ရန်ကုန်စည်ပင်သာယာရေး ကော်မတီအနေဖြင့် ဝန်ထမ်းစရိတ်များ လေလွင့်ဆုံးရှုံးခြင်း မရှိအောင် ပုံမှန်စစ်ဆေးမှုများ ပြုလုပ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သိရသည်။
ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန မှ တာဝန်ရှိသူတဦးက “အမြဲတမ်း နှစ်တိုင်း Audit တွေ စစ်ဆေးတာ ဖြစ်တဲ့ အတွက်ကြောင့် လစဉ် လတိုင်း၊ နေ့စဉ်နေ့တိုင်း Finger print များကို ဂရုတစိုက်နဲ့ ပြည်သူ့ဘဏ္ဍာများကို လေလွင့်ဆုံးရှုံးမှု နည်းပါးအောင် စစ်ဆေးကြပ်မတ် ဆောင်ရွက် လျက်ရှိပါတယ်” ဟု ပြောသည်။
ပြည်သူ့ဘဏ္ဍာ ထိန်းသိမ်းရသည့် ဌာနဖြစ်သည့်အတွက် Internal, External Audit လည်း အစစ် ခံရကြောင်း၊ စစ်ဆေး စဉ်တွင် ရုံးတွင်း စာရွက်စာတမ်းများ သာမက မြေပြင်တွင် ဝန်ထမ်းအင်အား အမှန်တကယ် ရှိ၊ မရှိကိုပါ စစ်ဆေးကြောင်း သိရသည်။
သန့်ရှင်းရေး အပါအဝင် အခြေခံလုပ်သားမှာ အလွန်ရှားပါးသဖြင့် နေစရာပေး စုစည်းထားရခြင်း ဖြစ်သဖြင့် လူစာရင်း ပိုပြသည့် အကျင့်ပျက်ခြစားမှုမျိုး YCDC တွင် မရှိကြောင်း ရန်ကုန် မြို့တော်ဝန် ဦးမောင်မောင်စိုးကလည်း ပြောသည်။
“နေ့စား လပေးဝန်ထမ်းတွေက နေ့စား ဖြစ်တဲ့အတွက် အပြောင်းအလဲတော့ ရှိမှာပဲ။ သို့သော်လည်း ဒီအပြောင်းအလဲက သိပ်မများဖို့ အရေးကြီးတယ်။ အပြောင်းအလဲ သိပ်များသွားရင် Corruption out မယ်” ဟု ဦးမောင်မောင်စိုးက ပြော သည်။
ဆက်လက်ပြီး ၎င်းက “ ပြောမယ့်သာ ပြောရတာ အလုပ်သမား အတော်ရှားတယ်။ အလုပ်သမားကို ပိုးမွေးသလို မွေးရ တာ။ YCDC ရဲ့ သန့်ရှင်းရေး ဝန်ထမ်းတို့၊ ပန်းဥယျာဉ်ဝန်ထမ်းတို့၊ လမ်းတံတား ဝန်ထမ်းတို့ ဆိုတာ လုပ်မယ်ဆိုမှ လူစုမယ် ဆိုရင် တသက်လုံး မပြီးတော့ဘူး။ အဲဒီတော့ သူ့အတွက် ဘာတာလို နေရာမျိုးမှာ နေရာ သပ်သပ်ထားပြီး၊ အုံနဲ့ ကျင်းနဲ့ ထားပြီးတော့မှ စုပြီး လုပ်ရတာဖြစ်တဲ့ အတွက် YCDC မှာ မရှိပါဘူး” ဟု ပြောသည်။
မကြာသေးမီက မန္တလေးတွင် မြို့တော် စည်ပင် သန့်ရှင်းရေး ဝန်ထမ်း အားလုံးကို လက်ဗွေဖတ်စက် ဖြင့် Fingerprint Scan လုပ်ခဲ့ရာတွင် “လူတူ နာမည်ကွဲ” သန့်ရှင်းရေး ဝန်ထမ်းအတု အယောက် ၆၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့သဖြင့် ပြည်သူ့ဘဏ္ဍာငွေ တစ်နှစ် သိန်း ၇၂၀၀ ခန့် ဆုံးရှုံးနေမှုကို လျော့ချနိုင်ခဲ့ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။
အဆိုပါ ကိစ္စအပေါ် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ စီမံရေးရာဌာနမှူး ဦးမောင်မောင်မြင့်က “မြို့တော်ဝန် ကြီး တာဝန်ယူတဲ့ အစကတည်းက တဖြည်းဖြည်းနဲ့ စိစစ်တာတို့ကို Finger print နဲ့ လုပ်တာ အခုမှ လုပ်တာ မဟုတ်ဘူး။ ၆၀၀ ကျော် ဟုတ်တယ်။ တယောက်ကို အကြမ်းဖျင်း အခြေခံ လစာ ၁ သိန်း ၄သောင်းပေါ့။ တနေ့ ၄၈၀၀ နှုန်းနဲ့ အကြမ်း ဖျင်း တွက်တာပေါ့။ အခုမှချက်ချင်း လက်ငင်းလုပ်တာ မဟုတ်ဘူး။ အစကတည်းက လုပ်တာကို မြို့တော်ဝန်ကြီးက စာရင်းချုပ်ကို ပြောပြတာ။ တခါတည်း စိစစ်ပြီး ၆၀၀ ဖြစ်လာတာလည်း မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။
ဆက်စပ်ဖတ်ရှု့ရန်
စည်ပင်ဝန်ထမ်းများ အဂတိကင်းရန် အရေးကြီး ဟုဆို