သတင်း

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်ကြိုးစားမည်ဟု အာဏာရ NLD ပါတီပြော

Want create site? Find Free WordPress Themes and plugins.

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ နိုင်ငံရေး ပါတီအချို့ နုတ်ထွက်သွားခြင်း၊ တပ်မတော်နှင့် ကြံ့ခိုင်ရေး ပါတီတို့မှ ကန့်ကွက်မှုခြင်းများ ရှိနေသော်လည်း ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဟု အာဏာရ NLD ပါတီက ပြောသည်။

အာဏာရ NLD ပါတီ၏ ဗဟို အလုပ်မှုဆောင် အဖွဲ့ဝင် ဦးအောင်ကြည်ညွှန့်က “ဆက်ပြီးတော့ ကြိုးစားမှာပဲ။ ဘာလို့ ကြိုးစားသလဲဆိုရင် တိုင်းပြည်အတွက် ကြိုးစားရမှာပဲ” ဟု ပြောသည်။

ယင်းဖွဲ့စည်းပုံ ပြင်ဆင်ရေးကို လုပ်ဆောင်နေသည်မှာ မည်သူတဦး တယောက် အတွက်မှ ဆောင်ရွက် နေခြင်း မဟုတ်ဘဲ၊ နိုင်ငံအတွက် ၊ ပြည်ထောင်စု အတွက် လုပ်ဆောင်နေခြင်းကို စကားအဖြစ် ပြောနေ ရုံ မဟုတ်ဘဲ စေတနာပါပါဖြင့် ဆောင်ရွက်သွားမည် ဆိုပါက တချိန် တွင် အောင်မြင်မည် ဖြစ်ကြောင်း ဦးအောင်ကြည်ညွှန့်က ဆက်ပြောသည်။

NLD ပါတီက ဦးဆောင် ပြင်ဆင်ရန် ကြိုးစားနေသည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှ ပုဒ်မပေါင်း ၄၅၇ ခုနှင့် ပတ်သက် ၍ ပြင်ဆင်လို သည့် အချက်ပေါင်း ၃၇၀၀ ကျော်ကို နိုင်ငံရေး ပါတီ ၁၄ ခု၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်များ၊ တပ်မတော် သား ကိုယ်စားလှယ် အစု အဖွဲ့တို့မှ လူ ပုဂ္ဂိုလ် ၄၅ ဦး ပါဝင်သည့် ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီက အစီရင်ခံ စာ တရပ်ရေးသားပြုစု၍ ပြည်ထောင်စု လွှတ်တော်သို့ ဇူလိုင် ၁၅ ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။

ဦးအောင်ကြည်ညွှန့်က “မနေ့က ရခိုင် အမျိုးသားပါတီ ၂ ဦး နုတ်ထွက်တယ်။ နည်းလမ်းအရ နုတ် ထွက်တယ်ဆိုရင် ဒီအဖွဲ့က ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်းပေးထားတဲ့ အဖွဲ့ ဖြစ်တဲ့ အတွက် ဒါကို နာယကကို တင်ပြရမှာ ဖြစ်တယ်။ နာယကကို တင်ပြပြီးတဲ့ အခါ နုတ်ထွက်သွားတဲ့ သူတွေ ရှိသလို ၊ပြင်ဆင်ဖွဲ့စည်းမယ်ဆိုရင်တောင် လွှတ်တော်ကို တင်ပြပြီးတော့မှ ပြင်ဆင် ဖွဲ့စည်း ရမှာ” ဟု ပြောသည်။

အဆိုပါ ၄၅ ဦး ကော်မတီ အဖွဲ့ဝင်ဖြစ်သည့် အမျိုးသား ညီညွတ်သော ဒီမိုကရက်တစ်ပါတီ (N.U.D)မှ မအူပင် အမတ် ဦးစိန်ဝင်း နှင့်ရခိုင်အမျိုးသားပါတီ (ANP) မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ နှင့် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်တို့မှာ ပြီးခဲ့သည့် စက်တင်ဘာ ၂ရက်နှင့် ၃ ရက်နေ့တွင် ထိုကော်မတီမှ နုတ်ထွက်သွားခဲ့ခြင်း ဖြစ်သည်။

