ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့အထွက် မူဆယ်မြို့ဘက်သို့ အသွား ပြည်ထောင်စုလမ်းမကြီးပေါ်က ရှုခင်းသာ (တောင်ကြော) တွင် ယာဉ် ၇ စီးကို စက်တင်ဘာလ ၃ ရက် ညနေ ၇ နာရီကျော်က မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ မီးရှို့ဖျက်ဆီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့ခံရသော ယာဉ် ၇ စီးမှာ ၁၂ ဘီးကား ၄ စီး၊ ခွေးဘီလူး ၁ စီး၊ ဗင်ကား ၁ စီး၊ အံစာတုံး ၁ စီးတို့ ပါဝင်ပြီး ကားဆရာများ၏ ဖုန်းများကိုလည်း မြောက်ပိုင်းမဟာမိတ် အဖွဲ့က ယူဆောင်သွားကြောင်း ကားသမားများ၏ ပြောပြချက်များကို ကိုးကား၍ ဒေသတွင်း သတင်း ရင်းမြစ်များက ပြောသည်။
တပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “မန္တလေး-လားရှိုး-မူဆယ် လမ်းပေါ်မှာ အကြောင်းမဲ့ကားတွေ ကို မီးရှို့တာ ၄ ကြိမ်ရှိပြီ။ အများအားဖြင့် TNLA နဲ့ MNDAA တို့ ပေါင်းလုပ်တာ များတယ်” ဟု ဧရာဝတီကို ပြောသည်။
၎င်းက ဆက်လက်၍ “စက်တင်ဘာ ၃ ရက် မနက် ၈ နာရီမှာ ၁၂ ဘီးတွေ ပစ်ခတ်တဲ့အပြင် ဆတ်ကြေး ယူသွားသေး တယ်။ သူကတော့ အဲဒီလမ်းကြောင်းက ရှည်တော့ တပ်အနေနဲ့ လုံခြုံရေးကို ပိုက်စိတ်တိုက် ချထားဖို့ မဖြစ်နိုင်ဘူး။ သောင်းကြမ်းသူဆိုတာ ၃၊ ၄ ယောက်လောက်နဲ့ ဝင်လာပြီး လုပ်လို့ရတာပဲ။ အဲဒီလမ်းကြောင်းမှာ အချက်ချာကျတဲ့ နေရာ တွေလောက်ပဲ လုံခြုံရေးက ဆောင်ရွက်ပေးနိုင်တယ်။ အဓိကတော့ တပ်ကို တိုက်ခိုက်တာ မဟုတ်ဘဲနဲ့ လမ်းကြောင်းပေါ် မှာပဲ အားနည်းတဲ့သူတွေကို တိုက်ခိုက်နေတာ” ဟု ပြောဆိုသည်။
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့မှ အဖွဲ့ဝင် ပလောင် (တအန်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်က မဟာမိတ်အဖွဲ့ ထိုသို့ မလုပ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ဒီဟာကတော့ တပ်မတော်ဘက်က တောက်လျှောက် အမြဲတမ်း စွပ်စွဲနေတဲ့ဟာပါ။ ဒါက သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်ပဲ ဖြစ် တယ်။ မနေ့က ဖြစ်စဉ်ကတော့ ၇ နာရီခွဲလောက်ကနေ ကျနော်တို့က ၈ နာရီထိုးဖို့ ၁၀ မိနစ်လောက်ပေါ့နော်။ အဲဒီမှာ တပ် နဲ့ တိုက်ပွဲတွေ ဖြစ်တယ်။ နမ့်ကွတ်နားမှာ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်တယ်။ အဲဒီမှာ ဘယ်သူလုပ်ရပ်လည်း တော့ မသိဘူး။ ကားကို ထိမှန်ပြီးတော့ မီးလောင်သွားတယ် ဆိုပြီးတော့ ကျနော်တို့ သိရတယ်။ အဲဒီတုန်းက၂ စီးလောင်နေ တယ်။ ၇ စီး ဟုတ်မဟုတ်တော့ မသိဘူး” ဟု ၎င်းက ဆိုသည်။
ကွတ်ခိုင်မြို့ တိုက်ပွဲရှောင်ပြည်သူများ အရေးပေါ် ကယ်ဆယ်ရေး အသင်းမှ “ဖြစ်တဲ့အထဲက ကားသမားတွေ မေးကြည့်တဲ့ အခါကျတော့ သူတို့ ဗမာစကားတော့ ပြောတယ်ပေါ့။ အသံ ဝဲတယ်၊ ဦးထုပ်ကလည်း တပ်မတော်နဲ့ မတူဘူးပေါ့။ လျှာပါတဲ့ ဦးထုတ်ဆောင်းထားတယ် လို့ ပြောကြတယ်” ဟု ဧရာဝတီသို့ ပြောသည်။
သြဂုတ်လတွင်းကလည်း မူဆယ်မှ လား ရှိုးသို့ မောင်းလာသည့် ကား ၃ စီးကို နမ့်ဖတ်ကာ အထွက်၌ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က တားဆီးခဲ့ပြီး ယာဉ်မောင်းကို သေနတ်ဖြင့် ရိုက်နှက်ခဲ့သလို ကားများလည်း မီးရှိူ့ခံခဲ့ရကြောင်း ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် ယာဉ်မောင်းတဦးက ဧရာဝတီကို ပြောဆိုထားသည်။
မြောက်ပိုင်းသုံးဖွဲ့သည် ၂၀၁၉ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် ပြင်ဦးလွင်ရှိ တပ်မတော် နည်းပညာတက္ကသိုလ်နှင့် တိုးဂိတ်၊ မူးယစ်ဂိတ်များ အပါအဝင် နောင်ချိုရဲစခန်း၊ တိုးဂိတ်နှင့် မြို့ရှောင်ဂိတ်စသည့် နေရာ ၆ နေရာကို တချိန်တည်း တိုက်ခိုက်ခဲ့ ပြီးနောက် ယနေ့ချိန်(စက်တင်ဘာလ ၄ ရက်)အထိ မူဆယ်-မန္တလေး ပြည်ထောင်စု လမ်းမပေါ်၌ တပ်မတော်နှင့် တိုက်ပွဲ များ ဖြစ်ပွားလျက် ရှိသည်။
အဆိုပါ တိုက်ပွဲများကြောင့် အရပ်သား သေဆုံးမှု ၁၁ ဦး ရှိပြီး၊ မီးရှို့ဖျက်ဆီးခံရသည့် ကားအရေအတွက် ၃၇ စီး ရှိ ကြောင်း၊ ပျက်စီးသွားသည့် တံတား ၄ စင်း ရှိပြီး ထွက်ပြေးတိမ်းရှောင်နေသူ ၅၂၀၇ ဦး၊ ပိတ်ထားရသည့် ကျောင်းပေါင်း ၁၂၀ ရှိပြီး ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၃၂၀ သန်း ဆုံးရှုံးထားကြောင်း Eastern Review က ၎င်းတို့ ပြုစုထားသည် စာရင်းကို ထုတ်ပြန်ထားသည်။
You May Also Like This Story:
ထိုးစစ်ရပ်မည်ဟု မြောက်ပိုင်းမဟာမိတ် ကြေညာ