မန္တလေးခရိုင်၊ မဟာအောင်မြေမြို့နယ် အတွင်းရှိ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်းဝိုင်း ညဈေးကို လာမည့် အောက်တိုဘာလအတွင်း ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး စခန်း (ကျောက်ဝိုင်း) သည် မဟာအောင်မြေမြို့နယ်၊ ၈၈ လမ်းနှင့် ၈၉ လမ်းကြား၊ ၃၉ လမ်းနှင့် ၄၀ လမ်းကြားတွင် တည်ရှိပြီး မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ၏ စီမံခန့်ခွဲမှုဖြင့် ၂၀၀၁ ခုနှစ်က စတင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ၊ ကော်မတီဝင် ဦးကျော်ဇောအောင် က “ကျောက်စိမ်း ကျောက်မျက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေဖို့နဲ့ တနိုင်တပိုင် လုပ်နေကြတဲ့ အခြေခံ ကျောက်သမားတွေ မနက်ပိုင်း အရောင်းအဝယ် မဖြစ်ခဲ့ရင်တောင် ညနေပိုင်းလေးမှာ အရောင်းအဝယ်လေး ဖြစ်စေဖို့ပေါ့၊ ပြီးတော့ နိုင်ငံခြားသား ဝယ်လက်တွေက ညနေပိုင်းမှာ ကျောက်ဝိုင်းက မရှိတော့ တချို့က အပြင်အိမ်တွေမှာ တရားမဝင် ဝယ်ရောင်း လုပ်နေကြတယ် ဆိုတာကို ကြားနေရတယ်၊ အဲဒီမှာ နိုင်ငံခြားသားတွေကလည်း ညပိုင်းဈေးဖွင့်ဖို့ တောင်းဆိုတာတွေအပြင် ဝိုင်းသူဝိုင်းသားတွေနဲ့ အကျိုးတော်ဆောင်အဖွဲ့ကလည်း အချိန်တိုးမြှင့်ပေးဖို့ တင်ပြထားတာ ရှိတဲ့အတွက် အခုလို ညဈေးဖွင့်ဖို့ ခွင့်ပြုပေးခဲ့တာပါ”ဟု ပြောသည်။
ညဈေးဖွင့်လှစ်ရန် ယခုနှစ် ဇန်နဝါရီလက တင်ပြခဲ့ခြင်းဖြစ်ပြီး သြဂုတ် ၃၀ ရက်နေ့က ခွင့်ပြုမိန့် ကျလာခြင်းဖြစ်သည်။
ယင်းကို ကျောက်စိမ်းဈေးကွက် ဖွံ့ဖြိုးတိုးတက်စေရန်၊ တပိုင်တနိုင် အခြေခံကျောက်သမားများ အဆင်ပြေစေရန်၊ နိုင်ငံခြားသား ဝယ်လက်များ လွယ်ကူစွာ ဝယ်ယူနိုင်ရန်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွက် အခွန်ငွေ ပိုမိုဘရရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဟု သိရသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်း အကျိုးတော်ဆောင် ကော်မတီအတွင်းရေးမှူး ဦးမျိုးမြင့်နိုင် က “ကျောက်သမားအားလုံးလည်း အဆင်ပြေ၊ တိုင်းအစိုးရအတွက်လည်း အခွန်ငွေ ပိုရလာနိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်က အဓိကပါ၊ ကျောက်စိမ်းဈေးကွက်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ တခုလုံးမှာ မဟာအောင်မြေ ကျောက်ဝိုင်းက အကြီးဆုံးပဲလေ၊ အားလုံးအတွက် ကောင်းအောင် လုပ်ဆောင်တာပါပဲ”ဟု ပြောသည်။
၎င်းကဆက်၍ “တိုင်းအစိုးရအဖွဲ့ကို တင်ပြထားတာ ကြာပါပြီ၊ အခုမှ ကျလာတာလေ၊ မြို့တော်ဝန်ကြီးရဲ့ ခွင့်ပြုချက်လည်း ရရှိထားပါပြီ၊ အောက်တိုဘာလထဲမှာစပြီး ဖွင့်နိုင်အောင် လုပ်ဆောင်သွားမှာပါ၊ အချိန် ကတော့ ညနေ ၆ နာရီကနေ ၁၁ နာရီအထိ ခွင့်ပြုပေးမှာဖြစ်ပြီး ဝိုင်းပိတ်ချိန်ကိုတော့ ၁၂ နာရီသတ်မှတ် ထားပါတယ်”ဟု ရှင်းပြသည်။