၄၅ ဦး ကော်မတီဝင်များ ဆွေးနွေးသည့် အခါတွင် နိုင်ငံရေး ပါတီတချို့က တပ်မတော်ကို လုံးဝ ပယ် ဖျက်ရန် ဆွေးနွေးကြောင်း၊ NLD ပါတီ အနေဖြင့် တဆင့်ချင်းသွားရန်သာ ပြောသဖြင့် သဘောထား ချင်း မတိုက်ဆိုင်သည့် အချက်များလည်း ရှိနေကြောင်း၊ မည်သူက မှားသည်၊ မှန်သည်ကို မပြောလို ကြောင်း ဦးအောင်ကြည်ညွှန့်က ဆက်ပြောသည်။

ယင်းနှုတ်ထွက်မှုများမှာ ကော်မတီတွင်း ဆွေးနွေးမှု ပြုလုပ်ရာတွင် မဲခွဲ ဆုံးဖြတ်သည့်အခါ မမျှတမှု အနည်းငယ် ရှိသည့်အတွက် နှုတ်ထွက်ကြခြင်း ဖြစ်ကြောင်း တပ်မတော်သား ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်က ပြောသည်။

ဗိုလ်မှူးချုပ် မောင်မောင်က “ဘယ်လို ထောက်ပြ ဆွေးနွေးသည် ဖြစ်စေ နောက်ဆုံးတော့လည်း ထုံးစံ အတိုင်းပဲ မဲခွဲပြီးတော့ အတည်ပြု သွားတာ ဖြစ်တယ်။ ပြောရမယ်ဆိုရင် ဒီမိုကရေစီ၊ ဒီမိုကရေစီ ဆိုပြီး တော့ ဒီမိုကရေစီက နားလည်ရ ခက်နေတယ်” ဟု ဆက်ပြောသည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး ကလည်း တိုင်းရင်းသား ပါတီများကို ၄၅ ဦး ကော်မတီတွင် ဝင်ရောက်ရန်အတွက် ဖိတ်ခေါ်ခြင်းမှာ ဟန်ပြ သက်သက်သာ ထင်မြင်မိကြောင်း၊ ထို့ကြောင့် လက်မခံနိုင်သည့် တိုင်းရင်းသား ပါတီများက နုတ်ထွက်သွားခြင်းဖြစ်ကြောင်း သုံးသပ်သည်။

၎င်းက “၄၅ ဦးကော်မတီ စဖွဲ့တည်းက ပုံသဏ္ဍန်က မသင့်တော်ဘူးလို့ အန်ကယ်တို့ ဆွေးနွေးတာကို လက်မခံဘဲနဲ့ ဆွေးနွေးချက်တွေ အားလုံးကို ပစ်ပယ်ပြီးတော့ သူတို့ ဆုံးဖြတ်ထားတဲ့ အတိုင်း ဆက်လုပ်သွားတာ ဖြစ်တဲ့အတွက် သူတို့ရဲ့ သဘောထား၊ ကြိုးစားမှု၊ ရည်ရွယ်ချက် အပေါ်မှာ မူတည်ပြီးတော့ ရလဒ် ရလာမှာပဲ” ဟု ဆက်ပြောသည်။

ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် NLD သည် အာဏာရပြီး ၃ နှစ် အကြာ ၌ ဖွဲ့စည်းပုံ ပြင်ဆင်နိုင်ရေး ပူးပေါင်း ကော်မတီ တရပ်ဖွဲ့စည်းရန် ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက ပြည်ထောင်စု လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် တင်သွင်းကာ မဲအသာဖြင့် အတည်ပြုနိုင်ခဲ့သည်။

လက်ရှိ ပြည်ထောင်စု လွှတ်တော်တွင် NLD ပါတီမှ ကိုယ်စားလှယ် ၅၉ ရာခိုင်နှုန်း၊ တိုင်းရင်းသား ပါတီ အသီးသီးမှ ကိုယ်စားလှယ် ၁၁ ရာခိုင်နှုန်း၊ ကြံ့ခိုင်ရေး ပါတီမှ ကိုယ်စားလှယ် ၅ ရာခိုင်နှုန်းနှင့် တပ်မတော်မှ ၂၅ ရာခိုင်နှုန်း အသီးသီး ပါဝင်ပြီး ကိုယ်စားလှယ် စုစုပေါင်း ၆၅၇ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်းကော်မတီမှ ANP ပါတီဝင် ၂ ဦး ထပ်မံ နုတ်ထွက်

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီမှ N.U.D ပါတီ နုတ်ထွက်

၂၀၀၈ ဖွဲ့စည်းပုံကြောင့် NLD အစိုးရ ရပ်တည်နိုင်ခြင်းကို မမေ့ရန် တပ်မတော် သတိပေး

Did you find apk for android? You can find new Free Android Games and apps.
Loading