သတင်း

မူးယစ်ဆေးဂိုဏ်းမှ ထိုင်း ၁၃ဦးကို ဝတပ်ဖွဲ့မှ တပ်မတော်သို့ လွှဲပြောင်းပေး

Want create site? Find Free WordPress Themes and plugins.

ထိုင်းမြန်မာနယ်စပ် ရှမ်းပြည်နယ် အရှေ့ပိုင်း လွယ်လျန်းဒေသတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) အဖွဲ့မှ ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးဂိုဏ်းမှ ထိုင်းနိုင်ငံသား ၁၃ ဦးကို မိုင်းတုံမြို့နယ် အခြေစိုက် တပ်မတော်နှင့် လုံခြုံရေး ရဲတပ်ဖွဲ့များထံသို့ လွှဲပြောင်းပေးလိုက်ကြောင်း သိရသည်။

သြဂုတ်လ ၂၆ ရက်နေ့ မြန်မာနှင့် ထိုင်းနိုင်ငံသားများ ပါဝင်သည့် လက်နက်ကိုင်ဆောင်ထားသည့် မူးယစ်ဆေးဝါးဂိုဏ်း သည် လွယ်လျန်းဒေသမှ တဆင့် တဖက်နိုင်ငံရှိ ချင်းမိုင်ခရိုင် မယ့်အိုင်ဒေသသို့ တောလမ်းမှ တဆင့် မူးဆေးဝါးများ ပို့ဆောင်စဉ် UWSA အဖွဲ့ဖြင့် တိုက်ပွဲဖြစ်ကာ ၅၃ဦး ဖမ်းဆီး ခံခဲ့ရခြင်းဖြစ်သည်။

UWSA အဖွဲ့၏ လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက “စက်တင်ဘာ ၃ ရက်နေ့က ကျနော် တို့ လွှဲလိုက်တာပါ။ ၁၃ ဦးလုံးက ထိုင်းနိုင်ငံသားတွေပါ။ ကျန်တဲ့ ၃၀ ကျော်ကိုတော့ ကျနော်တို့ ထပ်စစ်ဆေးနေပါတယ်၊ ကျနော်တို့ဘက် ကတော့ လွှဲအပ်လိုက်တဲ့ အစိုးရတပ်မတော်ဘက်က ဘယ်လို စီစဉ်မလဲဆိုတာတော့ မသိသေးပါဘူး။ ဖမ်းမိတဲ့ ထိုင်းနိုင်ငံ သားတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ လက်နက်တွေပါ လွှဲလိုက်တာပါ”ဟု ဆိုသည်။

မူူးယစ်ဆေးဝါး၊ လက်နက်များနှင့်အတူ ဖမ်းဆီးရမိစဉ်က ထိုင်းနိုင်ငံသား ၁၄ ဦးနှင့် မြန်မာနိုင်ငံ သား ၃၉ ဦးတို့ပါဝင်ခဲ့ပြီး ကျန်ရှိနေသေးသည့် သူများကိုတော့ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည့် အတွက် မည်ကဲ့သို့ စီစဉ်မည်ကိုတော့ အတိအကျ မပြောနိုင်သေးဟု သူက ဆက်ဆိုသည်။

အဆိုပါ အဖွဲ့ကို ဖမ်းဆီးစဉ်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိုင်းနိုင်ငံဘက်သို့ မူးယစ်ဆေးဝါးများနှင့်အတူ ရောက်ရှိသွားသည့် သူများလည်း ရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံထဲသို့ ရောက်သွားသည့် အဖွဲ့မှာလည်း ထိုင်းရဲတပ်ဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီး တဦးသေဆုံးကာ စိတ်ကြွဆေး ၁၀သန်းကျော် ဖမ်းဆီးရမိသည်ဟု ကြားကြောင်း ဦးညီရန်းက ပြောသည်။

ဦးညီရန်းက “တချို့ဟာတွေ ဘယ်လိုဆက်လုပ်မလဲ အတိကျကတော့ ကျနော့်အနေနဲ့ သေသေချာချာ မပြောနိုင်သေးဘူး။ ကျနော့်ဆီ သတင်းပို့တဲ့ အချက်တွေပေါ်ပဲ ကျနော်ပြောနိုင်သေး တယ်” ဟု ဆိုသည်။

ဖမ်းဆီးရမိမှုတွင် မိုဘိုင်းဖုန်းများ၊ ပစ္စတိုများ၊ AK 47 ရိုင်ဖယ်၊ M16 ရိုင်ဖယ်၊ MA ရိုင်ဖယ်များနှင့် M79 လောင်ချာများ၊ ကျည်ဆံများ၊ ဗုံးသီးများလည်း ပါဝင်ခဲ့ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Thaivisa သတင်းဌာနက ဖော်ပြခဲ့သည်။

ယခုလဆန်းပိုင်းကလည်း တာချီလိတ်မှ ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဒေသသို့ ဆိုင်ကယ်ဖြင့် မြန်မာအစား အသောက်များနှင့်အတူ ဘိန်းစိမ်းများ သယ်ဆောင်လာသည့် မြန်မာအမျိုးသမီး ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့မှ ဖမ်းဆီးခဲ့သည်။

ဆက်စပ်ဖတ်ရှု့ရန်

ထိုင်းမြန်မာနယ်စပ်တွင် မူးယစ်ဆေးများနှင့် လက်နက်ကိုင် ၅၃ ဦးကို UWSA ဖမ်းဆီး

Did you find apk for android? You can find new Free Android Games and apps.
Loading