သတင်း

မိုးကုတ်ကျောက်မျက် လုပ်ကွက်များ နည်းဥပဒေ ထွက်ပြီးမှ လုပ်ခွင့် ချပေးမည်

Want create site? Find Free WordPress Themes and plugins.

မန္တလေးတိုင်းဒေသကြီး မိုးကုတ်ဒေသတွင် ကျောက်မျက်လုပ်ကွက်များကို မြန်မာ့ကျောက်မျက်ရတနာ နည်းဥပဒေ ထွက် ရှိပြီးမှသာ လုပ်ပိုင်ခွင့်များ ချထားပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး သတ္ထုတွင်း ဦးစီးဌာနက သိရသည်။

မန္တလေးတိုင်းဒေသကြီး သတ္ထုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ က “မိုးကုတ်ဒေသမှာ လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်အဖြစ် လျာထားတဲ့ မြေဧကလည်း ထွက်နေပါပြီ။ သို့ပေမယ့် ကျောက်မျက် နည်းဥပဒေ ထွက်လာမှပဲ လုပ်ပိုင်ခွင့်တွေ ချထားပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ နည်းဥပဒေတွေကို လွှတ်တော်မှာ ဆွေးနွေးမှု တွေတော့ လုပ်နေပြီ။ ဘယ်အချိန်ထွက်မလဲ ဆိုတာတော့ မခန့်မှန်းနိုင်သေးပါဘူး၊ အမြန်ဆုံးတော့ ထွက်လာမှာပါ” ဟု ပြောသည်။

မိုးကုတ်ဒေသတွင် လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်များ ချထားပေးရန် ဧရိယာ ၃ ခု သတ်မှတ်ထား၍ ယခုနှစ် မတ်လအတွင်းက တိုင်းတာရေး လုပ်ငန်းများကိုလည်း လုပ်ဆောင်ထားပြီးဖြစ်ရာ ဧက ၈ သောင်းကျော် ရှိကြောင်း၊ မိုး ကုတ်ဒေသရှိ ဒေသခံများ အလုပ်အကိုင် ရရှိရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ တရားမဝင် တူးဖော်မှုများ မရှိစေရေး စသည့် ရည် ရွယ်ချက်များဖြင့် လက်လုပ်လက်စား ကျောက်မျက် လုပ်ကွက်များချထားပေးရန် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။

ညွှန်ကြားရေးမှူး ဦးမိုးဆွေ က “မိုးကုတ်က ကျောက်မျက်လုပ်ငန်း သီးသန့်ဖြစ်တဲ့အတွက် အဲဒီမှာ လုပ်ကွက်တွေ ချထား ပေးဖို့ ရေးဆွဲရတယ်။ ပထမအဆင့် အဖြစ် လုပ်ကွက် ဧရိယာသတ်မှတ်ထားပြီး ဖြစ်တဲ့အတွက်တော့ နည်းဥပဒေ ထွက်လာ ပြီ ဆိုတာနဲ့ အမြန်ဆုံး ချထားပေးနိုင်အောင် လုပ်သွားမှာပါ” ဟု ဆက်လက် ပြောသည်။

တိုင်းတာရေး လုပ်ငန်းများ လုပ်ဆောင်မှုအရ မိုးကုတ်ဒေသတွင် ပြည်ထောင်စုက စီမံခန့်ခွဲခွင့် ရှိသည့် အလတ်စား ကျောက်မျက်လုပ်ကွက် ဧရိယာ ၁၆၁၆၀ ဧကနှင့် တိုင်းဒေသကြီး အစိုးရက စီမံခန့်ခွဲနိုင်သည့် လက်လုပ်လက်စား လုပ် ကွက် ဧရိယာ ၈၂၂၁၉ ဧက ရှိကြောင်း သတ္ထုတွင်း ဦးစီးဌာန မှတ်တမ်းများ အရ သိရသည်။

အဆိုပါ လုပ်ကွက်များ အနက် ကျောက်မျက် တူးဖော်ထွက်ရှိသည့် လုပ်ကွက်များကို အလတ်စား ကျောက်မျက်လုပ်ကွက် ဇုန်များအဖြစ် သတ်မှတ်ထားပေးထားပြီး ကျောက်မထွက်သည့် မြေနေရာများကို လက်လုပ်လက်စား လုပ်ကွက်အဖြစ် သတ်မှတ်ပေးထားသည်ဟု ဒေသခံများက ပြောသည်။

