ဟောင်ကောင်တွင် လပေါင်းများစွာ ဆန္ဒပြပွဲများဖြစ်ပွားစေသောအငြင်းပွားဖွယ်ရာ ရာဇဝတ်သား လဲလှယ်ရေး ဥပဒေကို ပြန်လည်ရုတ်သိမ်းမည်ဖြစ်ကြောင်း အုပ်ချုပ်ရေးမှူး ကယ်ရီလမ်က ပြောကြား လိုက်သည်။
ပြီးခဲ့သည့် ဧပြီလက စတင် အဆိုပြုခဲ့သော ထိုဥပဒေကြမ်းသာ အတည်ဖြစ်ခဲ့ပါက ရာဇဝတ်သားများ ကို တရုတ်ပြည်မကြီး သို့ ပို့ဆောင်နိုင်မည်ဖြစ်ပြီး၊ ထိုဥပဒေကြမ်းကို ဇွန်လက ဆိုင်းငံ့ခဲ့သော်လည်း ရုပ်သိမ်းကြောင်း ကြေညာခြင်းမရှိခဲ့ပေ။
ထိုဥပဒေကြမ်းကို အပြည့်အ၀ ရုပ်သိမ်းခြင်းသည် ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ တောင်းဆိုနေ သည့် ဆန္ဒပြသူများ တောင်းဆိုသည့် အဓိက တောင်ဆိုချက် ၅ ခုအနက်တခုဖြစ်သည်။
ဆန္ဒပြသူများ အပေါ် ရဲတပ်ဖွဲ့၏ လုပ်ရပ်များကို စုံစမ်းစစ်ဆေးရာတွင် အဆင့်မြင့်အရာရှိ နှစ်ဦး ထပ်မံ ပူးပေါင်းမည် ဖြစ်ကြောင်းလည်း ဗုဒ္ဓဟူးနေ့က ရုပ်သံမှ တိုက်ရိုက်မိန့်ခွန်းပြောကြားရာတွင် အုပ်ချုပ် ရေးမှူး ကယ်ရီလမ်ကပြောသည်။
ဆန္ဒပြသူများအပေါ် ရဲတပ်ဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်သည်ဟူသည့် စွပ်စွဲချက်များကို လွတ်လပ်သော စုံစမ်းစစ်ဆေးရေးမှု ပြုလုပ်ရေးသည်လည်း ဆန္ဒပြသမားများ၏ အခြားတောင်း ဆိုချက်တခုဖြစ်သည်။
ဟောင်ကောင် နိုင်ငံရေးအကျပ်အတည်းကို မီးထိုးခြင်းအတွက် သူ့ကိုယ်သူအပြစ်တင်ပြီး ထိုသို့ အပျက်အစီးများဖြစ်စေ ခြင်းအတွက် သူ့ကိုယ်သူ ခွင့်မလွှတ်နိုင်ကြောင်း ပြောသည့် အသံဖိုင်သည် တနင်္လာနေ့က ပေါက်ကြားလာခဲ့သည်။
ရာဇဝတ်သား လဲလှယ်ရေး ဥပဒေကြမ်းကို ဧပြီလက စတင်ကြေညာပြီးနောက် ဝေဖန်မှုများ အလျှင် အမြန် ဖြစ်ပေါ်လာ ခဲ့သည်။ ထိုဥပဒေသည် ဟောင်ကောင်၏ တရားဥပဒေအရ လွတ်လပ်ခွင့်ကို ထိခိုက်စေကြောင်း ဘေ့ဂျင်းကို ဝေဖန်သူ များအား ခြိမ်းခြောက်နှုတ်ပိတ်ရန် အသုံးပြုနိုင်ကြောင်း ဝေဖန်သူများက ဆိုသည်။
ယခုအခါ ဟောင်ကောင်တွင် ဆန္ဒပြပွဲများ ၁၄ ပတ်မြောက်ပေါ်ပေါက်နေပြီး လွန်ခဲ့သည် ရက်သတ္တ တပတ်ကမူ ရဲတပ်ဖွဲ့နှင့် ဆန္ဒပြသူများအကြား အကြမ်းဖက်မှုအသစ်များ ဖြစ်ပေါ်ခဲ့သည်။
ကယ်ရီလမ်း၏ ပြောစကားများ
ဆန္ဒပြပွဲများကြောင့် ဟောင်ကောင်ပြည်သူများကို တုန်လှုပ်ဝမ်းနည်းစေကြောင်း နှင့် အကြမ်းဖက်မှု သည် ဟောင်ကောင်ကို လွန်စွာအန္တရာယ်များသော အခြေအနေသို့ တွန်းပို့လိုက်ကြောင်း အသံသွင်း ထားသော မိန့်ခွန်းတွင် ကယ်ရီလမ်းပြော သည်။
