ဖြစ်စေ၊ မည်သည့် ဌာနဖြစ်စေ လွှတ်တော်သို့ လာရောက်ပြီး တရားဝင် ဖြေကြားသည့် ကိစ္စ များတွင် အချက်အလက် မှန်ကန်ရန် လိုသလို ဌာန၏ မူဝါဒများနှင့်လည်း ကိုက်ညီရန် လိုကြောင်း၊ လွှတ်တော်သည် ပြည်သူ၏ အာရုံ စိုက်သည့်နေရာတခု ဖြစ် သဖြင့် ဖြေကြားသည့် ပုဂ္ဂိုလ်၊ ဖြေကြား သည့် ဌာနများအနေဖြင့် တာဝန်ယူ၊ တာဝန်ခံနိုင်ရန် လိုကြောင်း ပြည်သူလွှတ်တော်၊ ဘဏ် များနှင့် ငွေကြေးဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ယနေ့ လွှတ် တော်အပြီးတွင် သတင်းထောက်များကို ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန် – ဘဏ်ချေးငွေကိစ္စ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ ဖြေရှင်းချက်သည် ဗဟိုဘဏ် ရပ်တည်ချက် မဟုတ် ဟုဆို