မိုးကုတ်မြို့ဒေသခံ ဦးစိုးမြင့် က “အလတ်စား ကျောက်မျက်လုပ်ကွက် စာရင်းထဲမှာပါတဲ့ မြေနေရာတွေက ကျောက်ထွက် တာ ပိုများတယ်၊ ဒေသခံတွေအတွက် ချထားပေးမယ်ဆိုတဲ့ လက်လုပ်လက်စားလုပ်ကွက် ဆိုတဲ့နေရာတွေက ကျောက် မထွက်တဲ့နေရာတွေက ပိုများနေတယ်။ သူတို့သတ်မှတ်ထားတဲ့ နေရာတွေကိုလည်း ကွင်းဆင်းပြီး ပြန်ကြည့်စေချင်တယ်၊ အဲဒီလိုသာ ချထားပေးမယ်ဆိုရင် ကျနော်တို့ လက်ခံမှာ မဟုတ်ပါဘူး” ဟု ဧရာဝတီကို ပြောဆိုသည်။

လက်လုပ်လက်စား ကျောက်မျက်ရတနာ လုပ်ကွက်များ အဖြစ် ချထားပေးရန် လျာထားသည့် မြေဧက ၈၂၂၀၀ ကျော် သည် လောင်းစင်၊ ရေဝေ၊ ပင်သပြေ၊ ပိန်းမြစ် စသည့် နေရာများရှိ မြေဧကများဖြစ်ပြီး အဆိုပါမြေဧကများကို ဇုန် ၃ ခု ပိုင်း ခြားထားကာ ဇုန် ၁ တွင် ၆၅၆၂၈ ဧက၊ ဇုန်၂ တွင် ၁၀၁၅၃ ဧက၊ ဇုန် ၃ တွင် ၆၄၃၈ ဧက ပါဝင်မည် ဖြစ်ကြောင်း သတ္ထု တွင်း ဦးစီးဌာနမှ ထုတ်ပြန်ပေးထားသည့် မြေပုံများ အရ သိရသည်။

အလားတူ ပြည်ထောင်စုအဆင့်က စီမံခန့်ခွဲခွင့်ရှိသည့် ကျောက်မျက်ရတနာ အလတ်စား လုပ်ကွက်အဖြစ် မိုးကုတ်ဒေသ ၌ ဧက ၁၆၁၀၀ ကျော်ရှိရာ အဆိုပါ မြေဧကများကိုလည်း ဇုန် ၃ ဇုန်ခွဲခြားထားကာ ဇုန် ၁ တွင် ၁၅၉၃၆ ဧက၊ ဇုန် ၂ တွင် ၁၃၄ ဧက၊ ဇုန် ၃ တွင် ဧက ၉၀ တို့ ဖြစ်ကြသည်။

အဆိုပါကဲ့သို့ အဆင့် ခွဲခြား သတ်မှတ်ထားမှုကြောင့် ကျောက်မျက် ဥပဒေ အကြံပြုကော်မတီမှ ဦးဆောင်၍ မိုးကုတ်မြို့ရှိ အောင်ချမ်းသာ ဘုရားဝင်း အတွင်း၌ ဇူလိုင်လ ၂၈ ရက်က ပြုလုပ်ခဲ့သည့် ကျောက်မျက်ရတနာ နည်းဥပဒေနှင့် ပတ်သက် သည့် သတင်းစာ ရှင်းလင်းပွဲတွင် ကျောက်ထွက်သည့် လုပ်ကွက်များ၌သာ လက်လုပ်လက်စား လုပ်ကွက်များ ချထားပေး ရန် ဒေသခံများက တင်ပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။

မိုးကုတ်မြို့ ထာပွဲ (ရတနာပွဲ) ကျောက်ကုန်သည်၊ ပွဲစားများ အသင်း ဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့် က “သူတို့ ဘယ်လိုသဘောနဲ့ သတ်မှတ်ပေးခဲ့ကြတာလဲတော့ မသိဘူးပေါ့နော်။ ကျောက်ထွက်တဲ့ နေရာတွေကို အလတ်စားဇုန်လို့ သတ်မှတ်ထား တယ်။ တကယ်တမ်းက ဒေသခံတွေအတွက် လက်လုပ်လက်စား လုပ်ကွက်ဆိုတာကို ကျောက်ထွက်တဲ့နေရာမှာပဲ ပေး သင့်တာ။ လက်ရှိမှာတော့ ကျောက်ပြဿဒ်၊ ချောင်းကြီး၊ ဓာတ်တော် အစရှိတဲ့ ကျောက်ထွက်တဲ့ နေရာတွေမှာ အလတ် စား၊ အသေးစားနဲ့ လက်လုပ်လက်စားတွေကို ၃၃ ရာခိုင်နှုန်းစီ ခွဲပြီး ပေးဖို့ အကြံပြုပြီး တောင်းဆိုထားတယ်” ဟု ပြော သည်။