ခိုးဆိုးလုယက်မှုများနှင့် ကျောက်တု ရောင်းဝယ်မှုများ မရှိစေရန် ညဈေးတွင် အရောင်းအဝယ် ပြုလုပ်လိုသူများ အတွက် ဝင်ထွက်ခွင့် စမတ်ကတ်များ၊ နိုင်ငံခြားသားများကို ဧည့်ကတ်များ ပြုလုပ်ပေးသွားမည်ဟု သိရသည်။
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအနေဖြင့် ထိုနေရာအတွင်း နယ်မြေခံရဲတပ်ဖွဲ့၊ စည်ပင် ရဲတပ်ဖွဲ့၊ ပြင်ပလုံခြုံရေး အင်အား ၂၀ ခန့် ငှားရမ်းခြင်း၊ စည်ပင်သာယာရေးဝန်ထမ်း အင်အား တိုးမြှင့်ပေးခြင်းနှင့်အတူ လျှပ်စစ်မီးတိုင်များ၊ ဝိုင်းအတွင်း မီးများကိုလည်း တိုးချဲ့ပေးသွားမည်ဖြစ်သည်။
ကျောက်ဝိုင်း အတွင်း ညဈေး ဖွင့်လှစ်မည် ဆိုပါက ကျောက်စိမ်းနှင့် ကျောက်မျက်ဈေးကွက် ပြန်လည် ကောင်းမွန်လာနိုင်မည်ဖြစ်ပြီး လက်ရှိဆိုင်ခန်းပိုင်ရှင်များ အနေဖြင့် ဖွင့်လှစ်လိုသူများသာ ဖွင့်လှစ်နိုင်ပြီး မည်သည့်ကန့်သတ်ချက်များ မထားရှိကြောင်း သိရသည်။
ဦးမျိုးမြင့်နိုင် က “ညဈေးဖွင့်လှစ်နိုင်မယ်ဆိုရင် ဈေးကွက် အတန်အသင့် ပြန်ကောင်းလာနိုင်မယ်လို့ မျှော်လင့်တယ်၊ ဈေးကွက်ပြန်ဖြစ်လာမယ်လို့လည်း ယုံကြည်ပါတယ်၊ အဓိက ကျောက်သမားတွေနဲ့အတူ ဝယ်ယူသူတွေ အတွက်ပါ ပိုပြီးတော့ အဆင်ပြေလာမယ်၊ လက်ရှိဈေးကွက် အခြေအနေထက် အများကြီး ပိုကောင်းလာပါလိမ့်မယ်”ဟု သုံးသပ်သည်။
ထိုသို့ ပြုလုပ်ပေးသဖြင့် မနက် ၁ ကြိမ်၊ ည ၁ ကြိမ် အရောင်းအဝယ် ပြုလုပ်နိုင်မည်ဖြစ်ရာ ကျောက်စိမ်း လုပ်ငန်း လုပ်ကိုင်သူများအတွက် အခွင့်အလမ်း ပိုမိုကောင်းမွန်လာနိုင်မည်ဟု ကျောက်သမားများက သုံးသပ်ကြသည်။
မန္တလေးမြို့ခံ ကျောက်စိမ်းရောင်းဝယ်ရေး ပြုလုပ်သူ ကိုဆွေဝင်း က“ကျနော်တို့ ကျောက်စိမ်းဈေးကွက်က တရုတ် အပေါ်မှာပဲ အဓိက မူတည်နေတာဆိုတော့ တရုတ်ဘက်မှာ တခုခုဆိုရင် ကျောက်သမားတွေ အရင်ဆုံး ထိတာ၊ အခုဆိုရင် အရောင်းအဝယ်ပိုင်းက အရင်ကလောက် မကောင်းတာ တော်တော်ကြာနေပြီ၊ အခြေခံ ကျောက်သမားတွေဆို ပိုဆိုးတယ်၊ အခုလို ညဈေးဖွင့်မယ်ဆိုတော့ အရောင်းအဝယ်ပိုင်းက လက်ရှိ အခြေအနေထက် ပိုလာနိုင်မယ်လို့ မျှော်လင့်မိတယ်၊ ကောင်းလည်းကောင်းလာနိုင်ပါတယ်”ဟု ပြောသည်။
မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင် အမြဲတမ်းဆိုင်ခန်း ၁၁၀၀ ကျော်နှင့် ပျံကျ အုတ်ခုံ ၁၇၀ ကျော် ရှိကြောင်း သိရသည်။
မန္တလေးမြို့၌ ကျောက်စိမ်းကျောက်မျက် ညဈေးအဖြစ် ရတနာပုံဈေး ဒုတိယထပ်ရှိ ရတနာမောလ် ကျောက်မျက်ရတနာဈေးတွင် ဖွင့်လှစ်ထားပြီး အဆိုပါဈေးကို နေ့စဉ်နံနက် ၉ မှ ည ၉ နာရီ အထိ ဖွင့်လှစ်ကြောင်း သိရသည်။
You may also like these stories:
ကျောက်မျက်ကျောက်စိမ်း မှောင်ခိုမှုကြောင့် ဘီလျံချီ ဆုံးရှုံးနေ
မူဆယ် ကုန်သွယ်ရေးဇုန်မှ တရုတ်သို့ ကျောက်စိမ်းတင်ပို့မှု နှစ်ဆ တက်လာ