ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗိုလ်ချုပ်ကြေးရုပ် ပန်းခြံဘေး၌ စစ်ဘေးရှောင်များ အရေးနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများ၊ စစ်ဘေးရှောင်ပြည်သူများ စုပေါင်းကာ ယနေ့ မနက်ပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆန္ဒထုတ်ဖော်ရာတွင် စစ်ဘေးရှောင် ဒေသခံများ၏ ခံစားချက်များ၊ တွေ့ကြုံနေကြရသည့် အခက်အခဲ များကို မြို့ပေါ်ရှိ လူ ထု သိရှိနိုင်စေရန်၊ စစ်ပွဲများအတွင်း တောင်ပေါ်ဒေသခံများသည် မြေစာပင် မဟုတ်ကြောင်း၊ မည်သည့် လက်နက်ကိုင်များ မဆို ငြိမ်းချမ်းရေး အတွက် လက်နက်ဖြင့် အဖြေရှာ နေ၍ မရကြောင်း စသည့် အချက်များကို သိရှိနိုင်စေရန် ဖြစ်သည်ဟု ကချင်လူငယ်များ ကွန်ရက်မှ ဆွတ်ဆိုင်းထွယ် က ပြောသည်။
ဆွတ်ဆိုင်းထွယ်က “စစ်ပွဲတွေက ကချင်ပြည်နယ်မှာ အခုတလော ငြိမ်နေတယ် ဆိုပေမယ့် ရှမ်းပြည် ဘက်မှာ ဖြစ်နေ တယ်။ ပြည်သူတွေဟာ စစ်ရဲ့ ဓားစာခံ မဟုတ်ဘူး။ ဆွေးနွေးပွဲများများ လုပ်နေတယ် ဆိုပေမယ့် ဒေသခံ ပြည်သူတွေမှာ ခါးစည်းခံနေရတုန်းပဲ။ စစ်ပွဲဆိုတာနဲ့ ဘယ်လက်နက်ကိုင် အဖွဲ့ကို မဆို ကျမတို့ တောင်းဆိုနေတာ” ဟု ဆိုသည်။
၎င်းက ဆက်လက်၍ “ငြိမ်းချမ်းရေးကို လက်နက်နဲ့ ဖြေရှင်းနေလို့ မရဘူး။ ငြိမ်းချက်ရေးအတွက် လက်နက်နဲ့ ထိန်းပြီးတော့ ပြောနေကြတာလည်း မဟုတ်ဘူး။ အခုနောက်ပိုင်းဆို လက်နက်နဲ့ ငြိမ်းချမ်းရေး ဆိုပြီး ပြောနေကြတာထက်ကို အကြမ်း ဖက်တဲ့ အဆင့်ထိ ရောက်လာနေကြပြီ” ဟု ပြောဆိုသည်။
အဆိုပါ ဆန္ဒပြမှုတွင် လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့်နှင့် ပတ်သက်၍လည်း တောင်းဆိုခဲ့ကြသည်။
အထူးသဖြင့် စစ်ဘေးရှောင် ဒေသခံများအရေးနှင့် ပတ်သက်၍ ဆန္ဒထုတ်ဖော်တိုင်း တရားစွဲခြင်း၊ ထောင်ချခြင်းများ တွေ့ ကြုံနေကြရသလို တရားစီရင်ရေးတွင်လည်း စစ်ဘေးရှောင်များနှင့် ပတ်သက်လာရင် မှန်ကန်စွာ စီရင်မှုကို မခံစားရသည့် အနေအထားမျိုး တွေ့လာရသည်ဟု ဆွတ်ဆိုင်းထွယ်က ပြောသည်။
စက်တင်ဘာလ ၂ ရက်က ကချင်ပြည်နယ် စစ်ပွဲ ၈ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် လက်ရှိ ခံစားနေ ကြရသည့် ကချင်ပြည် နယ် စစ်ဘေးရှောင်ဒေသခံများ၏ ဘဝတေးသရုပ်ဖော်မှုကြောင့် ထောင်ဒဏ် အပြစ်ပေးခံလိုက်ရသည့် ကိုပေါလုနှင့် မဆိုင်း နူးပန်တို့ ကိစ္စအပေါ် မူတည်ပြီး တရားစီရင်ရေးသည် လွတ်လပ်မှု မရှိကြောင်း၊ တရားစီရင်ရေး၏ အထက်တွင် တခုခုရှိနေ သည်ဟု ယူဆကြောင်းလည်း ဆန္ဒပြလူငယ် တချို့က ပြောဆိုသည်။