အလတ်စားလုပ်ကွက် အဖြစ် သတ်မှတ်ထားသည့် မြေဧရိယာများတွင် အသေးစားနှင့် လက်လုပ်လက်စား လုပ်ကွက်များ အဖြစ်ခွဲဝေချထားပေးရန် ဒေသခံများ၏ တင်ပြတောင်းဆိုမှုအပေါ် ပြည်ထောင်စုအဆင့်မှသာ ကိုင်တွယ် ဖြေရှင်းပေးနိုင် မည် ဖြစ်ပြီး အလတ်စားလုပ်ကွက်နှင့် လက်လုပ်လက်စား လျှောက်ထားမှုမှာ ၂၀၀ ခန့်ရှိကြောင်း၊ ဒေသခံများမှ တောင်း ဆိုနေသော နေရာများသည် ပြည်ထောင်စု အဆင့်က တိုက်ရိုက် သတ်မှတ်ပေးထားသော လုပ်ကွက်ဇုန်များ ဖြစ်သော ကြောင့် ပြင်ဆင်ပေးရန် မရှိသေးဟု သတ္ထုတွင်း ဦးစီးဌာနက သိရသည်။

သတ္ထုတွင်း ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမိုးဆွေ က “ကျောက်ဆိုတာကလည်း ပြောရ အင်မတန်ခက်ပါတယ်။ မျက်မြင်နဲ့ ထွက်မယ်၊ မထွက်ဘူး တပ်အပ်ပြောနိုင်တဲ့အရာမျိုး မဟုတ်ဘူး။ ကံက ၉၀ ရာခိုင်နှုန်းလောက် ရှိတယ်ဆိုတော့ လုပ်တဲ့ သူရဲ့ ကံအပေါ်မှာလည်း မူတည်ပါသေးတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ကတော့ မြေပြင်မှာ စစ်တမ်းလုပ်လို့ တကယ် မထွက်နိုင်တဲ့ နေရာဆိုလည်း ပြည်ထောင်စုက ယူထားတဲ့ ထွက်နိုင်တဲ့ နေရာတွေနဲ့ လွတ်ကင်းတဲ့ နေရာဆိုရင် လက်လုပ် လက်စား အတွက် ချထားပေးဖို့ စိစစ်ချထားရေး အဖွဲ့ကနေ ပြန်ပြီးတော့ အဆိုပြုသွားမယ်” ဟု ဆိုသည်။

မိုးကုတ်ဒေသတွင် ၁၉၉၅ ကျောက်မျက်ဥပဒေ ပြဋ္ဌာန်းပြီးချိန်မှ စတင်ကာ ဒေသခံများ တနိုင်တပိုင် ကျောက်မျက်တူးဖော် ခွင့်မရတော့ဘဲ အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်နှင့် ကုမ္ပဏီကြီးများသာ ကျောက်မျက် တူးဖော်လုပ်ကိုင်ခွင့် ရခဲ့ပြီး ပြန် လည်ပြင်ဆင်ပြဋ္ဌာန်းသည့် ကျောက်မျက် ဥပဒေအရ ဒေသခံများ အတွက် လက်လုပ်လက်စား လုပ်ကွက်များ ပါဝင်လာ ခြင်းဟု သိရသည်။
အလတ်စားလုပ်ကွက် လျှောက်ထားသော ကုမ္ပဏီသည် မန္တလေးတိုင်းအတွင်း မှတ်ပုံတင်ထားသော အများပိုင် ကုမ္ပဏီ ဖြစ်ရန် လိုအပ်ပြီး ဓာတ်သတ္တု အမျိုးအစားတမျိုးအတွက် လုပ်ကွက် တစ်ခုသာ ရရှိမည် ဖြစ်သည်။

ထို့အတူ လက်လုပ်လက်စား လုပ်ကွက်များ လျှောက်ထားခြင်းတွင် နိုင်ငံသား အိမ်ထောင်စု တစုလျှင် လုပ်ကွက် ၁ ကွက် သာ ခွင့်ပြုမည်ဖြစ်ပြီး အလတ်စား လုပ်ကွက်ရရှိထားသော ကုမ္ပဏီနှင့် ဒါရိုက်တာ အဖွဲ့ဝင်များ၊ လုပ်ကွက် လက်ဝယ်ရရှိပြီး သူများ လျှောက်ထား ခွင့်ပြုမည် မဟုတ်ကြောင်း သိရသည်။

မန္တလေးတိုင်း အတွင်း ရွှေ၊ ခဲ အပါအဝင် ဓာတ်သတ္တု အမျိုးအစား ၁၂ မျိုး ရှိပြီး အသေးစား လုပ်ငန်း လျှောက်ထားခြင်းအ တွက် ခွင့်ပြုသက်တမ်း ၅ နှစ်၊ လက်လုပ်လက်စား လျှောက်ထားခြင်းအတွက် ခွင့်ပြုသက်တမ်း ၁ နှစ် ဖြစ်ကြောင်း သိရ သည်။

Did you find apk for android? You can find new Free Android Games and apps.
Loading