“အစိုးရကိုဖြစ်စေ လူ့အဖွဲ့အစည်းကိုဖြစ်စေ ပြည်သူတွေအနေနဲ့ မည်သည့်ကျေနပ်မှုရှိစေကာမူ အကြမ်း ဖက်ခြင်းဟာ ပြဿနာတွေကို ဖြေရှင်းရမယ့် နည်းလမ်းမဟုတ်ပါဘူး” ဟုလည်း သူပြောသည်။
“လတ်တလောမှာ အကြမ်းဖက်မှု ရပ်တန့်ပြီး ဥပဒေ စိုးမိုးမှုထိန်းသိမ်းရေးနဲ့ လူ့အဖွဲ့အစည်းရဲ့ စည်း မျဉ်းတွေ ပြန်လည် ချမှတ်ရေးဟာ ထိပ်တန်းဦးစားပေးပဲဖြစ်ပါတယ်။ အကြမ်းဖက်မှုနဲ့ တရားမဝင် ဆောင်ရွက်ချက်တွေကို အစိုးရက ပြတ်ပြတ်သားသားကိုင်တွယ်သွားပါမယ်” ဟုလည်း သူပြောသည်။
ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကယ်ရီလမ်နှင့် အခြားအဆင့်မြင့်အရာရှိများသည် ဟောင်ကောင်မှု လူမှုအသိုင်းအဝန်းများ သို့သွားရောက်လည်ပတ်ပြီး ပြည်သူများ၏ စိုးရိမ်ပူပန်မှုများကို တိုက်ရိုက် တွေ့ဆုံပြောကြားမည်ဟုလည်း သူပြောသည်။
မကြာမီက ဖမ်းဆီးခံခဲ့ရသည့် ထိပ်တန်း ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ဂျိုရှူ့ဝေါင်းက ဥပဒေ ကြမ်းကို ယခုမှ ရုပ်သိမ်းခြင်းသည် လွန်စွာနောက်ကျကြောင်း ကယ်ရီလမ်၏ ကြေညာချက် မထွက်ပေါ်မလာမီတွင် ပြောသည်။
ဆန္ဒပြသူများ၏ တောင်းဆိုချက်များအားလုံးကို ဖြည့်ဆည်းပေးရမည်ဟု သူက တွစ်တာတွင် အကြိမ်ကြိမ်ရေးသားသည်။
“အကျဉ်းချုပ်ပြောရရင် ကယ်ရီလမ်ရဲ့ အခြေအနေကို နားလည်ဖို့အကြိမ်ကြိမ်ပျက်ကွက်ခြင်းကြောင်း ဒီကြေညာချက်ဟာ အခြေအနေနဲ့ကင်းကွာနေတယ်။ သူမအနေနဲ့ ဖိနှိပ်တရားစွဲဆိုမှုများ ရပ်ဆိုင်းရေး၊ ဆန္ဒပြသူများကို ဆူပူသူများဟု ခေါ်ဆို မှု ရပ်ဆိုင်းရေး၊ ရဲတပ်ဖွဲ့ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေးရေးနဲ့ လွတ်လပ်တဲ့ ရွေးကောင်းပွဲစတဲ့ တောင်းဆိုချက် ၅ ချက်လုံးကို လိုက်လျှောရမှာဖြစ်တယ်” ဟု ဂျိုရှူဝေါင်းကရေးသည်။
ဖမ်းဆီးထားသူများကို လွတ်ငြိမ်းခွင့်ပေးရေး၊ ပိုမိုကြီးမားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် ဆန္ဒပြသူများကို အရာရှိများက ဆူပူသူများဟု ခေါ်ဆိုမှု ရပ်ဆိုင်းရေး ကိုလည်း ဆန္ဒပြသူများက တောင်းဆိုကြသည်။
ဟောင်ကောင်ကို ဗြိတိန်က နှစ်ပေါင်း ၁၅၀ ကျော်ကြာအုပ်ချုပ်ပြီးနောက် ၁၉၉၇ ခုနှစ်တွင် တရုတ် နိုင်ငံသို့ ပြန်လည် လွှဲပြောင်းပေးခဲ့သည်။ ဟောင်ကောင်သည် တနိုင်ငံစနစ် နှစ်မျိုးမူဝါဒ အောက်တွင် တစိတ်တပိုင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဖြစ် ဆက်လက်ရှိနေသော်လည်း တရုတ်နိုင်ငံ၏ ပိုမိုကြီးမားသော ထိန်းချုပ်မှုကို စိုးရိမ်နေရသည်။