ဆန္ဒထုတ်ဖော်ပွဲတွင် “ဒီမိုကရေစီ ကျဆုံးနေပြီလား” ၊ “စစ်ကို မုန်းသည်”၊ “စစ်ဘေးရှောင် IDP များ သည် စစ်၏ သားကောင် မဟုတ်”၊ “လွတ်လပ်သော တရားစီရင်မှု ရရှိရေး” ၊ “စစ်ဘေးရှောင် များ၏ ဘဝ သရုပ်မှန်ကို တေးသရုပ်ဖော်ခြင်း အား ပြစ်ဒဏ်ပေးခြင်း အလိုမရှိ” စသည့် ဆိုင်းဘုတ်များဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
ဆွတ်ဆိုင်းထွယ်က “ဒီလိုမျိုး ဒီမိုကရေစီ အစိုးရတက်လာတဲ့အခါ ဒီလို လွတ်လပ်စွာ ပြောဆိုခွင့် မရှိဘူးဆိုရင် ကျမတို့ အစိုးရ၊ ကျမတို့နိုင်ငံဟာ ဒီမိုကရေစီ နိုင်ငံလို့ ပြောလို့မရဘူး။ ဒီနေ့ ဆန္ဒပြရာ မှာလည်း လွတ်လပ်စွာ ဆန္ဒထုတ်ဖော် ပြော ဆိုခွင့်အတွက် ကိုယ်တိုင် တောင်းဆိုနေကြတာ ဖြစ်တယ်” ဟု ပြောဆိုခဲ့သည်။
ယခု ဆန္ဒပြပွဲသည် တရားဝင် ခွင့်ပြုချက် တောင်းခံပြီး ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်ကြောင်း၊ သို့ရာတွင် ဆန္ဒထုတ်ဖော်မှု အ တွက် ခွင့်ပြုချက်တင်ရာ၌ တင်ပြထားသည့် ဆိုင်းဘုတ်တချို့ မပါဝင်ခဲ့သည့် အတွက် မိမိတို့ကို ဒေသဆိုင်ရာ အာဏာပိုင် များက လာရောက် ပြောဆိုမှုများ ရှိခဲ့သည်ဟု ကချင် လူငယ်အဖွဲ့အစည်းမှ အင်ခွမ်လနူး က ပြောသည်။
အင်ခွမ်လနူးက “အခုဗျာ၊ စစ်ဘေးရှောင်တွေရဲ့ ဘဝသရုပ်ကို တေးသရုပ်ဖော်လို့ ထောင်ချတယ်ဆိုတဲ့ အခါကျတော့ ဒီ ဒေသခံ စစ်ဘေးရှောင်တွေမှာ သူတို့ရဲ့ သတင်း လွတ်လပ်ခွင့်၊ လွတ်လပ်စွာ ထုတ် ဖော်ခွင့်တွေကို မရှိတော့ဘူးလို့ ခံစား လိုက်ကြရတယ်။ လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတဲ့ ဟာတွေ ကို သရုပ်ဖော်ပြတာကို အရေးယူလိုက်တာမို့ သူတို့ အဲဒီလို ခံစားလိုက်ကြရတာ” ဟု ဆိုသည်။
တပ်မတော် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အားလုံး သိစေချင်သည်မှာ စစ်ပွဲဖြစ်လာလျှင် အဆိုပါ ဒေသရှိ ဒေသ ခံများသည်သာ စစ်ပွဲ၏ ဒဏ်ကို ခံစားကြရပြီး မည်သည့် လက်နက်ကိုင် များမဆို စစ်ဘေးရှောင်များ၏ အခွင့်အရေး၊ စစ် ဘေးရှောင်များနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ စံချိန်စံညွှန်းများကို လေးစားလိုက်နာရန်၊ တန်ဖိုးထား အလေးပေးရန် တောင်းဆိုကြောင်းလည်း ၎င်းက ဆက်လက် ပြောသည်။
အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် အင်အား ၃ဝဝ ဝန်းကျင်ခန့်က ပါဝင်ခဲ့ကြပြီး ယနေ့ မနက် ၇ နာရီအချိန်ခန့်မှ စတင်ခဲ့၍ ယနေ့ ညနေပိုင်း အထိ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည္။
You may also like these stories:
ပြည်သူများ ဓားစာခံဖြစ်ခဲ့ရတဲ့ မြောက်ပိုင်း တိုက်ပွဲများ
ငြိမ်းချမ်းရေး လိုချင်ကြောင်း စစ်ရှောင်ပြည်သူများ ပြော
ရှမ်းမြောက် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၃၄၀၀ ကျော် ရှိလာ
တရုတ်ဖိအားကြောင့် ပေါ်လာသည့် ကျိုင်းတုံ ဆွေးနွေးပွဲ “ဟန်ပြ”ဟု မြောက်ပိုင်း ၃ ဖွဲ့ ပြော